×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 26 October 2018

လူတွေရဲ့ဘဝကိုကူညီရင်း လုပ်ငန်းပေါင်းများစွာကို တည်ထောင်ခဲ့သူ

လူတွေရဲ့ဘဝကိုကူညီရင်း လုပ်ငန်းပေါင်းများစွာကို တည်ထောင်ခဲ့သူ google.com

Virgin Group ရဲ့ CEO ဖြစ်သူ ကိုယ်တိုင်ကြိုးစားပြီး ကုဋေကြွယ်သူဌေးတစ်ဦးဖြစ်လာတဲ့ Richard Branson ရဲ့ Interview တွေက ကောက်နှုတ်ချက် လေးတွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

Richard ဟာ အထက်တန်းကျောင်းသားအရွယ် ၁၆ နှစ်သားကတည်းက ကိုယ်ပိုင်အသေးစားလုပ်ငန်းလေးတစ်ခု ကျောင်းမှာ စလုပ်ဖြစ်ခဲ့တဲ့ Entrepreneur ဖြစ်ပြီး အခုလက်ရှိ CEO အဖြစ်တာဝန်ယူထားတဲ့ Virgion Group ဟာ Virgin Airlines အပါအဝင် Company ပေါင်း ၄၀၀ ကျော်ကို လည်ပတ်နေတာဖြစ်ပါတယ်။ သူဒီလို လုပ်ငန်းတွေကို လည်ပတ်နိုင်အောင် ဘယ်လိုခံယူချက်၊ ကြိုးစားမှုတွေနဲ့ စတင်ခဲ့လဲ။


၁။ ရိုးရိုးရှင်းရှင်းလုပ်ပါ

ကျွန်တော့်မှာ အမေ့လွယ်တဲ့ ရောဂါရှိတယ်ဗျ… တော်ယုံတန်ယုံဆိုမေ့သွားတတ်တယ်။ ဒီတော့ ကျွန်တော်တို့ Company မှာ သုံးတဲ့ အသုံးအနှုန်းတွေကအစ လွယ်လွယ်နဲ့ မှတ်မိလွယ်အောင် လုပ်ထားရတယ်။ အခြားသူတွေလို ရှုပ်ရှုပ်ထွေးထွေး စနစ်တွေ မထားဘူး။ ဒီအချက်လေးကပဲ ကျွန်တော်တို့ကို အများသူငါတွေထက် လွယ်ကူတဲ့စနစ်ကို ကြံဆဖြစ်အောင် တွန်းအားပေးခဲ့တယ်ထင်တာပဲ။


၂။ စမ်းကြည့်စမ်းပါ

လူတော်တော်များများက လုပ်ငန်းတစ်ခုစတင်ရမှာ အရမ်းကြောက်တတ်ကြတယ်။ စမ်းတောင် မစမ်းချင်ကြဘူး။ ကျွန်တော် ဒီလူတွေကို ပြောချင်တာက “ လွဲပါစေကွာ.. လုပ်ကြရအောင် ”… တခါတလေ ဒီလို စမ်းပြီး စတာလေးကပဲ လူတွေရဲ့ဘဝကို ပြောင်းလဲစေခဲ့တာပါပဲ။ ငွေကြေး နည်းနည်းလေးနဲ့လည်း စလို့ရတာတွေ အများကြီးပါ။


တစ်ခါက ကျွန်တော့်အမေ လမ်းပေါ်မှာ ဆွဲကြိုးလေးကောက်ရလို့ ရဲစခန်းကို သွားပေးဖူးတယ်။ ၃လကြာလို့ ပိုင်ရှင်မပေါ်တော့ ရဲတွေက အမေ့ကို ပြန်ပေးလို့ ရောင်းလိုက်တာ ပိုက်ဆံနည်းနည်းရတယ်။ ဒီပိုက်ဆံ နည်းနည်းကပဲ ကျွန်တော်တို့ လုပ်ငန်း စဖြစ်ဖို့အတွက် အဓိက အရင်းအနှီးဖြစ်လာတယ်။


၃။ ခေါင်းဆောင်ကောင်း လုပ်ပါ

စီးပွားရေးတစ်ခုထောင်တိုင်း Company ဆိုတဲ့ အဓိပ္ပာယ်ကို မေ့မသွားပါနဲ့။ Company ဆိုတာ လူအစု အဖွဲ့အစည်းကို ခေါ်ပါတယ်။ တနည်းအားဖြင့် လူတွေပေါင်းစုပြီးလုပ်နေကြတာပါ။ ဒီအတွက် လုပ်ပေးနေတဲ့ လူတွေကို ကူညီဖို့၊ စိတ်ဓာတ်မြှင့်ပေးဖို့၊ သေချာ နားထောင်ဖို့ ခေါင်းဆောင် အရည်အချင်းတွေလိုပါတယ်။


လူတွေက ပန်းတွေလိုပဲ။ ပန်းတွေကို ရေလောင်းပေးရင်ပိုပြီး လန်းဆန်းဖွံ့ထွားလာသလို… လူတွေကို ချီးမွမ်းပြီး ပဲ့ပြင်ပေးနိုင်ရင်လည်း သူတို့တွေ ပိုပြီး ဖွ့ံ့ဖြိုးလာကြလိမ့်မယ်။ ဒီလိုလုပ်တတ်ခြင်းဟာ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ တကယ့်အရေးပါတဲ့ အရည်အချင်းပါပဲ။


၎။ အားမလျှော့လိုက်နဲ့

အောင်မြင်တဲ့ စီးပွားရေးနဲ့ အရှုံးပေါ်နေတဲ့ လုပ်ငန်းကြားမှာ စည်းလေးသေးသေးလေးပဲ ခြားတယ်ဗျ။ အောင်မြင်တဲ့ လုပ်ငန်းတွေက ကုန်ကျစရိတ်ကို ကာမိအောင်ပေးနိုင်ပြီး၊ အရှုံးပေါ်နေတဲ့လုပ်ငန်းတွေကတော့ ဒီအခြေအနေရောက်လာအောင် ကြိုးစားနေရတာပါပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ နှစ်ပေါင်း ၄၀လောက် အောင်မြင်မှု ဘက်ခြမ်းလေးကနေ စည်းမကျော်သွားအောင် ကြိုးစားရင်း ဖြတ်သန်းခဲ့တာပါပဲ။

စီးပွားရေး အစကနဦးစထောင်တဲ့ သူတော်တော်များများ အစမှာတော့ အရှုံးပေါ်နေတဲ့ အခြမ်းမှာပဲ ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ ဆက်လက်ကြိုးစားရင်း ပြင်ဆင်ရင်းနဲ့ ဒီဘက် စည်းခြမ်းလေးကို ရာက်လာတာပေါ့။ ကျွန်တော်ကတော့ ဒီလို ကြိုးစားနေသူတွေကို မရပ်ပါနဲ့၊ အားမလျှော့လိုက်ပါနဲ့ … ဆက်လက်ကြိုးစားပါလို့ ပြောချင်ပါတယ်။


၅။ အလုပ်လွှဲပေးပါ

လုပ်ငန်းလုပ်တာကြာလာပြီဆိုရင် ကိုယ့်ထက်တော်တဲ့ တတ်တဲ့သူကို လွှဲပေးပြီး အခြားလုပ်ငန်းတစ်ခုကို ကိုယ်ကထပ်ပြီး စတင်ဖို့အတွက် လုပ်ရပါမယ်။ Entrepreneur ဆိုတာ မန်နေဂျာမဟုတ်ပါဘူး။ သူတို့က အိုင်ဒီယာအသစ်တွေ တွေးခေါ်ဖို့၊ စတင်ဖို့၊ အကောင်အထည်ဖေါ်ဖို့ အားသန် ကြပါတယ်။ အဲ…. အဲ့ဒီလို လုပ်ပြီးသွားပြီဆိုရင်လည်း ဒီလုပ်ငန်းကို ကိုယ့်ထက်ကျွမ်းကျင်အောင်လုပ်နိုင်သူကို လွှဲပေးပြီး ကိုယ်က ထွက်လာတဲ့အချိန်မှာ နောက်တစ်ခုကို ဆက်သွားရတာပါပဲ။ ဒီလို မဟုတ်ဘဲ လုပ်ငန်းတစ်ခုနဲ့ပဲ အချိန်ကုန်နေရင်တော့ ဆက်လက်ချဲ့ထွင်ဖို့ ခက်ခဲပါလိမ့်မယ်။


၆။ လူတွေကို ကောင်းကောင်းဆက်ဆံပါ

စီးပွားရေးတစ်ခုအောင်မြင်နေနိုင်ဖို့အတွက် လူတွေကို ကောင်းကောင်းဆက်ဆံဖို့လိုပါတယ်။ လူတွေကို ကောင်းကောင်းဆက်ဆံတတ်ရင် ဒီလူတွေက ကိုယ့်ဆီကို တနည်းနည်းနဲ့ ပြန်လာကြပါတယ်။ လူတွေကို သာတူညီမျှ ကောင်းကောင်းဆက်ဆံတတ်ရင် လူတွေရဲ့ ချစ်ခင်မှုနဲ့ ကျေးဇူးတုံ့ပြန်မှုတွေကို ပြန်လည်တွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ Virgin Group ရဲ့ အဓိက အားသာချက်တစ်ခုပါပဲ။


၇။ သမားရိုးကျနည်းတွေကို စိန်ခေါ်ပါ

ကျွန်တော်က အသစ်အသစ်တွေ လေ့လာရတာကြိုက်ပါတယ်… ဒီတော့ ကျွန်တော့်အတွက်တော့ အလုပ်လုပ်နေရတယ်လို့ မထင်ပါဘူး… ဘဝရဲ့ အတွေ့အကြုံအသစ်တွေလို့ပဲ မြင်မိပါတယ်။ အခြားသူတွေ လုပ်နေတာကို ကြည့်ပြီး သူတို့ထက် ကောင်းအောင်၊ ထူးခြားအောင် လုပ်နိုင်တယ်လို့ ကျွန်တော်မြင်ရင် လုပ်လိုက်တာပဲ။ ရှေးရိုး အယူအဆတွေကို လက်ကိုင်မထားဘဲ ဈေးကွက်ကို နည်းနည်း ကိုင်လှုပ်ပစ်လိုက်တဲ့သဘောပါ။


၈။ လူတွေက အမြဲတမ်း စိုးရိမ်ကြမှာပဲ

ကျွန်တော်တို့ Virgin လေကြောင်လိုင်း စထောင်တုန်းက Marketing survey နဲ့ လေ့လာမှုတွေအရ လူတွေက ဒီနာမည်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒီနာမည်ကို လူတွေက နှစ်သက်မှာမဟုတ်ဘူးပေါ့… နောက်တစ်ချက်ကတော့ ကျွန်တော်တို့ လေကြောင်းလိုင်းကို စီးမယ့်သူအရေအတွက်က ၇ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ဘာမှ ဆက်မပြောတော့ဘဲ လုပ်မယ်ကွာဆိုပြီး အခုထိလုပ်လာခဲ့တာပါပဲ။


လူတွေရဲ့ သဘောက အမြဲတမ်း စိုးရိမ်တတ်ကြပါတယ်။ တစ်ခုခုအသစ်အဆန်းလုပ်မယ်ဆိုတိုင်း ဘယ်ဟာ မှားနိုင်တယ်၊ ဘယ်ဟာ အလုပ်မဖြစ်ဘူးဆိုပြီး အမြဲပြောတတ်ကြပါတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာကို လက်တွေ့ အကောင်အထည်ဖေါ်ပြပြီး ဒီလူတွေမှားတယ်ဆိုတာ သက်သေ ပြလိုက်ယုံပါပဲ။


၉။ လူတွေကို ကူညီဖို့အတွက် အလုပ်လုပ်ပါ

လုပ်ငန်းတိုင်းဟာ လူတွေကို ကူညီဖို့အတွက်ပါ။ လုပ်ငန်းတစ်ခုစမယ်ဆိုရင် စာရွက်အလွတ်တစ်ခုပေါ်မှာ ပန်းချီဆွဲသလိုပဲ… ကိုယ်ဖြစ်ချင်တဲ့ ပေါ်ပေါက်ချင်တဲ့ အရာမှန်သမျှကို စိတ်ကူးထဲကအတိုင်း ချဆွဲတတ်ဖို့ပါ။ ကိုယ့်စိတ်ကူးက မရှင်းလင်းဘူး၊ မတိကျဘူးဆိုရင် ဒီပန်းချီက အနုစိတ်လှပမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ့်ရဲ့လုပ်ငန်းဟာလည်း မတိကျတဲ့အတွက် အောင်မြင်လာမှာမဟုတ်ပါဘူး။


ဒီတော့ အလုပ်လုပ်ရင် ကိုယ့်စိတ်ကူးကို ၁၀၀ ရာခိုင်နှုန်းယုံပြီး အလုပ်လုပ်ပါ။ တကယ့် အနှစ်ချုပ်ကတော့ ဘယ်လုပ်ငန်းပဲလုပ်လုပ် လူတွေရဲ့ဘဝကို အားဖြည့်ကူညီပေးမယ့် အလုပ်တခုဖြစ်ဖို့ပါပဲ။


၁၀။ သူမတူအောင် လုပ်ပါ

Richard ရဲ့ဘဝကိုပြန်ကြည့်မယ်ဆိုရင် သူတကာထက်ထူးခြားတဲ့ လုပ်ငန်းတွေနဲ့ လုပ်ဆောင်မှုတွေ မြင်နိုင်ပါတယ်။ လူတွေရဲ့ဘဝကို ကူညီရင်း လုပ်ငန်းပေါင်း ၄၀၀ ကျော်ကို ဦးစီးထူထောင်ခဲ့ပါတယ်။ နောက်ဆုံး ကောက်နှုတ်ချက်အနေနဲ့ သာမန်လူတွေထက် ထူးခြားအောင်၊ သူမတူအောင်၊ တွေးခေါ်တတ်၊ ကြိုးစားတတ်၊ အကောင်အထည်ဖေါ်တတ်လာရင် Richard လိုအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

 

Recommended for you - ကိုယ့်ကိုယ်ကို ယုံကြည်မှု

 

Credit; Evan

Read times Last modified on Wednesday, 29 January 2020 13:28
Rate this articles
(1 Vote)