×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 23 November 2018

တွေဝေမှုတွေကို ဘယ်လို ကျော်လွှားကြမလဲ

ဆုံးဖြတ်ချက်မပြတ်သားတာမျိုးဟာ ကိစ္စသေးသေးလေးတွေမှာ ပြဿနာမရှိပေမဲ့ ကြီးကြီးမားမားဆုံးဖြတ်စရာတွေ ရှိလာတဲ့အခါ တွေဝေနေဖို့ဆိုတာ မဖြစ်သင့်ဘူးလေ။

စာဖတ်သူတို့ရော တွေဝေတတ်လား။ ဒါမှမဟုတ် တွေဝေတတ်တဲ့ သူငယ်ချင်းတွေရှိလား…သူတို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကို သတိထားမိကြလား။ စာရေးသူမှာ အဲ့လို သူငယ်ချင်းတစ်ယာက်ရှိတယ်။

သူမက အရမ်းအနေအထိုင် အေးတယ်။ စကားလည်း ရင်းနှီးတဲ့လူလောက်ကလွဲလို့ ဟက်ဟက်ပက်ပက် ပြောလေ့ သိပ်မရှိဘူး။ သူရဲ့ အဓိက ပြဿနာကတော့ တွေဝေတာပါပဲ။ တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင် တွေဝေနေလေ့ရှိတယ်။

လမ်းခရီးတစ်ခုက သိပ်မနီးလွန်း၊ မဝေးလွန်းရင် သူ့မှာစပြီး တက္ကစီငှားမလား၊ မငှားရမလား တွေဝေသွားပြီ။ သွားစရာနေရာတွေ များလာပြီဆိုရင် ဟိုသွားရမလား၊ ဒီသွားရမလား စဉ်းစားပြီ။

ဆုံးဖြတ်ပြီးပြီဆိုရင်လည်း လွှတ်လိုက်ရတဲ့ တစ်ခုအတွက် သူစိတ်မအေးရပြန်ဘူး။ ဒီလိုတွေဝေတာ၊ ဆုံးဖြတ်ချက်မပြတ်သားတာမျိုးဟာ ကိစ္စသေးသေးလေးတွေမှာ ပြဿနာမရှိပေမဲ့ ကြီးကြီးမားမားဆုံးဖြတ်စရာတွေ ရှိလာတဲ့အခါ တွေဝေနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တွေဝေမှုလေးတွေ လျော့ကျအောင် ဒီလို အကြံပေးချင်ပါတယ်။

၁။ သေးသေးလေးက စလေ့ကျင့်ပါ။

ကိုယ့်ကိုယ်ကို မတွေဝေအောင် ကြိုးစားတော့မယ်ဆိုရင် ကိစ္စသေးသေးလေးတွေကနေစပြီး လေ့ကျင့်ဖို့လိုပါတယ်။ အသေးအမွှားလေးတွေကို မြန်မြန်ဆန်ဆန်နဲ့ စိတ်ပိုင်းဖြတ်နိုင်အောင် ကြိုးစားပါ။

အရမ်းကြီးတွေဝေနေဖို့ မလိုတဲ့ဟာတွေကို အချိန်အရမ်းမပေးဘဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး အကောင်အထည်ဖော်လိုက်ပါ။ ပြီးရင် ထပ်တွေဝေနေဖို့ အချိန်မပေးဘဲ သူ့ထက် အရေးကြီးတဲ့ အလုပ်ကို ပြောင်းလုပ်ပါ။ ထပ်ခါထပ်ခါ စဉ်းစားလေ ပိုတွေဝေဖို့ အားပေးနေသလို ဖြစ်နေပါလိမ့်မယ်။ ဆိုတော့ ဆုံးဖြတ်ပြီးတာနဲ့ အာရုံပြောင်းပါ။

၂။ အချိန်ပေးပါ။

ကိစ္စကြီးကြီးမားမားတစ်ခုကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်တော့ အချိန်ပေးပါ။ ခေါင်းအေးအေးထားစဉ်းစားပါ။ ဖြစ်နိုင်ချေတွေ အများကြီး ထဲကမှ အသင့်တော်ဆုံးတွေကို စုပါ။ ဒါမှမဟုတ် ချရေးပါ။ အကိုက်ညီဆုံး အဖြေတွေစုပြီးပြီဆိုရင် ထိုအဖြေတွေ၊ ဆုံးဖြတ်ချက်တွေထဲကနေပဲ စဉ်းစားနိုင်အောင် ကြိုးစားပါ။ ကိုယ့်စိတ်ကို တွေဝေမခံပါနဲ့။ အတတ်နိုင်ဆုံး အချိန်ပေးပြီး စဉ်းစားထားတာတွေ ဖြစ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝထားနိုင်အောင် ကြိုးစားပါ။

၃။ အကြံဉာဏ်တောင်းပါ။

ကိုယ့်ထက် အတွေ့အကြုံကြီးသူ၊ အမြော်အမြင်ကြီးသူ၊ ဗဟုသုတရှိသူတွေဆီမှာ အကြံဉာဏ်တောင်းခြင်းဟာလည်း သင် တို့ရဲ့တွေဝေမှုတွေ အတွက် အကောင်းဆုံးအဖြေ တစ်ခု ဖြစ်ပါတယ်။

အလုပ်ခွင်မှာပဲ ဖြစ်ဖြစ်၊ နေ့စဉ် လူနေမှုဘဝမှာပဲဖြစ်ဖြစ် ပြဿနာတွေကို ချဉ်းကပ်တဲ့အခါ အကြံဉာဏ်တွေ တောင်းယူ ကိုင်တွယ် ဖြေရှင်း တာဟာ အလွယ်ကူဆုံး၊ အမြန်ဆန်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

သူတို့ရဲ့ အကြံတွေ စဉ်းစားပုံတွေဟာ ပြဿနာကို ကိုယ့်ထက်ပိုဝေးဝေးမြင်နိုင်တာကြောင့် တစ်ခါတလေ ပိုမို ထူးခြားတဲ့ အကြံဉာဏ်တွေပါ ရရှိနိုင်ပါတယ်နော်။

၎။ အကျိုးအမြတ်တွက်ပါ။

အလုပ်တစ်ခုလုပ်တော့မယ်ဆို အကျိုးအမြတ်တွက်ဖူးလား။ စာရေးသူကတော့ အမြဲတွက်လေ့ရှိတယ်။ တစ်နေရာရာသွားမယ်ဆို အဲ့နေရာသွားလို့ ကိုယ့်အတွက် ဘာတွေရလာနိုင်လဲ။

သွားတဲ့အချိန်ဘယ်လောက်ကြာမှာလဲ။ သင်ယူစရာတွေ ဘာတွေရှိလဲ … အဲ့လိုမျိုးမေးခွန်းတွေထုတ်ပြီး တွက်လိုက်တယ်။ ရင်းနှီးမှုက… ရမှာထက် များနေရင် အဲ့အလုပ်ကို လက်လွှတ်ဖို့ ဝန်မလေးတော့ဘူး။

အဲ့တော့ ဆုံးဖြတ်ချက်တွေ တွေဝေလာပြီဆိုရင် နှိုင်းယဉ်ပြီး အကျိုးအမြတ်တွက်ကြည့်။ အားသာချက် အားနည်းချက်တွေရှာကြည့်။ ဒါဆိုရင် တွေဝေမှုကို ရှောင်နိုင်သွားတာပေါ့။

အသင့်တော်ဆုံးတွေကို စုပါ။ ဒါမှမဟုတ် ချရေးပါ။ အကိုက်ညီဆုံး အဖြေတွေစုပြီးပြီဆိုရင် ထိုအဖြေတွေ၊ ဆုံးဖြတ်ချက်တွေထဲကနေပဲ စဉ်းစားနိုင်အောင် ကြိုးစားပါ။ ကိုယ့်စိတ်ကို တွေဝေမခံပါနဲ့။ အတတ်နိုင်ဆုံး အချိန်ပေးပြီး စဉ်းစားထားတာတွေ ဖြစ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝထားနိုင်အောင် ကြိုးစားပါ။

၅။ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချပါ။

ဆုံးဖြတ်ချက်တော့ ပြတ်သားပါ။ ခေါင်းတော့မမာပါနဲ့။ တွေဝေမှုတွေကို ဖယ်ရှားချင်တဲ့အခါ ဆုံးဖြတ်ချက်ပြတ်သားဖို့က အဓိကပဲလေနော်။ ဆုံးဖြတ်ချက်တွေကို ခိုင်မာအောင်ချပြီး အတတ်နိုင်ဆုံး ဆုံးဖြတ်ထားတဲ့အတိုင်း ကြိုးစားပါ။ ဒီလိုလုပ်မယ်။

မရရင် နောက်တစ်နည်းဆိုပြီး အရံထားသင့်တဲ့ ကိစ္စဆိုထားပါ။ အရံထားတာဟာ တွေဝေဖို့မဟုတ်ပါဘူး။ တစ်နည်းမရမှ နောက်တစ်နည်းပါ။ ခေါင်းတော့မမာပါနဲ့။ တစ်ချို့က ဆုံးဖြတ်ချက်ချပြီးရင် မပြင်တတ်ဘူးဆိုပြီး မှားမှန်းသိလည်း ဆက်တိုးနေတတ်ကြတယ်။ မှားမှန်းသိရက်နဲ့ ဆက်တိုးတာကျတော့ မိုက်ရူးရဲဆန်တာ ဖြစ်သွားလိမ့်မယ်။

Myat Lay (For Her Myanmar)

Read times Last modified on Wednesday, 29 January 2020 15:37
Rate this articles
(0 votes)