×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 17 December 2018

လုပ်ငန်းခွင်မှာ ဘာတွေလိုမလဲ

လုပ်ငန်းခွင်ဝင်တဲ့သူတိုင်း ဒီလို အချက်လေးတွေ သိထားဖို့တော့လိုမယ်နော်...။

ကုလသမဂ္ဂအဖွဲ့အစည်း United Nations၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ NGOs (INGOs/LNGOs) တွေမှာ အလုပ်လုပ်သည်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေ Business/Private Sector တွေမှာ ဝန်ထမ်းအဖြစ်နဲ့ သို့မဟုတ် လုပ်ငန်းရှင်တွေအဖြစ်နဲ့ အလုပ်လုပ်နေသည်ဖြစ်စေ၊ အစိုးရ ဝန်ကြီးဌာန Public Sector တွေရဲ့ ရာထူအဆင့်ဆင့်မှာ နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအဖြစ်နဲ့ အလုပ်လုပ်သည်ဖြစ်စေ ဘယ်နေရာမှာလုပ်လုပ် အောက်ပါအခြေခံချက်တွေကတော့ လိုအပ်နေမှာဖြစ်ပါတယ်။

စိတ်ကောင်းထားခြင်း

“စိတ်ကောင်းရှိဖို့ ပထမ” ဆိုတဲ့ ဒီဆောင်ပုဒ်လေးကို မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက်မှာ တွေ့မြင်ရတယ်။ မူလမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး က ချမှတ်ခဲ့သော ကျောင်းတိုက်မှာ သတင်းသုံးကြသော ကိုယ်တော်တွေလိုက်နာရမယ့် စည်းကမ်းတွေထဲမှ ပထမဆုံးတစ်ခု။

ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာရှိတဲ့ ကိုယ်တော်တွေကို မှာကြားတာက စာတတ်ဖို့ထက် စိတ်ကောင်းရှိဖို့က ပထမဦးစားပေးတဲ့။

ကျွန်မ ဒီအချက်လေးကို အရမ်းသဘောကျတယ်။ ရဟန်းသံဃာတွေသာမက ကျွန်မတို့လူပုဂ္ဂိုလ်တွေပါ လိုက်နာကျင့် သုံးအပ် သော အခြေခံကျင့်ဝတ်တစ်ခုပါ။

ဘယ်အလုပ်မှာလုပ်လုပ် ကိုယ့်ရဲ့ ဂျူနီယာတွေကို သူတို့ လိုအပ်တဲ့အကူအညီတွေကို တတ်နိုင်သလောက်ပေး၊ လုပ်ငန်းသဘော သဘာဝကို ရှင်းပြကူညီလမ်းပြပေးခြင်း၊ ကိုယ့်ထက် ဝါကြီးသူတွေကို လေးစားခြင်း၊ အပေါ်ဖားအောက်ဖိခြင်းမျိုး မလုပ်ခြင်းမျိုးဖြစ်တယ်။

သူများ အခက်အခဲကြုံနေချိန် အကူအညီပေးတဲ့ စိတ်ထားက ချစ်စရာကောင်းတဲ့အပြုအမူပါ။ “စိတ်ထားကောင်းရင် ကံကောင်း တယ်” ဆိုတာ ဘယ်အချိန်မျိုးမှာဖြစ်စေ၊ ဘယ်နေရာမှာဖြစ်စေအမှန်တရားဖြစ်ပြီး ကောင်းကျိုးပေးတာကတော့ အသေအချာပါ။

Intelligence Quotientလို့ဆိုတဲ့ ဥာဏ်ရည်ဥာဏ်သွေး မြင့်ရင်လုပ်ငန်းခွင်မှာ သာသွားသလို Emotional Quotient ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေသဘောထား မနိမ့်ဖို့လည်းအရေးကြီးပါတယ်။

အလုပ်ကိုချစ်မြတ်နိုးခြင်း

ကျွန်မတို့ စား ဝတ် နေရေးအတွက် အလုပ် လုပ်နေကြရတယ်။ ဘယ်လိုဘဲဖြစ်စေ ကိုယ့်ဘဝဆက်ရှင်သန်ဖို့ ကျွန်မတို့တွေ အလုပ်တစ်ခုခုကို ကျန်းမာနေသရွေ့ လုပ်နေကြရဦးမှာ။

ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ချစ်မြတ်နိုးစိတ်လေးရှိဖို့တော့ လိုအပ်ပါတယ်။ တာဝန်အရ၊ ပိုက်ဆံအရ လုပ်နေတာထက်ပိုပြီး ကိုယ့်အလုပ်ပေါ်မှာ မြတ်နိုးစိတ်နှစ်ပြီး အလုပ်လုပ်မယ်ဆို ကျွန်မတို့ရဲ့ ပရော်ဖက်ရှင်နယ်လမ်းကြောင်းမှာ တိုးတက်မှုရှိမှာ အသေအချာပါ။

အလုပ်ကျွမ်းကျင်မှုရှိခြင်း

အလုပ်ကျွမ်းကျင်မှုဟာ ပြိုင်ဆိုင်မှုများတဲ့ အခုခေတ်ကြီးမှာ အရေးကြီးဆုံးပါ။ ကိုယ့်အလုပ်မှာ ကျွမ်းကျင်နေအောင် ကိုယ့်ဘက်က ပြင်ဆင်မှု၊ ကြိုးစားအားထုတ်မှုတွေက အမြဲလိုအပ်နေမှာ။

တချို့လုပ်ငန်းခွင်တွေမှာ လုပ်ငန်းသဘောအရ ကျွမ်းကျင်မှု အဆင့်တစ်ခုရောက်နေသူတွေကိုသာ ရွေးချယ်တတ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့အရည်အသွေးတွေ တိုးတက်နေအောင်အမြဲ ကြိုးစားနေရမှာက ကိုယ်ကိုယ်တိုင်ရဲ့ တာဝန်ပါ။

လေ့လာသင်ယူလိုစိတ်ရှိခြင်း
ဘယ်လိုရာထူးအဆင့်မှာ အလုပ်လုပ်နေသည်ဖြစ်စေ၊ ဘယ်အသက်အရွယ်အပိုင်းအခြား ရောက်နေသည်ဖြစ်စေ၊ ကိုယ့်ရဲ့လေ့လာ သင်ယူလို စိတ်ကို အမြဲနှိုးဆွထားရပါမယ်။

သင်ယူမှုတွေ ရပ်ဆိုင်းသွားချိန်ဟာ တိုးတက်မှုတွေ ရပ်တန့်သွားချိန်ပါ။ သင်ယူလိုစိတ်ရှိဖို့ အရေးကြီးဆုံးက ပွင့်လင်းမှု၊ ရိုးသားမှု၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုတို့ပဲဖြစ်ပါတယ်။

“ငါသိ၊ ငါတတ်"ဆိုတဲ့ စိတ်ထားမျိုးနဲ့လက်မထောင်နေမယ်ဆိုရင် သင်ယူလိုစိတ်ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ လောကကြီးမှာ အရာခပ်သိမ်းကို ကိုယ်တစ်ယောက်တည်း အကုန်မသိနိုင်ပါဘူး။

Source: Myanmar Network

Read times Last modified on Thursday, 30 January 2020 14:15
Rate this articles
(1 Vote)