×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 27 December 2018

အားလပ်ရက်ခရီးမှာ ဖြတ်မရတဲ့အလုပ်တွေကို ဘယ်လိုကိုင်တွယ်မလဲ

ရုံးပိတ်ရက်တွေက ကြိုကြားကြိုကြား ဖြစ်နေတော့ ခွင့်ယူပြီး ခရီးထွက်သူတွေ ရှိမယ်ထင်ပါတယ်။ ခရီးထွက်ခြင်းဟာ စိတ်ရောကိုယ်ပါ လန်းဆန်းစေတာမို့ ခရီးထွက်ခြင်းဟာ ကောင်းကျိုးတွေလည်း များပါတယ်။

အလုပ်တွေနဲ့ နစ်မွန်းရာကနေ ပတ်ဝန်းကျင်အသစ်ကို သွားတဲ့အခါ တီထွင်ဖန်တီးမှုတွေ အားကောင်းလာပြီး အာရုံစူးစိုက်မှုကောင်းလာတဲ့အတွက် အလုပ်မှာ ပိုအောင်မြင်လာမှာပါ။

ကိုယ့်အလုပ်မှာ အရေးပါတဲ့လူဆိုရင်တော့ အလုပ်တွေပစ်၊ လူတွေနဲ့ အဆက်သွယ်ဖြတ်ပြီး ခရီးထွက်ဖို့က မလွယ်ပါဘူး။ အလုပ်တွေ မပြတ်တဲ့ကြားက ခရီးထွက်ချင်တယ်ဆိုရင်တော့ ခရီးစဉ်တလျောက်ပျော်ရွှင်မှု မပျက်စေဘဲ အလုပ်တွေကို အဝေးကနေ ကိုင်တွယ်နိုင်မယ့် အကြံတချို့ကို ပြောပြပါရစေ။

ဆက်သွယ်ရမယ့်စာရင်းကိုပြင်ထားပါ

အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ၊ အထက်အရာရှိ၊ client တို့အပြင် ကိုယ့်အလုပ်ထဲက လူတွေရဲ့ ဖုန်းနံပါတ်၊ အီးမေးလ်တွေကို စာရင်းတစ်ခုနဲ့ ထုတ်ထားလိုက်ပါ။ ကိုယ်မရှိချိန် လုပ်ငန်းခွင်ထဲမှာ ကိစ္စပေါ်လာရင် ဖြေရှင်းပေးနိုင် မယ့်လူကိုလည်း တစ်ခါတည်း လွှဲစရာရှိတာလွှဲပြီး မှာထားနိုင်ပါတယ်။

ကိစ္စအကြောင်းအရာအလိုက် လူတွေကို စာရင်းလုပ်ထားပြီး အဲ့ဒီစာရင်းအတိုင်း ဖြေရှင်းနိုင်ပါတယ်။ ပြီးတော့ အလုပ်မှာကျန်ခဲ့မယ့် လူတွေအနေနဲ့ ကိုယ့်ကို ဆက်သွယ်လာမယ်ဆိုရင်လည်း အရင်ဆုံး မက်ဆေ့/အီးမေးလ်ပို့ဖို့မှာပါ။ အရမ်းအရေးကြီးတော့မှ ဖုန်းဆက်သင့်ပါတယ်။

အီးမေးလ်နဲ့သတိပေးခြင်း

ခရီးမထွက်ခင်တည်းက ခရီးသွားမယ့်အကြောင်း ရက်ဘယ်လောက်ကြာမှ ပြန်ရောက်မယ်ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေသိအောင် အီးမေးလ်ပို့ထားပါ။ ကိုယ်က မပြောမိဘဲထားရင် သူတို့ဆီက ရောက်လာတဲ့ဖုန်းတွေကြောင့် ခရီးမှာ အနှောင့်အယှက်ဖြစ်ရနိုင်တယ်လေ။ အထက်လူကြီးနဲ့ သူဌေးက ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို နားလည်တာမို့ အားလပ်ချိန်ကိုလည်း နားလည်ပေးနိုင်ကြပါတယ်။ ကိုယ့်ဘက်က ကြိုတင် အသိပေးဖို့သာ မမေ့ပါနဲ့။

အလုပ်လုပ်ရမယ့်အချိန်ဇယား

ဒါကတော့ အရေးအကြီးဆုံးအပိုင်းပါပဲ။ အလုပ်ထဲမှာ ကိစ္စတစ်ခုခုဖြစ်လာတိုင်း ကိုယ့်ဆီဖုန်းဆက်၊ အီးမေးလ်ပို့နေလို့ မဖြစ်ပါဘူး။ ခရီး ထွက်နေချိန် အလုပ်လုပ်မယ်ဆိုရင်တော့ မနက်အစောပိုင်းနဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေကို အလုပ်လုပ်ချိန်အဖြစ် သတ်မှတ်နိုင်ပါတယ်။ မနက်စာစားပြီးချိန်နဲ့ ထမင်းမစားမီအချိန်ကြား အီးမေးလ်စစ်ပြီး အလုပ်ကိစ္စတွေကို စုံစမ်းတာမျိုး လုပ်နိုင်ပါတယ်။

အပေါ်မှာ ပြောပြခဲ့တဲ့ အချက်တွေအပြင် ကိုယ့်ဘက်က နောက်ထပ် ပြင်ဆင်စရာတွေလည်း ရှိပါတယ်။ အင်တာနက်ခေတ်ကြီးထဲမှာဆိုတော့ တစ်ခုခုဆိုရင် အီးမေးလ်နဲ့ ဆက်သွယ်လို့ရပါတယ်။

ခရီးမသွားမီတည်းက တည်းမယ့်နေရာရဲ့ အင်တာနက်လိုင်း၊ ဖုန်းလိုင်း အခြေအနေကို စုံစမ်းထားသင့်ပါတယ်။

အားသွင်းကြိုးတွေနဲ့ power bank ကိုလည်း မမေ့မလျော့ယူသွားပါဦး။ ကွန်ပျူတာကို သုံးလို့မရတဲ့အချိန်မှာတောင် power bank အားကိုးနဲ့ ဖုန်းကတစ်ဆင့် အလုပ်ကို လှမ်းပြီးစုံစမ်းတာတွေ လုပ်နိုင်မှာဖြစ်ပါတယ်။

source: jobnet

Read times Last modified on Thursday, 30 January 2020 14:20
Rate this articles
(1 Vote)