×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 28 December 2018

“အမှတ်” က တကယ်အရေးကြီးသလား???

တစ်ချို့မိဘတွေက ကိုယ့်သားသမီးကို စာတော်စေချင်ဇော၊ ပညာတတ်ကြီး ဖြစ်စေချင်ဇောနဲ့ ဖိအားတွေ ပေးလိုက်ကြတဲ့အခါ သားသမီးတွေ အနေနဲ့ သဘောတရားတွေအပေါ် နားလည်နိုင် မှုမဟုတ်တော့ဘဲ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ ဖြစ်လာပါတယ်။

ဒါအထက်တန်းကျောင်းမှာတင် မဟုတ်ပါဘူး တက္ကသိုလ်မှာပါ အနည်းနဲ့အများ ဖြစ်နေတာပါ။ ဒီနေရာမှာ မေးခွန်းတစ်ခုမေးစရာရှိတာက “အမှတ်” ဆိုတာက တကယ်ပဲ အရေးကြီးသလား??? အမှတ်ကောင်းတာနဲ့ တကယ်ပညာတတ်ကြီး ဖြစ်သွားသလား။

ဘယ်လိုလဲ အရေးမကြီးပါဘူး ပြောမယ် ထင်နေတယ်မလား

စိတ်တော့မကောင်းပါဘူး။ အမှတ်တွေက တကယ်အရေးကြီးပါတယ်။ အထက်တန်းကျောင်းမှာပဲဖြစ်ဖြစ် တက္ကသိုလ်မှာပဲ ဖြစ်ဖြစ်ပေါ့။

ဘာလို့လဲဆိုတော့ အမှတ်ကောင်းကောင်းရရင် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကောင်းကောင်း တက်လို့ ရမယ် အခွင့်အရေးတွေ ပိုများတယ်လေ။

ပြီးတော့ အလုပ်ကောင်းကောင်း ရနိုင်တယ် တကယ်လို့များ ကိုယ်က Master ဆက်တက်ချင်တယ် ဒါမှမဟုတ် နိုင်ငံခြားမှာ ကျောင်း ဆက်တက်ချင်တာတို့ ဘာတို့ဆို အမှတ်တွေက စကားအများကြီးပြောပါတယ်။ ဒါတွေက အမှတ်ကောင်းကောင်းရင်လေ ကောင်းလေပဲကိုး။

ဒါပေမယ့် တစ်ခုရှိတာက ပညာကို အမှတ်နဲ့ အဆုံးအဖြတ်မပေးလိုက်မိဖို့ပါပဲ။ အမှတ်ကောင်းတာနဲ့ ပညာတတ် ဖြစ်သွားသလား ဆိုတဲ့ ဒုတိယ မေးခွန်းအတွက်ကတော့ အဖြေက No ပါ။

အမှတ်ကောင်းတိုင်း ပညာတတ်ကြီးဖြစ်မယ်ဆိုရင် ပညာတတ်တွေ ရိုက်သတ်လို့တောင် ကုန်မယ်မထင်ဘူး ကမ္ဘာကြီးလည်း တော်တော်ကို ပြောင်းလဲနေလောက်တယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ ပညာနဲ့ အရည်အချင်းကိုတော့ အမှတ်က ဘယ်လိုမှအဆုံးအဖြတ်မပေးနိုင်ပါဘူး။ အမှတ်တွေဆိုတာက ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခု သာသာပါပဲ တိုင်းရမယ့် ပေတံတစ်ခုမဟုတ်ပါဘူး။

အမှတ်ကောင်းကောင်းရရင် သိပ်ကိုကောင်းတာပေါ့ ဒါပေမယ့် ကိုယ်တကယ်နားလည်တာ သေချာရဲ့လား ဆန်းစစ်ကြည့်စေချင်ပါတယ်။

ဥပမာ အမှတ်တွေကောင်းပါရဲ့ တကယ်တမ်းလည်း ဘာမှနားမလည်ဘူး ဆိုရင်၊ ကျက်ပြီးဖြေလိုက်တာပဲကွာ ဘာတွေမှန်းလည်း မသိဘူးသာ ဆိုရင် ကိုယ်အမှတ်ကောင်းတာက တကယ်ပဲ အကျိုးရှိလို့လား အင်းပေါ့ တစ်ချို့နေရာမှာ အကျိုးရှိရင် ရှိမှာပေါ့လေ ဒါပေမယ့် အရည်အချင်း၊ နားလည်မှုနဲ့ ပက်သက်လာရင်တော့ ကိုယ်တိုးတက်မလာတာ သေချာတယ်လေ။ စာမေးပွဲတွေဆိုတာက ကိုယ်သင်ယူထားတဲ့အပေါ် ဘယ်လောက်နားလည်မှုရှိလဲ ဆိုတာကို ပြန်စစ်ဆေးတဲ့သဘောပါ ဒီတော့ အမှတ်တွေက ကိုယ့်နားလည်နိုင်မှုရဲ့ အဆုံးအဖြတ် ဒါမှမဟုတ် ရလဒ်တစ်ခုပဲ ဖြစ်သင့်ပါတယ်။

ပြောချင်တာက အမှတ်တွေနဲ့ နားလည်မှုကို ချိန်ဆတတ်ဖို့ပါ။

နောက်ပိုင်း ကိုယ်ကြုံတွေ့ရမယ့်အရာက လက်တွေ့ဘ၀ပါ။ လက်တွေ့ဘ၀မှာတော့ ကြက်တူရွေးနှုတ်တိုက် လုပ်လို့မရပါဘူး။ ကိုယ်တကယ်နားလည်ထားတာနဲ့ တကယ့်အရည်အချင်းကိုပဲ အသုံးချရမှာပါ။

တစ်ချို့ပြောကြတာတွေ ရှိပါတယ် “သူက ကျောင်းတုန်းက အမှတ်များပေမယ့် တကယ်လည်း အသုံးမကျပါဘူးကွာ” ဆိုတာမျိုးပေါ့။ ဒါအမှတ်ကောင်းကောင်းရတဲ့သူတွေကို အရည်အချင်းမရှိဘူး အသုံးမကျဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။

အမှတ်ကိုတင် မဟုတ်ပဲ အရည်အချင်းကို ကိုယ်သင်ယူနေတဲ့ အရာကနေ မြှင့်တင်တတ်ဖို့ ပြောတာပါ။ တစ်ချို့တွေ ရှိတယ်လေ။

အမှတ်တွေ အဆင့်တွေ ဆိုတာ အရေးမကြီးဘူး အရည်အချင်းက အရေးကြီးတာ ဆိုပြီး စာကိုဂရုမစိုက်တော့တာမျိုး။ ဒါကတော့ ကိုယ်အသုံးမကျတာကို အကြောင်းပြချက်ပေးတာ ဖြစ်သွားပါပြီနော်။

အမှတ်ကောင်းတာနဲ့ပဲ တကယ်အရည်အချင်းကောင်းပါတယ် အပြည့်အ၀ သတ်မှတ်လို့ မရပေမယ့်လည်း အမှတ်က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပညာရေးရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်နေလို့ပါ ကောင်းကောင်းအသုံးချရင် တကယ်ကို အကျိုးရှိပါတယ်။

ဒါ့ကြောင့် အမှတ်တွေကိုလည်း တစ်ဖက်ကနေ ဂရုစိုက်ပါ အမှတ်ကောင်းကောင်းရအောင် ကြိုးစားရင်တော့ ကောင်းတာပေါ့ ဒါပေမယ့် ဒါတွေထက် အရည်အချင်းက ပိုအရေးကြီးတယ်ဆိုတာ သတိရပါ။ ကိုယ်တကယ် ဘာတွေ သင်ယူတတ်မြောက်လိုက်လဲ၊ ကိုယ့်အတွက် ဘာတွေ အကျိုးရှိသွားလဲ၊ ကိုယ် တိုးတက်လာသလား အမြဲဆန်းစစ်ပါနော်။

အားလုံးပဲ အမှတ်လည်းကောင်း အရည်အချင်းလည်းရှိတဲ့ သူတွေ ဖြစ်နိုင်ကြပါစေ။

source: LivetheDream

Read times Last modified on Wednesday, 29 January 2020 10:33
Rate this articles
(1 Vote)