×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 03 January 2019

မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ

ဘဝက အတက်အကျရှိတယ်၊ အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတယ် ဆိုတာတွေကို လူတွေကောင်းကောင်း သိကြပေမယ့်လည်း တကယ်တမ်း မှားယွင်းမှုတွေ လွဲချော်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ ရင်ဆိုင်ဖို့ သိပ်ခက်ခဲတတ်ကြပါတယ်။

မသိဘဲလုပ်မိတာထက် သိသိကြီးနဲ့ လုပ်တာက ပိုဆိုးတယ် ဆိုသလိုပေါ့ အမြဲမအောင်မြင်နိုင်ဘူးဆိုတာ သိနေပေမယ့် အရှုံးကိုကျ လက်မခံနိုင်ဘူးလေ။ ဒီလိုမျိုး မှန်းထားတာတွေ ဖြစ်မလာတဲ့အခါ၊ အလွဲအချော်တွေ ဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုရင် ကြားနေကျ ဓာတ်ပြားဟောင်းကြီး ဖွင့်ရမှာပါပဲ။

၁. လက်ခံပါ။

လူတိုင်း ပြောကြတာ ရှိပါတယ် လက်ခံဖို့ပေါ့။ ဒါအားလုံးလည်း ကြားဖူးပြီးသား သိနေကြပြီးသားပဲ။ “ငါလည်း လက်ခံဖို့တော့ ကြိုးစားတာပဲ ဒါပေမယ့် ရမှမရတာ” အဲလိုပြောတဲ့သူတွေလည်း အများကြီးပဲ လက်ခံလိုက်ဖို့ ဆိုတာကို ကြားတာနဲ့ မျက်လုံးလေး မှိတ်လိုက်မယ် ကိုယ့်ကိုယ် ကိုယ် နှစ်သိမ့်လိုက်မယ် ဒီလိုနဲ့ လက်ခံနိုင်သွားမယ်များ ထင်နေတာလား။ မဟုတ်ဘူးနော် ကိုယ်တကယ်လက်ခံဖို့ ကြိုးစားနေတာလား ပြန်စဉ်းစားကြည့်ပါဦး။ လက်ခံဖို့ ကြိုးစားတယ်ဆိုတာကို မေ့လိုက်ဖို့၊ ကျော်လွန်သွားဖို့ ကြိုးစားတာနဲ့များ မှားနေသလား။

လက်ခံတာနဲ့ မေ့တာနဲ့ လုံးဝကို မတူပါဘူး။ မေ့လိုက်ဖို့ ကြိုးစားရင် အဲ့အကြောင်းပဲ တွေးနေမိမှာပါ စိတ်ထဲကနေ ထုတ်လိုက်ဖို့ ကြိုးစားရင် အဲ့ဒီအမှားအယွင်းကြီးကပဲ ခေါင်းထဲပေါ်နေမှာ ဒီလိုတွေကြောင့်ပဲ လက်ခံဖို့ ကြိုးစားပေမယ့် မရဘူးဆိုတာတွေ ဖြစ်လာတာပေါ့။

လက်ခံဖို့ ကြိုးစားတယ်ဆိုတာက အဲ့ဒီလွဲချော်မှုတွေ ကိုယ့်ဆုံးရှုံးမှုတွေ အကုန်လုံး အရှိကို အရှိတိုင်း၊ ရှုံးရင် ရှုံးခဲ့တဲ့အတိုင်း မှားရင် မှားခဲ့တဲ့ အတိုင်း လက်ခံတာကိုပြောတာပါ။ အမှားတွေ ပြန်ပြင်လို့ မရတော့တာ၊ ဖြစ်ခဲ့တာတွေ ပြောင်းလို့ မရတော့တာ၊ အချိန်တွေ နောက်ပြန်ဆုတ်လို့ မရတော့တာတွေ လက်ခံနိုင်တာကို ပြောတာပါ။

ကိုယ်က တကယ်လက်ခံလိုက်ပြီးရင်တော့ အပြစ်တင်တာတွေ၊ ဒေါသတွေ၊ ဝမ်းနည်းတာတွေ၊ အခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားတာတွေ၊ မျှော်လင့်တာတွေ ဘာမှရှိတော့မှာ မဟုတ်ဘူး ဒီတိုင်း ပုံမှန်အတိုင်းလေးပဲ ကိုယ့်ရဲ့ ဘဝအစိတ်အပိုင်းလေးတစ်ခု၊ အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါ့ကြောင့် တစ်ခုခု မှားယွင်းမှုတွေ၊ လွဲချော်တာတွေ ဖြစ်လာခဲ့ရင် တကယ်လက်ခံဖို့ ကြိုးစားပါနော်။

၂. မျှော်လင့်ချက် အကြီးကြီးမထားပါနဲ့။

နောက်တစ်ချက်က အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့။ ကိုယ်က မျှော်လင့်ချက် အရမ်းကြီး သွားတဲ့အခါ၊ မှန်းထားတာ အရမ်းများသွားတဲ့အခါ မှန်းထားတဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် ပိုခံစားရတယ်လေ။ လက်ခံနိုင်ဖို့လည်း ပိုခက်တာပေါ့။ ဒါ့ကြောင့် ကိုယ်ထိန်းချုပ်နိုင်သလောက်အထိပဲ မျှော်လင့်ချက်ထားတာ ပိုကောင်းပါတယ် “Focus on what you can control” ပေါ့။

ပြီးတော့ ကိုယ်ပြောင်းလဲလို့ ရတာနဲ့ မရတာကို ခွဲခြားတတ်ဖို့ လိုပါတယ်။ တစ်ချို့က ပြောင်းလို့မရတော့တဲ့ အရာကြီးကို ဒီလိုလေးလုပ်ခဲ့ရင် ကောင်းသား၊ ဒီလိုလေး ဖြစ်ခဲ့ရင် ကောင်းမယ် ဆိုပြီး ပြောင်းလဲချင်ကြတယ်လေ။

အမှားအယွင်းက ဖြစ်ခဲ့ပြီးပြီ ဖြစ်ပြီးခဲ့တာကို ပြန်ပြင်လို့မှ မရတော့တာ။ ကိုယ့်စိတ်ကြိုက်ပြင်နိုင်တာဆိုလို့ လက်ရှိအချိန်ကာလ ပဲရှိတယ်။ ဆိုတော့ အလွဲအချော်တစ်ခုခု ဖြစ်ပြီးရင် ဖြစ်ပြီးတာကို ဘယ်လိုလေး လုပ်ခဲ့ရင် ဆိုပြီး ပြင်ဖို့ ကြိုးစားမနေဘဲ ဒီလိုလွဲချော်သွားတာကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘယ်လိုဖြေရှင်းသင့်လဲ၊ ဒီလိုအခြေအနေကို ဘယ်လို ပြောင်းလဲရင် ကောင်းမလဲ ဆိုတာပဲ ပိုစဉ်းစားသင့်ပါတယ်။ ဒါဆိုကိုယ့်အတွက်လည်း ပိုအကျိုးရှိမှာပါ။

၃. နောက်ခြေလှမ်းသစ်စတင်ပါ။

တစ်ခါတစ်လေတော့လည်း မျှော်လင့်ချက်တွေ လွဲချော်သွားတယ်ဆိုတာက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးတစ်ခု၊ ကိုယ့်အတွက် Challenge တစ်ခုလည်း ဖြစ်နိုင်တာပဲ။ တစ်ချို့ရှိတယ်လေ အမှားအယွင်း ဖြစ်သွားတယ်၊ လွဲချော်သွားတယ် အဲလိုဖြစ်သွားရင် နောက်တစ်ခါ ပိုကောင်းအောင်လုပ်တာ၊ ပိုဂရုစိုက်တာ၊ ပိုကြိုးစားလိုက်တာမျိုးပေါ့ ပြောရရင် ကိုယ့်ဘာသာ motivation ပြန်ယူတယ်၊ မခံချင်စိတ်နဲ့ ကြိုးစားတယ် အဆိုးထဲကနေ အကောင်းဖြစ်သွားတာမျိုး။

တကယ်တော့ အကောင်းကနေ အဆိုး ဖြစ်နိုင်သလို အဆိုးကနေလည်း အကောင်းဖြစ်သွားနိုင်တာပဲ။ ဒါကိုယ့်ဘက်ကနေ ဘယ်လိုခံယူလဲ၊ ဖြစ်လာတဲ့အကျိုးဆက်ကို ဘယ်လိုတုံ့ပြန်လဲ ဆိုတာနဲ့ပဲ သက်ဆိုင်တာပါ။ ဒါ့ကြောင့် ကိုယ်မှန်းထားတာတွေ ဖြစ်မလာတဲ့အခါမျိုးဆိုရင်လည်း ကိုယ်ဘယ်လို တုံ့ပြန်မလဲဆိုတာ ကိုယ့်ဘာသာစဉ်းစားပေါ့ ကိုယ့်တုံ့ပြန်မှု အလိုက် အကျိုးဆက်ကို ခံစားရမှာ ကိုယ်ပဲလေ။

အဲ့တော့ မျှော်လင့်ထားသလို ကိစ္စတွေ ဖြစ်မလာတဲ့အခါ အရမ်းကို အဆိုးဘက်ကြီး မတွေးလိုက်ပါနဲ့နော်။ ဘယ်လောက်ပဲ ကြီးမားတဲ့ ကိစ္စဖြစ်ဖြစ် နာကျင်တာက နာကျင်ရတယ်ဆိုပေမယ့် အမြဲတမ်းတော့ နာကျင်မှုထဲ ပိတ်မထားသင့်ဘူးလေ။ အားလုံးပဲ ကြိုးစားမှုအသစ်တွေနဲ့ ဆက်လျှောက်လှမ်းနိုင်ကြပါစေ။

source: LiveTheDream

Read times Last modified on Thursday, 30 January 2020 14:27
Rate this articles
(1 Vote)