×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 08 January 2019

အလုပ်ထဲ မပျော်နိုင်ရတဲ့ ဒုက္ခ

လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးကဘာလဲလို့ မေးလိုက်ရင် အများစုက Customer ဆိုတာပဲ ဖြေမိကြတာ များပါတယ်။ Customer တွေက အရေးကြီးတာမှန်ပါတယ် ဒါပေမယ့် ဒါကို အရေးကြီးဆုံးရယ်လို့တော့ ပြောလို့ မရသေးပါဘူး။

ဘာလို့လဲဆိုတော့ လုပ်ငန်းခွင်တစ်ခုဆိုတာက ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းလိုက်မှ ဖြစ်တည်လာနိုင်တာမို့လား။ ဝန်ထမ်းတွေက အရေးကြီးဆုံးပါရယ်လို့တော့ မပြောလိုပေမယ့် ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုက Customer တွေ စိတ်ကျေနပ်မှုနဲ့ လုပ်ငန်းရဲ့ Image အပေါ် သက်ရောက်မှု အများကြီးရှိနေတာကိုတော့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။

ဒီအချက်ကို မေ့ပြီးတော့ လုပ်ငန်းရှင်တစ်ချို့တွေ ဝန်ထမ်းကို သေချာအရေးမလုပ်မိကြတာတွေ ရှိပါတယ်။ ကြာလာတော့ ဝန်ထမ်းတွေလည်း အလုပ်ထဲမှာ မပျော်ကြတော့ဘူး၊ performance တွေကျလာတယ်၊ အလုပ်ထွက်တာတွေ များလာတယ် အဲ့ကျမှ ပျာယာခတ်မိရတော့တာပေါ့။

ဒါ့ကြောင့် ဝန်ထမ်းတွေရဲ့ လိုအပ်ချက်လေးတွေကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါဆိုရင် ဝန်ထမ်းအများစု အလုပ်ထဲမှာ ဘာကြောင့်မပျော်နိုင်ဖြစ်နေကြရတာလဲ ဆိုတဲ့အကြောင်းအရင်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်နော်။

၁. လစာ

ဟုတ်ကဲ့ လစာက အများဆုံးသော အကြောင်းအရင်း ဖြစ်နေတတ်ပါတယ်။ တစ်ချို့က လစာကျ နည်းနည်းလောက်ပဲ ပေးတယ်၊ အလုပ်ကျ မနားမနေခိုင်းတယ် ဆိုတာမျိုးတွေ ရှိပါတယ်။ ဒီလိုကျတော့ ဘယ်သူကများ ပျော်တော့ မှာလဲ ကိုယ့်ဘက်က လုပ်ပေးသလောက်မှ မရတာလေ။

အလကားသက်သက် ဒုက္ခလာခံနေသလိုပဲပေါ့။ ပြီးတော့ တစ်ချို့ကျ အရည်အချင်းရှိသလောက် လစာမရဖြစ်တတ်တာပါ။ အရည်အချင်းရှိရဲ့သားနဲ့ ဒီလောက်ကတော့ ရသင့်တယ်ဆိုပေမယ့် မတူမတန် ပေးတဲ့အခါမျိုးဆို ဝန်ထမ်းက ဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ ဒါ့ကြောင့် လစာကို အရမ်းဂရုစိုက်ဖို့ လိုပါတယ်နော်။

တကယ် ကြိုးစားတဲ့သူ၊ အရည်အချင်းရှိတဲ့သူ အဲလိုမျိုးဆို သူတို့ရသင့်ရထိုက်သလို မျှမျှတတပေးနိုင်မှ ဝန်ထမ်းတွေ ကျေနပ်လာမှာပါ။

၂. အထက်လူကြီးမကောင်းတဲ့အခါ

စာသင်ရင်တောင် ကိုယ့်ကို သင်ပေးတဲ့ ဆရာမကောင်းရင် ဘယ်သူမှ သဘောမကျဘူးမို့လား။ အလုပ်လုပ်ရင်လည်း အတူတူပဲပေါ့။ ကိုယ့်အပေါ်မှာ ရှိနေတဲ့ အထက်လူကြီးနဲ့ အဆင်မပြေနိုင်မှတော့ ဘယ်သူမှသည်းမခံနိုင်ဘူးလေ။ အထူးသဖြင့် manager တွေပါ။

Manager ဆိုတာက လက်အောက်ဝန်ထမ်းတွေနဲ့ အထက်နဲ့ အဆင်ပြေအောင် ကြားထဲမှာ ပေါင်းကူးညှိနှိုင်းပေးရသူတွေပါ။ သူကသာ ကြိုက်သလို ကိုယ်အမြင်မကြည်တာနဲ့ သဘောမကျတာနဲ့ အထက်ကို ကြိုက်သလိုတင်ပြ၊ ကြိုက်သလိုအပြစ်ပေးနေမယ်ဆိုရင် ဘယ်သူမဆို ထွက်ပြေးပါလိမ့်မယ်။

ဒါ့ကြောင့် ဝန်ထမ်းတွေ မပျော်ရတဲ့အကြောင်းအရင်းက အထက်လူကြီးနဲ့ အများကြီးကို သက်ဆိုင်ပါတယ်နော်။

၃. လုပ်ဖော်ကိုင်ဖက်

လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေလို့ အလုပ်ထွက်ကြသူတွေ အများကြီးပါပဲ။ လုပ်ငန်းခွင်ထဲမှာက အသင်းအဖွဲ့နဲ့ လုပ်ရတာမို့လို့ အားလုံးနဲ့ တတ်နိုင်သလောက် လိုက်လျောညီထွေဖြစ်အောင် နေကြရတာပါ။

ဒီလိုအချိန်မှာ အလုပ် အတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေဘူး၊ ရန်ဖြစ်နေရတယ်၊ အလုပ်အတူလုပ်ရတာ ခက်ခဲတယ်၊ အမြင်မကြည်တာတွေ မတည့်တာတွေ ရှိနေတယ်ဆိုရင် အမြန်ဆုံး ဒါကိုဖြေရှင်းမှ ဖြစ်ပါမယ်။ မဟုတ်ဘဲ ကြာလာရင်တော့ အလုပ်ထွက်ဖို့ ရာခိုင်နှုန်းက သေချာသလောက်ပါပဲ။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အပေးအယူမျှပြီး စည်းလုံးညီညွတ်နေဖို့ အဓိကပါပဲနော်။

၎. အလုပ်အရမ်းခိုင်းရင်

တစ်ချို့လုပ်ငန်းတွေ ရှိပါတယ် ကိုယ့်တာဝန်နဲ့ ဆိုင်တာတွေရော၊ မဆိုင်တာတွေရော အကုန်လုံး ပြီးပြီးရော ခိုင်းနေတဲ့သူတွေပေါ့။ တစ်ခါတည်းနဲ့ အလုပ်အများကြီး လုပ်ရတာမျိုးတွေ၊ သူများတာဝန်တွေပါ လိုက်လုပ်ပေးနေရ တာမျိုးတွေ၊ အချိန်ပိုခနခနဆင်းရတာတွေ အဲလိုမျိုး များလာတဲ့အခါ ဝန်ထမ်းတွေ အနေနဲ့ pressure အရမ်းကို ပိလာတော့တာပါ။

work and life လည်း မျှမျှတတမဖြစ်တော့ဘူးလေ အလုပ်ထဲမှာပဲ အချိန်ကုန်လူပန်း ဖြစ်နေရတာပေါ့။ အဲ့တော့ ဒီလိုအလုပ်အရမ်းခိုင်းတာတို့ ဘာတို့က ဝန်ထမ်းတွေကို အကြီးအကျယ်စိတ်ပျက်စေနိုင်ပါတယ်နော်။

၅. အလုပ်ပတ်ဝန်းကျင်

ပတ်ဝန်းကျင်ဆိုတာက အများကြီးစကားပြောပါတယ်။ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ ပျော်ဖို့ မကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင် အားလုံးက ပျော်ဖို့ကောင်းတာ ရွေးကြ မှာပဲ ဘယ်သူမဆို ပျော်ပျော်ရွှင်ရွှင် နေချင်ကြတာ ချည်းပဲလေ။

ဒီလိုအချက်တွေကြောင့်လည်း Apple လို Company ကြီးတွေက ဝန်ထမ်းတွေရဲ့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကို အရမ်းအလေးထားကြတာပေါ့။

ဒီအလုပ်ပတ်ဝန်းကျင် ဆိုတာက ဝန်ထမ်းတွေ အလုပ် အပေါ်စိတ်ကျေနပ်မှုနဲ့ အများကြီး သက်ဆိုင်နေတာကိုး။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်းထဲက ပတ်ဝန်းကျင်ကော ဘယ်လိုဖြစ်နေသလဲ ဆိုတာကို တစ်ချက်လောက် ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်နော်။

၆. အခွင့်အရေးနည်းရင်

တစ်ချို့ဝန်ထမ်းတွေက သူတို့မှာရှိတဲ့ စိတ်ကူးအကြံဉာဏ်သစ်တွေ၊ talents တွေကို ထုတ်ပြချင်ကြပါတယ် ဒါပေမယ့် အဲလိုမျိုး ထုတ်ပြဖို့အခွင့်အရေးမရှိတဲ့အခါ စိတ်ပျက်လာရောလေ တိုးတက်မယ့်လမ်းမှ မရှိတာကို။ တစ်ခါ တစ်လေ Company မှာ အလားအလာမရှိတဲ့အခါမျိုးတွေဆိုရင်လည်း ဝန်ထမ်းတွေ စိတ်ညစ်သွား တတ်ကြပါတယ်။

ဥပမာ ခွင့်ရက်နည်းပါးတာတွေ၊ ကိုယ့်ကြိုးစားမှုကို အသိအမှတ် မပြုတာတွေ၊ performance အလိုက် ခံစားခွင့်မရှိတာတွေ အဲလိုပေါ့။ ဝန်ထမ်းတွေက ကိုယ့်အတွက် အခွင့်အရေးများလေလေ တိုးတက်မယ့်လမ်း များလေလေ စိတ်အားထက်သန်မှုလည်း တက်လာလေလေပါပဲနော်။

၇. အလုပ်ကို စိတ်ဝင်စားမှုမရှိတဲ့အခါ

စိတ်ဝင်စားမှု မရှိမှတော့ ဘယ်ပျော်နိုင်မလဲ။ တစ်ချို့ကကျ အလုပ်ဝင်လိုက်ပြီးမှ ဒါကိုယ်လုပ်ချင်တာ မဟုတ်ဘူး၊ ကိုယ်အားသာရာမဟုတ်ဘူး၊ ကိုယ့်ဝါသနာနဲ့ မကိုက်ညီဘူးဆိုတာကို သိသွားရတာမျိုးပေါ့။ အဲလိုကိုယ့်စရိုက်၊ ကိုယ့်ဝါသနာနဲ့ မကိုက်ညီတဲ့အခါဆိုရင် အလုပ်အပေါ် စိတ်ဝင်စားမှုတွေက အောက်ဆုံးအထိကို ကျသွားတတ်ပါတယ်။

ဥပမာ တက်တက်ကြွကြွ နေရတာသဘောကျတဲ့ သူတစ်ယောက်ကို စာရင်းစစ်ကြီးသွားလုပ်ခိုင်းရင်တော့ သူသေချာပေါက် ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဝန်ထမ်းတွေ ခန့်တဲ့အခါမျိုးကျရင် သူတို့အရည်အချင်း၊ စိတ်ဝင်စားမှု၊ အားသာချက်အလိုက် နေရာတကျခန့်ထားမယ်ဆိုရင် ဒီလိုပြဿနာတွေကို အများကြီးလျှော့ချ နိုင်မှာပါ။

ကိုယ့်လုပ်ငန်းကောင်းကောင်းလည်ပတ်ဖို့နဲ့ performance တက်လာဖို့ဆိုရင် ကိုယ့်ဝန်ထမ်းတွေကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဝန်ထမ်းတွေဆိုတာ လုပ်ငန်းရဲ့ တကယ့်ရတနာတွေပါပဲ။

လုပ်ငန်းတစ်ခုရဲ့ ကောင်းခြင်း ဆိုးခြင်း၊ တိုးတက်ခြင်း မတိုးတက်ခြင်းက ဝန်ထမ်းတွေအပေါ်မှာ ရာနှုန်းအများကြီး မူတည်နေတာမို့ လုံးဝလျစ်လျူရှုလို့ မဖြစ်ပါဘူး။ ဒီလိုဒုက္ခတွေဆိုတာလည်း ခံရသူ ဝန်ထမ်းတွေကိုယ်တိုင်ပဲ နားလည်တာမို့လို့ တွေးပေးတတ်ဖို့ ကြိုးစားပါနော်။

Source: LiveTheDream

Read times Last modified on Wednesday, 29 January 2020 10:54
Rate this articles
(1 Vote)