×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Wednesday, 09 January 2019

ဘယ်စာအုပ်ကို စဖတ်သင့်လဲ?

ခေတ်လူငယ်လေးတွေက စာတွေ့ထက် လက်တွေ့ကို ပိုအလေးထားကြပုံပါပဲ စာဖတ်ကြတာကို သိပ်မတွေ့ရတော့ပါဘူး။ လက်တွေ့က အရေးကြီးတာ မှန်ပေမယ့် စာတွေ့ကိုလည်း မေ့မထားမှ ပြီးပြည့်စုံနိုင်မှာပါ။

ဆိုတော့ စာလေးတွေ ဖတ်ပေးဖို့လည်း လိုတယ်ပေါ့နော်။ ပြောသာပြောရတာပါ စာဖတ်ခြင်းရဲ့ ကောင်းကျိုးတွေ၊ ဘာကြောင့်စာဖတ်သင့်တယ် ဆိုတာတွေကို မပြောလည်း ကောင်းကောင်း သိကြတယ်မို့လား။

ဒါပေမယ့် ပြဿနာတစ်ခုရှိတာက တစ်ခါတစ်လေ လူငယ်လေးတွေ ထူးထူးဆန်းဆန်း တရားရလို့ စာဖတ်တော့မယ် ကြံလိုက်ရင် ဘယ်စာအုပ်က စဖတ်ရမလဲ မသိတာပါပဲ။

“စာဖတ်ချင်တယ် ဘယ်စာအုပ်က စဖတ်ရမလဲ” “ဘယ်စာအုပ်ကို ဖတ်သင့်လဲ” ဆိုတဲ့ မေးခွန်းတွေက လူငယ်တွေကြားမှာ အတော်ကို အမေးများနေတာပါ။ အဲ့တော့ ဒီလိုမေးခွန်းနဲ့ တိုင်ပတ်နေတဲ့ လူငယ်လေးတွေအတွက် ဘယ်လိုစာအုပ်မျိုး စဖတ်သင့်လဲဆိုတာ ပြောပြပေးပါမယ်နော်။

ကိုယ့်မှာ စာဖတ်ကျင့်လေး ရှိသွားဖို့ပါ

ဖတ်သင့်တဲ့ စာအုပ်နဲ့ ပက်သက်ပြီး ပြောရမယ်ဆိုရင် တစ်ချက်ပဲ ရှိပါတယ်။ ကြိုက်တာက စဖတ်ပါ။ အဓိက က စာဖတ်မိသွားဖို့ပါပဲ။ ဝတ္ထုဖြစ်ဖြစ်၊ ပုံပြင်ဖြစ်ဖြစ်၊ အတ္ထုပတ္တိတွေပဲဖြစ်ဖြစ်၊ သမိုင်းကြောင်းတွေပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တာသာ ဖတ်ပါ။ ကျွန်တော်ဆိုလည်း ပုံပြင်လေးတွေက စဖတ်ခဲ့တာပါပဲ ပြီးတော့ ဝတ္ထုတွေပေါ့။ အဲလိုနဲ့ပဲ စာဖတ်ရတာ သဘောကျလာပြီး စာဖတ်ကျင့်လည်း ရှိသွားတာပါ။

အရေးကြီးတာက ဘယ်စာအုပ်ကို ပိုဖတ်သင့်တယ်၊ ဘာကကောင်းတယ် ဆိုတာမျိုး မဟုတ်ဘဲ စာဖတ်ဖြစ်ဖို့ရယ် နောက်ပိုင်းကျရင် ကိုယ့်မှာ စာဖတ်ကျင့်လေး ရှိသွားဖို့ပါပဲ။

တကယ်က ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းနဲ့ပက်သက်ပြီး ဖတ်ရင် ကိုယ့်မှာ စာဖတ်ကျင့်လေး ရှိသွားဖို့ ပိုလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဖတ်နေတဲ့ဟာကို စိတ်ဝင်စားတာကိုး ဆိုတော့ စာဖတ်ရတာ ပျော်လာမယ် နောက်ထပ် ဖတ်ချင်လာမယ် ဒီလိုနဲ့ ဖတ်ဖြစ်သွားမယ်။

နောက်ပိုင်းကျ စာဖတ်ကျင့်ဆိုတာ ဖြစ်လာမှာပေါ့။ အဲ့တော့ ကိုယ်တကယ်စိတ်ဝင်စားတာလေး၊ သိချင်တာမျိုးလေးကို ဖတ်ရင် ကိုယ့်အတွက် အကျိုးလည်းရှိ၊ သိချင်တာလည်း သိရ၊ စိတ်ဝင်စားဖို့လည်း ကောင်းသွားတာပေါ့။

စာဖတ်ပြီးရင် စဉ်းစားပါနော်

ပြီးတော့ စာဖတ်ပြီးရင် စဉ်းစားပါနော်။ တစ်ချို့ရှိတယ် စာအုပ်တစ်အုပ်ယူ နောက်က ကျားလိုက်သလို ဖတ်သွားပြီး ဘာမှလည်း မစဉ်းစားဘဲနဲ့ တစ်အုပ်ဖတ်ပြီးပြီ ဆိုသူတွေပေါ့။ ဒီလိုစာဖတ်တာမျိုးက ကိုယ့်အတွက် အကျိုး သိပ်မရှိနိုင်ပါဘူးနော်။ ဒါမျိုးမလုပ်ပါနဲ့ စာဖတ်ပြီးရင် အနည်းဆုံး ဒီစာအုပ်က ဘာပြောချင်တာလဲ၊ ပေးချင်တဲ့ message ကဘာလဲ၊ အကြောင်းအရာအနှစ်ချုပ်က ဘယ်လိုလဲ ဆိုတာလောက်တော့ စဉ်းစားဖြစ်အောင် လုပ်ပါ။

စာအုပ်တစ်အုပ်ဖတ်လိုက်ပြီး ကိုယ့်ခေါင်းထဲမှာ အတွေးတစ်ခုခု ဖြစ်ဖြစ်၊ သင်ခန်းစာလေးတစ်ခု ဖြစ်ဖြစ် ကျန်နေခဲ့အောင် ကြိုးစားပါနော်။

ဘယ်စာအုပ်မျိုးကို စဖတ်ပါရယ်လို့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒီလိုအကြံတောင်းတဲ့အခါ တစ်ချို့လူတွေက သူတို့ကြိုက်တဲ့ စာအုပ်လေးတွေ၊ သူတို့ ကောင်းတယ် ထင်တဲ့စာအုပ်လေးတွေကို အကြံပေးကောင်း ပေးပါလိမ့်မယ်။

သူတို့အကြံပေးတဲ့ စာအုပ်လေးတွေကို ဖတ်ချင်တယ် ဆိုရင်လည်း ရပါတယ်။ ဒါလည်း ကောင်းတာပါပဲ။ ဒါမှမဟုတ် ကိုယ်ကြိုက်တာ၊ ကိုယ်စိတ်ဝင်စားတာပဲ ဖတ်မယ်ဆိုရင်လည်း ရပါတယ်။ ပြောခဲ့သလိုပါပဲ စာဖတ်ဖြစ်ဖို့ အရေးကြီးတာပါ။

ဘယ်စာအုပ်က စဖတ်ရမှန်း မသိလို့ ဆိုပြီး ယောင်လည်လည်နဲ့ စာမဖတ်ဖြစ်တာထက်စာရင်တော့ ကိုယ်စိတ်ဝင်စားတာလေး ဖတ်လိုက်တာက အများကြီး ပိုကောင်းပါတယ်နော်။ အနည်းဆုံးတော့ စာဖတ်ဖြစ်သွားတာပေါ့။

တစ်ချို့ကပြောကြတာ ရှိတယ် စာအုပ်တိုင်းက မကောင်းဘူးတဲ့။ မှန်တယ် ဒီကမ္ဘာပေါ်မှာ ရှိတဲ့ စာအုပ်တိုင်းအားလုံးကတော့ ကိုယ့်အတွက် အကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ မကောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်။

ဒါပေမယ့် ကိုယ့်ဘက်က စာဖတ်ကျင့်လေး ရှိသွားပြီဆိုရင်တော့ ဘယ်လို စာအုပ်မျိုးကတော့ဖြင့် ကိုယ့်အတွက် အကျိုးရှိတယ်၊ ဘယ်စာအုပ်တွေက တကယ် အနှစ်ရှိတယ်၊ ဘယ်လိုစာအုပ်တွေက အပေါ်ယံလောက်ပဲ ဆိုတာတွေကို ကိုယ့်ဘာသာ ခွဲခြားတတ်လာမှာပါ။

ဒါ့ကြောင့် တွေဝေမနေဘဲ ကိုယ့်စိတ်ကြိုက် ဖတ်ချင်တာတွေကိုသာ ဖတ်ပါလို့နော်။

အားလုံးပဲ စာဖတ်ခြင်းအကျိုးတွေ ခံစားနိုင်ကြပါစေ။

source: live the dream myanmar

Read times Last modified on Wednesday, 29 January 2020 11:08
Rate this articles
(2 votes)