×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 06 February 2019

တက္ကသိုလ်မှာ ရည်းစားထားရင် ပျက်စီးမယ်ဆိုတာ တကယ်လား?

မြန်မာနိုင်ငံမှာတော့ “ရည်းစားမထားနဲ့” ဆိုတဲ့ စကားကို လူငယ်အများစု ရင်းနှီးကြမယ် ထင်ပါတယ်။ ကျောင်းတက်တုန်း ရည်းစားထားရင် ကျောင်းစာ ထိခိုက်မယ်၊ ပျက်စီးမယ် ဆိုတဲ့ တစ်ချို့သော အယူအဆလေးတွေက အခုထိတိုင် ရှိနေဆဲပါပဲ။

အရာရာတိုင်းမှာ အကောင်းအဆိုး ဆိုတာ ရှိသလိုပဲ ဒီကိစ္စမှာလည်း တစ်ချို့နေရာတွေမှာ ကောင်းတဲ့အချက်တွေ ရှိမယ်၊ တစ်ချို့မှာ ထိခိုက်စေတာတွေ ရှိမှာပဲ။ အကောင်းချည်း မဖြစ်နိုင်သလို အဆိုးချည်းလည်း မဟုတ်နိုင်ဘူးလေ။

ကျောင်းတက်နေတုန်း ရည်းစားထားတယ်ဆိုတာ

တစ်ချို့က ဟုတ်တယ် ကျောင်းတက်နေတုန်း ရည်းစားထားပြီး စာထဲစိတ်မဝင်စားတော့ဘဲ စာမေးပွဲတွေကျနဲ့ ပျက်စီးသွားသူတွေ အများကြီး ရှိတယ်။ ဒါပေမယ့် သူများဒီလိုဖြစ်တယ်ဆိုတိုင်း ကိုယ်က ဒီလိုဖြစ်သွားမယ် ဆိုတာမှ မဟုတ်တာလေ။ ရည်းစားထားပြီး အောင်မြင်သွားသူတွေလည်း အများကြီးကိုး။ တစ်ချို့ နာမည်ကျော်တွေရဲ့ ဘဝဇာတ်ကြောင်း ပြန်ကြည့်ကြည့်ရင်တောင် ကျောင်းတက်တုန်း ရည်းစား ထားခဲ့ကြဖူးတာပဲ။ ဒါအဆန်းတကျယ်ကြီးမှ မဟုတ်တာ။ အဲ့တော့ ကိုယ့်ဘဝကို သူများရဲ့ ဖြစ်တည်မှုတွေ၊ အဖြစ်အပျက်တွေနဲ့ပဲ အမြဲနှိုင်းယှဉ်နေလို့ မရပါဘူး။ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို စိတ်ပူတယ်၊ ချစ်တယ် ဆိုတာ မှန်ပေမယ့် သူများသားသမီး အဲလိုဖြစ်သွားတိုင်း ကိုယ့်သားသမီးလည်း သေချာပေါက် ဖြစ်မယ်ဆိုတာမှ မဟုတ်တာ။ ဒါကတော့ မိဘတွေ အနေနဲ့ သတိချပ်ရမယ့် အရာလေးတစ်ခုပေါ့။

တက္ကသိုလ်မှာ ရည်းစားထားတိုင်း ပျက်စီးတယ်ဆိုတာ

တကယ်တော့ တက္ကသိုလ်မှာ ရည်းစားထားတိုင်း ပျက်စီးတယ်ဆိုတာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်း၊ သူ့အကျင့်စရိုက်တွေ၊ သဘာဝတွေက သူ့ပတ်ဝန်းကျင်ရယ်၊ အပေါင်းအသင်းတွေနဲ့ အများကြီးသက်ဆိုင်တယ် ဆိုပေမယ့် သူကိုယ်တိုင်ရဲ့ စိတ်သဘောထား၊ ခံယူချက်၊ တုံ့ပြန်မှုတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ပညာရေးကို ထိခိုက်တယ်ဆိုတာကလည်း ဥပမာပြောရရင် တစ်ချို့ ပညာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စ သက်သက်ခွဲထားတတ်တဲ့သူတွေ၊ ပညာရေးကို တကယ်အလေးပေးတဲ့ သူတွေ၊ ရည်မှန်းချက်ကြီးမားတဲ့သူတွေ အဲလိုမျိုးဆို ထိခိုက်မှု သိပ်မရှိနိုင်ပါဘူး။ ရည်းစားထားတိုင်း ပညာရေးထိခိုက်မယ်သာဆို တစ်ချို့နိုင်ငံတွေအတွက် မတွေးရဲစရာပါပဲ။ ဘာလို့ဆို တစ်ချို့နိုင်ငံတွေမှာ တက္ကသိုလ်ကျောင်းသားတိုင်းနီးပါး ရည်းစားမထားဖူးသူဆိုတာ ခပ်ရှားရှားရယ်လေ။ ဒီလိုမဟုတ်ဘဲ စာလည်း စိတ်မဝင်စား၊ ကြိုက်သလိုပျော်ပါးပြီး ဂျလေဘီဖြစ်နေသူဆိုရင်တော့ ပျက်စီးကောင်း ပျက်စီးမှာပေါ့။ ဒါကတော့ ကာယကံရှင်နဲ့ပဲ သက်ဆိုင်ပါတယ်။

ရည်းစားထားရင်ရရှိမယ့် အကျိုးကျေးဇူးတွေ

တစ်ချို့နိုင်ငံတွေမှာတော့ တက္ကသိုလ်တက်ရင် ရည်းစားထားရမယ်လို့တောင် ဆိုကြတာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းတက်ရင်း ရည်းစားထားတာကလည်း တစ်မျိုး အကျိုးရှိပုံရပါတယ်။ နိုင်ငံတကာ ကျောင်းသားတစ်ချို့ကတော့ ရည်းစားထားတာက ကိုယ့်အကြောင်းကို ပိုသိစေတယ်၊ ကိုယ့်အတွက် အားပေးမယ့်သူ တစ်ယောက်ရှိတယ်၊ လုံခြုံတယ်၊ စိတ်ဖိစီးမှုတွေ ဝေမျှလို့ ရတယ်၊ အထီးကျန်မှုတွေ သက်သာစေတယ်၊ တက္ကသိုလ်ကျောင်းသားဘဝကို အဓိပ္ပါယ်ရှိစေတယ် စတဲ့ အမျိုးမျိုးသော မှတ်ချက်တွေနဲ့ ထောက်ခံထားကြတာတွေ ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ့်အတွက် သီးသန့်အချိန်မပေးနိုင်ဘူး၊ စိတ်အနှောင့်အယှက် ဖြစ်တယ်၊ ရန်ဖြစ်တဲ့အခါ စာကို အာရုံမစိုက်နိုင်ဘူး ဆိုပြီး မှတ်ချက်ပေးထားတာတွေလည်း ရှိပြန်တာမို့ အဓိက ကိုယ့်အပေါ်မှာသာ အရာရာမူတည်နေမှန်း ပိုတောင် သိသာလာသလိုပါပဲ။

ကိုယ့်ရဲ့  ရွေးချယ်မှု

အဲ့တော့ တက္ကသိုလ်မှာ ရည်းစားထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ကိုယ့်ခံယူချက် မပျောက်ဖို့နဲ့ နည်းလမ်းမှန်မှန် ရှေ့ကို ဆက်သွားနေဖို့သာ မမေ့ပါနဲ့။ ကိုယ့်ခံယူချက်က အရေးကြီးဆုံးပါနော်။ လူတစ်ယောက် ပျက်စီးသွားဖို့ အခွင့်အရေးဆိုတာ သူ့လက်ထဲမှာပဲ ရှိတာပါ။ တကယ်ပျက်စီးချင်ရင် မိဘမျက်စိအောက်လည်း ပျက်စီးတာပဲ၊ မဟုတ်ရင် မိသားစုနဲ့ ဘယ်လောက်ဝေးနေနေ စိတ်ကြိုက် လွတ်လပ်ရေးရနေရင်တောင် စည်းကမ်းတကျ နေတတ်တဲ့သူဆို သူ့ဘာသာ နေတာပဲလေ။ ဒါ့ကြောင့် မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးရဲ့ ခံယူချက်မှန်ကန်ဖို့ သင်ပြပေးသင့်သလို သားသမီးတွေဘက်ကလည်း ယုံကြည်သင့်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

Source: LiveTheDream

Read times Last modified on Thursday, 30 January 2020 15:12
Rate this articles
(2 votes)