×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 08 February 2019

စာကျက်နည်း (သို့) စာတွေအလွယ်တကူမှတ်မိနိုင်ဖို့

စာကျက်နည်း (သို့) စာတွေအလွယ်တကူမှတ်မိနိုင်ဖို့ google

တော်တော်များများက မိမိခေါင်းထဲကိုစာတွေရောက်ဖို့အတွက် စာကျက်ကြပါတယ်။ အဓိကအချက်ကတော့ မှတ်ညဏ်ထဲကို စာတွေရောက်စေဖို့ပေါ့။ ဒီလိုလုပ်တဲ့အခါမှာ တစ်ချို့ကလည်း စာတွေအော်ကျက်ကြသလို တချို့ကလည်း အသံတိုးတိုးထွက်ပြီး ကျက်ကြပါတယ်။

 

ဘယ်လိုပဲကျက်ကျက်ပါ စာကျက်ပြီဆိုရင် လူတိုင်းအချိန်တစ်ခုတော့ ပေးကြရပါတယ်။ မှတ်ညဏ်ကောင်းသူတွေကတော့ အမြန်မြန်ဆန်ဆန်ရနိုင်ပေမယ့် စာကျက်ပျင်းတဲ့သူတွေ အမေ့လွယ်သူတွေကတော့ စာကျက်ခြင်းနဲ့ပက်သက်ရင် အခက်အခဲတွေ့တတ်ပါတယ်။ စာနဲ့အမြဲထိတွေ့နေရတဲ့ ကျောင်းသူကျောင်းသားနဲ့ သင်တန်းတတ်နေတဲ့သူတွေအတွက် စာမှတ်မိစေနိုင်ဖို့လွယ်ကူတဲ့ နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

၁) အဓိကအချက်ကို မှတ်ထားပါ

ဒီတော့စာကျက်ပြီဆိုရင် အရင်ဆုံး စာတစ်ပုဒ်လုံးကို ဖတ်လိုက်ပါ (မကျက်ပါနဲ့) သူဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်အောင် ဖတ်လိုက်ပါ။ ဖတ်လို့နားမလည်သေးရင် နားလည်သည်အထိ ပြန်ဖတ်ပါ။ ဖတ်ပြီးလို့ ဒီစာတစ်ပုဒ်လုံးရဲ့အဓိပ္ပါယ်ကို နားလည်ပြီဆိုရင်တော့ စာထဲက အဓိကအချက်လေးတွေကို သတိထားကြည့်ကြည့်ပါ။ စာတစ်ကြောင်းမှာ ထင်ရှားတဲ့အချက် တစ်ခုပါလေ့ရှိပါတယ်။ ဥပမာ - ‘မောင်မောင်သည် ကျောင်းမှအပြန် အဆော့လွန်၍ ဒူးပြဲသောကြောင့် ကျူရှင်သို့မသွားနိုင်ခဲ့ပါ နောက်တစ်နေ့တွင် ကျောင်းသို ပတ်တီးနှင့် ရောက်လာခဲ့ပါသည်’။ ဒီစာကြောင်းမှာ အဓိကအချက်က ‘ဒူးပြဲ’တာပါ ဒူးပြဲတာရဲ့ရှေ့မှာဆို ‘ဆော့တာ’ နောက်မှာတော့ အကျိုးဆက်ဖြစ်တဲ့ ‘ကျူရှင်မသွားနိုင်တာ ကျောင်းကိုပတ်တီးနဲ့ ရောက်လာတာ’။ အဓိကအချက်ဖြစ်တဲ့ ဒူးပြဲတာကို မှတ်မိရင် အရှေ့ကချက်ကိုရော အနောက်ကချက်ကိုပါ ဆက်စပ်ပြီးတွေးနိုင်ရင် ရပြီ။ ဆိုတော့ တစ်ပုဒ်လုံးမှာ အဓိကချက် (tip)တွေကို မျဉ်းလေးတွေတားတာပဲဖြစ်ဖြစ်၊ ချရေးတာပဲဖြစ်ဖြစ် လုပ်ပေးပြီး ဒီအချက်တွေကို မှတ်ညဏ်ထဲကိုမှတ်မိအောင် လုပ်ပေးပါ။ နောက်ဆုံးတစ်ခေါက်အနေနဲ့ သံထွက်ပြီးဖတ်ပါ အဓိကချက်တွေရောက်ရင် အသံမြင့်ပြီးဖတ်သွားပေးပါ။ ဒီလိုအကျင့်လေး ခဏခဏလုပ်ပေးမယ်ဆိုရင် နောက်ပိုင်းစာကျက်ရတာ ပိုပြီးလွယ်ကူရိုးရှင်း သွားပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်ကျက်တဲ့စာကို အဓိပ္ပါယ်ရှိရှိလုပ်နေတာလို့ ကိုယ့်ကိုကိုယ်ယုံကြည်လာပါလိမ့် ဘာကြောင့်လဲဆိုရင် ကြက်တူရွေးနှုတ်တိုက်ကျက်ပြီး ခေါင်းထဲအတင်းရိုက်သွင်းနေတာမဟုတ်တဲ့အတွက်ပါ။

student reading

၂) ပုံဆွဲပါ

သင့်အနေနဲ့ပုံဆွဲပါလို ပြောရင်ထူးဆန်းပါလိမ့်မယ်။ ဒါဟာတကယ်ကို လိုအိပ်ပါတယ်။ စာတွေအလွယ်တစ်ကူမှတ်မိနိုင်ဖို့ အကောင်းဆုံးပါပဲ။ စာဆိုတာ ဖြစ်ပေါ်လာတဲ့အရာတွေကို ပြောဆိုသုံးနှုန်းတဲ့ စကားတွေပေါ်မှာ စာတွေဟာဖြစ်ပေါ်လာတာပါ။

အဖြစ်အပျက်      စကားလုံး      စာ

စာကအရင်ပေါ်တာမဟုတ်ပါဘူး အဖြစ်အပျက်တွေက၊စကားတွေက အရင်ပေါ်တာပါ (ဥပမာ ဘာသာစကားဆိုတာ လူတွေပြောလာတဲ့အသံပေါ်မှုတည်ပြီး စာဆိုတဲ့ သဏ္ဍန်တွေကို နောက်ကနေလိုက်ပြီမှတ်တမ်းတင်ခြင်းဖြစ်ပါတယ် ။ ဒီအရာတွေကို မေ့မသွားအောင် ပျောက်ပျက်မသွားအောင် စာဆိုတဲ့အရာတွေနဲ့ မှတ်တမ်းတင်တာပါ။ ဒီတော့ ဒီစာတွေကို ပုံဆွဲပြီး သရုပ်ဖော်နိုင်မယ်ဆိုရင် သင့်အတွက် ပိုပြီးအဓိပ္ပါယ်ပေါ်လွင်ပါလိမ့်မယ်။ ပုံတွေကို ပန်းချီဆွဲသလိုဆွဲရမှာ ဆိုလိုခြင်းမဟုတ်ပါ။ စာကိုအဓိပ္ပါယ်ဖော်နိုင်လောက်တဲ့ မြင်သာတဲ့ ပုံကြမ်းလေးချဆွဲပြီး (စာကျက်မယ်) စာမှတ်မယ်ဆိုရင်တော့ သင့်ခေါင်းထဲ အမြန်ဆုံး မှတ်မိစေမှာပါ။ စာမေးပွဲဖြေရင် ဒီပုံလေးကိုမျက်စိထဲ ပုံဖော်ကာ တဆင့်ပြီးတစ်ဆင့် ချရေးသွားနိုင်မှာဖြစ်ပါတယ်။

၃) သူများကျက်တာ လိုက်နားထောင်ပါ (သို့) အသံသွင်းထားပါ

ဒီအချက်ကတော့ သာသာယာယာပါပဲ။ ကိုယ့်သူငယ်ချင်းတွေ စာအော်ကျက်တာကြုံဖူးမှာပါ။ သူတို့နဲ့လည်း စာတွေကျက်ဖူးကြမှာ။ ဒီလိုကျက်ပြီဆိုရင် ပတ်ဝန်းကျင်မှာဆူနေမှ ကျက်ရတာ ကြိုက်တဲ့သူတွေရှိပါတယ်။ ဆူညံနေတာက စာကိုပိုပြီးအာရုံစေလို့ပါတဲ့။ တချို့က တိတ်ဆိတ်နေမှ စာကျက်တတ်ပါတယ် ဒါက အာရုံရှင်းရှင်းနဲ့ကျက်တာကို သူတို့အတွက် ပိုပြီးအဆင်ပြေစေလို့ပါ။ ဘယ်လိုပင်ကျက်ပါစေ သင်သာနားထောင်တတ်တဲ့သူတစ်ယောက်ဆိုရင် သိပ်ကိုအဆင်ပြေစေမှာပါ။ သူတို့နဲ့လိုက်အော်ကျက်မနေဘဲ သူတို့ဆီကထွက်လာတဲ့အသံကိုပဲ အာရုံလေးစိုက်ပြီး နားထောင်လိုက်ရုံနဲ့ စာတွေကို ပင်ပင်ပမ်းပမ်းကျက်စရာမလိုပဲ မှတ်မိစေမှာပါ။ ဒါပေမဲ့ အဓိပ္ပါတယ်ဖော်တတ်အောင်တော့ လုပ်ဖို့လိုပါတယ်။ သူတို့ကျက်သလို ကိုယ်စိတ်ကလည်း လိုက်ကျက်နေတာမဟုတ်ဘဲနဲ့ ဘာအဓိပ္ပါတယ်ဆိုလိုတာလည်း ဘာအကြောင်းကိုပြောတာလည်းဆိုတာကိုပေါ့။ ဥပမာငယ်ငယ်တုန်းက ပုံပြင်နားထာင်ခဲ့သလိုပေါ့။ နောက်တစ်နည်းကတော့ နည်းပညာတွေခေတ်စားလာတော့ အသံသွင်းပြီးနားထောင်တာလည်း ကောင်းပါတယ်။ ဆရာမပြောထားတာပဲဖြစ်ဖြစ် ကိုယ့်သံပဲဖြစ်ဖြစ် အသံသွင်းပြီးနားထောင်ပေးတာ ပိုမှတ်မိစေပါတယ်။

young student reading book white background 1149 1996

၎) Ready ဖြစ်အောင်လုပ်ပါ

စာမကျက်မှတ်ခင် ကိုယ့်ကိုကိုယ် အသင့်ဖြစ်အောင်လုပ်ထားပါ။ အောက်က အချက်တွေကို စာမကျက်ခင် ကြိုပြင်ဆင်ထားခြင်းဖြင့် စာတွေမှတ်ညဏ်ထဲ ချောချောမွှေ့မွှေ့ရောက်ရှိစေမှာပါ။

* စာမကျက်ခင် လန်းလန်းဆန်းဆန်းရှိနေပါစေ။ အိပ်ချင်တာတို့ စိတ်မပါတာတို့ဖြစ်ရင် စာကျက်ဖို့ခက်ပါလိမ့်မယ်။

* အစားအစာနဲ့ ချိန်ညှိတတ်ပါစေ။ ပြောချင်တာက ဗိုက်ဆာတာတို့၊ ဗိုက်တင်းတာတို့ ဗိုက်နာတာတို့ဖြစ်နေရင် စာကျက်မှတ်ဖို့အတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။

* စာကျက်မယ့်နေရာ (သို့) စာကျက်စားပွဲရှင်းလင်းထားပါ။ စားပွဲပေါ်မှာ စာကျက်ဖို့အတွက်စာအုပ်ကလွဲရင် ကျန်တာတွေ တင်မထားတာ ကောင်းပါတယ်။

ဒီအချက်တွေထဲက စာကျက်ဖို့အခက်အခဲဖြစ်နေသူတွေအတွက် စာမြန်မြန်မှတ်မိစေဖို့အတွက် အထောက်အပံ့တစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သိသလောက် အတွေ့အကြုံလေးတွေကို မျှဝေပေးထားတာဖြစ်လို့ အားလုံးနဲ့အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ဆိုရင် အသုံးချနိုင်ပါတယ်။

Read times Last modified on Wednesday, 29 January 2020 11:56
Rate this articles
(8 votes)