×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 21 February 2019

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဘာရွေးမလဲ ???

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မေးခဲ့ဖူးပါတယ်။ ကျွန်တော် ချက်ချင်းပြန်မဖြေနိုင်ခဲ့ပါဘူး။

မဖြေနိုင်တဲ့အပြင် ခနတောင် ဆွံ့အသွားမိပါတယ်။ “ကြိုက်တာ ရွေးကြေးဆို ဖြစ်ချင်တာရွေးချင်တာပေါ့ ဒါပေမယ့် အခြေအနေဆိုတာ ရှိသေးတယ်လေ ဖြစ်ချင်တာချည်းပဲ လုပ်လို့မှ မရတာ” ဒါကတော့ ကျွန်တော်ပြန်ဖြေမိတဲ့ စကားပါပဲ။

အားလုံးကတော့ ဖြစ်ချင်တာ ရွေးချင်ကြတာပေါ့ ဒါပေမယ့် တကယ်လည်း လက်တွေ့မှာက ဖြစ်ချင်တာကိုပဲ အမြဲရွေးလို့ မရဘူးလေ။ အများစုကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့်နဲ့ ဖြစ်သင့်တာကို ရွေးချယ်နေကြရတာပါပဲ ကျွန်တော် အပါအဝင်ပေါ့။

အကောင်းအဆိုး ဒွန်တွဲနေသလိုမျိုးပေါ့ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဆိုတာကလည်း တစ်ခုနဲ့တစ်ခု ယှဉ်တွဲနေကြတာပါပဲ။ ကိစ္စသေးသေးလေးတွေမှာ ဖြစ်ချင်တာကို ရွေးလိုက်ဖို့က လွယ်ပါတယ် ဥပမာ ဒီနေ့တော့ အင်္ကျီအဖြူရောင် ဝတ်ချင်တယ် ဆိုတဲ့အသေးအမွှားလေးတွေပေါ့။ ကိုယ်ဖြစ်ချင်တာ၊ ရွေးချင်တာကို အေးအေးဆေးဆေးကြိုက်သလို ရွေးလိုက်လို့ရတယ်လေ။

ဒါပေမယ့် တစ်ချို့ကိစ္စကြီးတွေ မှာကျတော့ ဆန့်ကျင်ဘက်ဖြစ်သွားတာပါပဲ ဆုံးရှုံးနိုင်တဲ့အရာတွေ၊ ဖြစ်လာမယ့်အကျိုးဆက်တွေကို စဉ်းစားလာရတဲ့အပြင် ဖြစ်သင့်တာကိုလည်း သေချာတွေးကြည့်နေရပြီလေ။ ကိစ္စကြီးလာလေလေ အရေးပါလာလေလေ ဘေးကျပ်နံကျပ်အခြေအနေနဲ့ ရင်ဆိုင်ရလေလေပါပဲ။

တစ်ချို့ကပြောတယ် “ငါဒါဝါသနာပါတယ်၊ ဒါဖြစ်ချင်တယ် ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ အခြေအနေမှ မပေးတာ၊ ပိုက်ဆံလည်း မရှိဘူး” ဆိုတာမျိုးတွေပေါ့။ မှန်ပါတယ် အခြေအနေကမပေးတဲ့အခါ ကိုယ်က ဖြစ်ချင်နေရင်တောင်မှ အရာအားလုံးက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတာတွေ တစ်ပုံကြီးပါပဲ။

ဒါပေမယ့် ကိုယ့်တကယ့်အိမ်မက်နဲ့ ပက်သက်လာရင် အခြေအနေအရ မဖြစ်နိုင်သေးဘူး ဖြစ်သင့်တာကို ရွေးချယ်ရမယ် ဆိုရင်လည်း ဒါကိုအရင်ရွေးချယ်လိုက်ပြီးမှ ဖြစ်ချင်တာကို ဖြည်းဖြည်းချင်း အကောင်အထည် ဖော်နိုင်ပါသေးတယ်။

ဖြစ်သင့်တာကို ရွေးချယ်ပြီးတဲ့အခါ ကိုယ်ဖြစ်ချင်တာကို “ငါတစ်နေ့ဖြစ်ကိုဖြစ်ရမယ်” ဆိုတဲ့စိတ်မျိုး မွေးထားပါ။ ကိုယ့်ရဲ့အိမ်မက်အတွက် ကိုယ်ဖြစ်ချင်တာကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့ တစ်နေ့အကောင်အထည်ဖော်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ခံယူချက်မျိုးနဲ့ နေပါ။

တစ်ချို့တွေက သူတို့အိမ်မက်တွေကို စွန့်လွှတ်လိုက်ကြတယ် ဖြစ်သင့်တာကို လုပ်ရင်းနဲ့ ဖြစ်ချင်တာကို သတိမရတော့ဘူး။ လုံးဝမေ့သွားကြတယ် အဲလိုနဲ့ အိမ်မက်တွေ ကိုယ့်ရဲ့ဆန္ဒတွေ ပျောက်ဆုံးသွားကြတယ်။

ကိုယ့်ရဲ့အိမ်မက်အတွက်၊ ကိုယ်ဖြစ်ချင်တာအတွက် လက်မလျှော့ပဲ သေချာပေါက် ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကိုယ်ဖြစ်ချင်တဲ့အရာက ကိုယ့်ရဲ့တကယ့် Passion ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဟိုဟာဖြစ်ချင်၊ ဒီဟာဖြစ်ချင်နဲ့ ပေါ်လိုက် ပျောက်လိုက် ပြောင်းလိုက်ဖြစ်နေတဲ့ ဝါသနာသက်သက်ကို ပြောတာမဟုတ်ဘူးနော်။

အရမ်းဖြစ်ချင်ခဲ့တဲ့အရာ ကိုယ့်ကို တကယ်ရင်ခုန်သံမြန်စေလောက်အောင် လေးနက်တာမျိုးကို ပြောချင်တာပါ။ ကိုယ်က ဇွဲရှိဖို့လည်း လိုပါတယ်နော် ဒါမှလည်း ဖြစ်သင့်တာကို လုပ်ရင်း ဖြစ်ချင်တာကို မေ့မသွားပါမှာ။ ဘဝက တိုတိုလေးပါပဲ ကိုယ့်ရင်ခုန်သံကို တစ်ခါလောက်တော့ နားထောင်သင့်တာပေါ့။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ယှဉ်တွဲလာတဲ့အခါ တကယ်လို့များ ဖြစ်ချင်တာ မရွေးနိုင်ခဲ့ဘူးဆိုရင်တောင်မှ ဖြစ်သင့်တာကို ရွေးချယ်ပြီး ကိုယ်ဖြစ်ချင်တာအတွက် ကြိုးစားပါနော်။ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်တကယ့်အိမ်မက်ကို အမှန်တကယ်အကောင်အထည် ဖော်နိုင်ကြပါစေ။

Source: Livethedream

Read times Last modified on Thursday, 30 January 2020 15:34
Rate this articles
(1 Vote)