×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 07 March 2019

စာမေးပွဲကာလအချိန်ကာလမှာ စားသင့်၊ ရှောင်သင့်တဲ့ အချက်များ

အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစု အတန်းတင် စာမေးပွဲဖြေဆိုနေကြပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင်ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေးပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေသူတွေ အနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစားအသောက်တွေကို ရေးသားလိုက်ရပါတယ်။

ဥအမျိုးမျိုးကို ဘာကြောင့် စားသင့်တာလဲ

ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ်ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိမဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာလအတွင်း စားသင့်ပါတယ်။

ဗီတာမင်စီပါသော အစားအစာကို ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကနေ သံဓာတ် စုပ်ယူမှုကို အားကောင်းစေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု များစေပါတယ်။ ဒါကြောင့် ဉာဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှည့်၊ မာလကာသီးနဲ့ ကညွတ်တို့လို ဗီတာမင်စီပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

ငါးကို ဘာကြောင့် စားသင့်တာလဲ

တစ်ပတ်မှာ အနည်းဆုံး ငါးသုံးကြိမ် စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့လို အဆီများတဲ့ ငါးတွေမှာ မှတ်ဉာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် များစွာ ပါဝင်ပါတယ်။

ထောပတ်သီးကို ဘာကြောင့် စားသင့်တာလဲ

ထောပတ်သီး၊ အခွံမာတဲ့ အစေ့အဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

ဟင်းသီးဟင်းရွက်များကို ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း အများအပြား ပါဝင်တဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ရင့် ဟင်းသီးဟင်းရွက်တွေက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေသလို မျက်စိအမြင်အာရုံကို ကောင်းမွန်စေတာကြောင့် သင်ခန်းစာတွေကို ဖတ်ရှုလေ့လာနေရသူတွေ စားသင့်ပါတယ်။

အမျှင်ပါသော ကောက်နှံစာကို ဘာကြောင့် စားသင့်တာလဲ

အခွံချွတ်မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ် အများအပြား ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းစေကာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ စိတ်ဖိစီးမှု တွန်းလှန်ပေးနိုင်တ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာကြောင့် စိတ်တည်ငြိမ်စေပြီး အရာရာကို ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင် တွေးခေါ်နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာတွေကို လေ့လာမှတ်သားနေချိန်အတွင်း စွမ်းအင်တိုးစေ ပါတယ်။ ဗီတာမင်ဘီများစွာ ပါဝင်တဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် အသားများများ မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။

ဒိန်ချဉ်ကို ဘာကြောင့် စားသင့်တာလဲ

ဒိန်ချဉ်အလွတ်ကို စားတာက အစာကြေညက်စေပြီး အူထဲမှာ အကျိုးပြု ဘက်တီးရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သင့်တော်ပါတယ်။

 

 Read More >>>>>  ဖြစ်ပါ့မလား…..လုပ်နိုင်ပါ့မလား… ???

 

အချိုရည်နှင့် သကြားပါသော ဖျော်ရည်များကို ဘာကြောင့် ရှောင်သင့်တာလဲ

သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အချိုစားချင်စိတ် ပြင်းပြနေရင် အစာစားပြီး အနည်းငယ်ပဲ သောက်ပါ။ ဒါဆိုရင် စားတဲ့ အစာနဲ့ ရောပြီး အစာကြေနှုန်းနှေးကာ သွေးကြောထဲ ရောက်ရှိနှုန်း လျော့နည်းသွားနိုင်ပါတယ်။

ကော်ဖီပြင်းပြင်းကို ဘာကြောင့် ရှောင်သင့်တာလဲ

တစ်နေ့တာအတွင်း ကော်ဖီအနည်းငယ် သောက်တာနဲ့ အိပ်ရာမဝင်ခင်အချိန် လေးနာရီအတွင်း ကော်ဖီ မသောက်ဘဲနေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်းကိုတော့ မသောက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ ကဖင်းဓာတ်က ဦးနှောက်ကို တက်ကြွလွန်အောင် လှုံ့ဆော်ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင်ယူခဲ့သမျှ မှတ်မိနေစေဖို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လိုပါတယ်။

ဆီကြော်ထားသော အမြန်စာများကို ဘာကြောင့် ရှောင်သင့်တာလဲ

ဆီကြော်ထားတဲ့ အမြန်စာထဲမှာပါတဲ့ ထရန့်စ်ဖတ်စ်တွေက ဦးနှောက်ထဲမှာ လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင် စိတ်ဓာတ်ကျတာလို စိတ်ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ အဆီများတဲ့ အစာတွေမှာ ကယ်လိုရီ ပါဝင်မှု လွန်ကဲပြီး အာဟာရဓာတ် နည်းတာကြောင့် တစ်နေ့လုံး ပင်ပန်းနေနိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင်တွေကို ဦးနှောက်က အာရုံစူးစိုက်နိုင်ဖို့ မသုံးနိုင်တော့ဘဲ အစာ ချေဖျက်ဖို့အတွက် သုံးနေရတာကြောင့် လေ့လာသင်ယူနိုင်စွမ်း လျော့ကျတတ်ပါတယ်။

Tip! အစာကို များများ မစားပါနှင့်

အစာကို တစ်ချိန်တည်းမှာ အများကြီး စားတာကြောင့် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့ကျတတ်ပါတယ်။ အစာကို မစားဘဲ နေတာကလည်း သွေးတွင်း သကြားဓာတ်ကျကာ စွမ်းအင်လျော့နည်းပြီး အာရုံစိုက်နိုင်စွမ်း မကောင်းတတ်ပါဘူး။

Source: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) (GH)

Read times Last modified on Thursday, 30 January 2020 17:30
Rate this articles
(1 Vote)