×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 18 March 2019

“ကိုယ်ချင်းစာတတ်ပါစေ”

“ကိုယ်ချင်းစာတတ်ပါစေ” google

EQ ကို အလွယ်ဆုံးရှင်းပြရရင် (၄)ပိုင်း ပါပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိဖို့၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့၊ တစ်ပါးသူရဲ့ ခံစားချက်ကိုသိဖို့၊ နောက်ဆုံးကတော့ တစ်ပါးသူတွေနဲ့ဆက်ဆံရေးကို စီမံခန့်ခွဲနိုင်ဖို့ပါ။ အဲဒီထဲမှာ တစ်ပါးသူရဲ့ ခံစားချက်ကို သိဖို့ဆိုတာက ကိုယ်ချင်းစာတရား (Empathy) ကို ဆိုလိုတာ ဖြစ်ပါတယ်။

ကိုယ်ချင်းစာတရားလို့ ပြောလိုက်ရင် ကျွန်တော်တို့က ဘာသာရေးနဲ့ဆိုင်တယ်တို့၊ ပရဟိတသမားတွေနဲ့ပဲ ဆိုင်တယ်တို့ ထင်တတ်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ ဘ၀မှာ အောင်မြင်ချင်သူတိုင်း ရှိရမယ့် အရည်အသွေးတစ်ခုပဲ ဖြစ်ပါတယ်။

Skill ဆိုတဲ့ ကျွမ်းကျင်မှုမှာ အဆင့်(၃)ဆင့် ရှိပါတယ်။

၁။ အတတ်ပညာ တတ်ကျွမ်းမှု (Technical skill)

၂။ လူတွေကို စီမံခန့်ခွဲနိုင်စွမ်း (Human skill)

၃။ သဘောတရားရေးရာ ကျွမ်းကျင်မှု (Conceptual skill) တို့ဖြစ်ပါတယ်။

နောက်ဆုံး Conceptual skill ကို ချန်ခဲ့လိုက်ပါမယ်။ ဥပမာ ဆရာဝန်တစ်ယောက် သူ့အလုပ်မှာ သိပ်ကျွမ်းကျင်တယ်ဆိုရင် Technical skill ပြည့်ဝတယ်လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒီထက် ပိုပြီး စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုနေရာတွေကို ယူချင်တယ်ဆိုရင်တော့ Human skill ပါ ရှိဖို့လိုလာပါတယ်။ လူတွေနဲ့ တွဲဖက်အလုပ်လုပ်တာ၊ လူတွေကို လှုံ့ဆော်တာ၊ စွဲဆောင်စည်းရုံးတာ၊ သိမ်းသွင်းတာ စတဲ့ အရည်အသွေးတွေ ရှိရပါမယ်။ တစ်ယောက်ယောက်က ပေးထားလို့ ရာထူးရနေရင်တောင် အဲဒီအရည်အသွေး အားနည်းရင် အလုပ်မှာ မအောင်မြင်နိုင်ပါဘူး။

အဲဒီလို လူတွေနဲ့ အလုပ်လုပ်နိုင်စွမ်း၊ လူတွေကို စီမံခန့်ခွဲနိုင်စွမ်း ရှိဖို့က ဘာလိုလဲဆိုရင်တော့ “ကိုယ်ချင်းစာစိတ်” ရှိဖို့လိုပါတယ်။

ကျွန်တော်တို့တွေ အလုပ်မှာ ဘာလို့အငြင်းပွါးမှုတွေ၊ Conflict တွေဖြစ်လဲ။ ကိုယ့်ဖက် တစ်ဖက်တည်း ကြည့်လို့ ဖြစ်ကြတာပါ။ ငါမှန်တယ် သူမှားတယ်ဆိုတဲ့ ရှုထောင့်မှာပဲနေပြီး သူ ဘယ်လိုတွေးလဲ၊ သူ ဘာလို့ ဒီလိုပြောလဲ ကျွန်တော်တို့ မတွေးကြပါဘူး။

လူငယ်လေးတစ်ယောက် သူ့မှာ အိုင်ဒီယာရှိတယ်။ အရင်းအနှီးမရှိဘူး။ အဲဒီမှာ အောင်မြင်ပြီးသား လုပ်ငန်းရှင်တစ်ယောက်ဆီ သွားတွေ့တယ်။ သူတွေးတာက သူဘယ်လိုအကောင်းဆုံးတင်ပြမယ်၊ ပြည့်ပြည့်စုံစုံ ရှင်းပြမယ်ပေါ့။ ဒါပေမယ့် တစ်ဖက်က လုပ်ငန်းရှင်ကြီး။ အချိန်တစ်နာရီလောက်ပေးပြီး နားမထောင်နိုင်ဘူး။ အဲဒါကို အရှည်ကြီးလာရှင်းပြနေတဲ့အခါ စစချင်း(၃)မိနစ်လောက်မှာကို သဘောကောင်းတဲ့သူဆို မင်း မြန်မြန်ပြော လို့ သတိပေးလိမ့်မယ်။ စိတ်မရှည်တဲ့သူဆိုရင်တော့ ရပြီ ရပြီ ပြန်ဆက်သွယ်လိုက်မယ် ဆိုပြီး ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ပါလိမ့်မယ်။

ကိုယ့်ကို ၀န်ထမ်းက ကလန်ကဆန်လုပ်တယ်။ ကျွန်တော်တို့ ဘာတွေးလဲ။ အရေးယူဖို့၊ စည်းကမ်းကိုင်ဖို့ပဲ တွေးတယ်။ သူဘာလို့ မကျေမနပ် ဖြစ်နေတာလဲ မစဉ်းစားကြဘူး။ ဒီတော့ ကိုယ့်ရှေ့တော့ မတတ်သာလို့ ငြိမ်နေပေမယ့် ကိုယ့်ကွယ်ရာရောက်ရော လုပ်ချင်ရာလုပ်ကြရော။

ဒါကြောင့် တစ်ခြားဖက်ကို မတွေးဘဲ ကိုယ့်တစ်ဖက်တည်းပဲ ကြည့်နေမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး၊ စည်းရုံးလို့မရဘူး၊ ဒီလိုပဲ လွှမ်းမိုးလို့လည်း မရဘူး။ ဒီတော့ ဘယ်လိုကြီးကျယ်တဲ့ အလုပ်မျိုးကိုမှလည်း လုပ်နိုင်မှာ မဟုတ်ဘူး။

ဒါဆို ကိုယ်ချင်းစာတရား အားကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ။

လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး။ ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်း၊ ဘ၀ပေးအခြေအနေပေါ် မူတည်ပြီး တချို့က ကိုယ်ချင်းစာတတ်တယ်။ တချို့ကျတော့ တစ်ကိုယ်ကောင်းဆန်တယ်ပေါ့။

အကောင်းဆုံး အကြံဉာဏ်တစ်ခု ပေးရရင်တော့ ကိုယ်ချင်းစာတတ်ချင်ရင် “ရသစာပေ ဖတ်ပါ” ဆိုတာပါပဲ။

ရှိုတ်စပီးယားက ပြောဖူးပါတယ်၊ ဘ၀ဆိုတာ ဇာတ်ခုံတစ်ခုဖြစ်ပြီး ကျွန်တော်တို့လူသားတွေကတော့ အဲဒီဇာတ်ခုံပေါ်က ဇာတ်ဆောင်တွေပါ တဲ့။

 Read More ; မ(၄)ခု ဖြေရှင်းနည်း

သိပ်မှန်တဲ့ စကားပါ။ အဲဒီလိုကိုယ်တိုင်က ဇာတ်ဆောင်တစ်ယောက်ဖြစ်တော့ ကျွန်တော်တို့တွေဟာ ကိုယ့်ဇာတ်ကောင်အကြောင်းပဲ ကိုယ်သိပါတယ်။ တစ်ခြားဇာတ်ကောင်အကြောင်းတွေ ကျွန်တော်တို့ မသိကြဘူး။ ဒီအခါ အထင်တွေလွဲတယ်၊ အမြင်တွေမှားတယ်၊ အပြစ်တွေတင်မိတယ်၊ အငြင်းတွေ ပွားကြတယ်။

Facebook မှာ ဖြစ်တတ်တာလေးတစ်ခုနဲ့ ဥပမာပေးပါမယ်။ ကိုယ်သေချာရေးထားတဲ့ပို့စ်တစ်ခုကို လူတစ်ယောက်က Haha လုပ်သွားတယ်ဆိုပါတော့။ အမှန်က သူလှောင်ချင်လို့ လုပ်တာမဟုတ်ဘူး။ မှားနှိပ်မိတာ။ သူ့ဟာသူလည်း မှားနှိပ်မိတာ မသိဘူး။ ကိုယ့်ဖက်ကကြည့်တော့လည်း ဒီလူ ငါ့ကိုလှောင်သွားတယ်ပေါ့။ အထင်တွေလွဲတယ်။

ကိုယ်က Message ပို့လိုက်တယ်။ Seen ဖြစ်သွားတယ်။ Reply မပြန်ဘူး။ မပြန်ရကောင်းလားဆိုပြီး စိတ်တိုတယ်။ တစ်ဖက်မှာကျတော့ ကားမောင်းနေတုန်းမို့ မပြန်နိုင်တာ၊ အစည်းအဝေးထဲ ရောက်နေလို့၊ ပြန်မယ်လုပ်ခါမှ အရေးပေါ်ကိစ္စပေါ်လာလို့၊ ဒါမျိုးတွေ ဖြစ်နိုင်တယ်။

ချိန်းထားတာကို လာနေတယ်၊ လမ်းမှာ ကားပျက်သွားတယ်။ ဖြစ်ချင်တော့ ဖုန်းအားကလည်း ကုန်နေပြီး Power bank ကလည်း ပါမလာဘူး။ ဒီဖက်ကကျတော့လည်း စောင့်နေရတာကြာပြီ၊ ဖုန်းကလည်း ဆက်မရဘူး။ ဒီလူ ငါ့ကိုမလေးစားဘူး ဆိုပြီး စိတ်တိုနေတာပေါ့။ ဟိုလူကကျတော့လည်း သူ့ဒုက္ခနဲ့သူ။

ကိုယ်တိုင် ပါဝင်ကပြနေရတဲ့ ဇာတ်ဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် နားမလည်နိုင်ကြဘဲ အငြင်းပွါးနေ၊ အထင်လွဲနေကြပေမယ့် အဲဒီ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အဖြစ်အပျက်တွေကို ဘေးကနေ မြင်နေရတဲ့သူကတော့ အကုန်သိတယ်။ ဘာလို့ Haha နှိပ်မိတာလဲ၊ ဘာလို့စာမပြန်တာလဲ၊ ဘာလို့နောက်ကျတာလဲ သိသလို၊ ဒီလူ ဘာလို့စိတ်တိုနေတာလဲ၊ သူ့ကို မလေးစားဘူး ဘာလို့ထင်တာလဲ ဆိုတာတွေလည်း သဘောပေါက်တယ်။

တကယ်တော့ ရသစာပေ၊ ၀တ္ထုဖတ်တယ်ဆိုတာ အဲဒါပါပဲ။ “အဖြစ်အပျက်တွေကို ဘေးလူအနေနဲ့ ကြည့်နေတာပါ”။ ကြည့်ပါများလာတဲ့အခါ လူတွေရဲ့ အကြောင်းကို ပိုသိလာတယ်။ ခံစားချက်တွေကို နားလည်ပေးတတ်လာတယ်။ တစ်ဖက်ရဲ့ အခြေအနေကို ထည့်တွေးပေးတတ်လာတယ်။ လုပ်ခလစာ တိုးတောင်းနေတဲ့ အလုပ်သမားတွေရဲ့ အနေအထားကို သိသလို သူဌေးရဲ့ အခက်အခဲကိုလည်း မြင်လာတယ်။ ဇာတ်လမ်းထဲမှာ အားလုံးရဲ့ အထင်လွဲမှုကို ခံလိုက်ရတဲ့သူဟာ တကယ်တမ်း အပြစ်ရှိတာ မဟုတ်ဘူးဆိုတာကို သိလာတယ်။

အကျိုးဆက်အနေနဲ့ လက်တွေ့ဘ၀မှာလည်း ညှိနှိုင်းဆောင်ရွက်တတ်သူ၊ ဂရုစိုက်တတ်သူ၊ နားလည်ပေးတတ်သူ၊ စည်းရုံးပြောဆိုတတ်သူ ဖြစ်လာတယ်။

ဝတ္ထုတစ်အုပ် ဖတ်လိုက်လို့ ဘာသိသွားလဲဆို ပြန်ပြောစရာ နည်းနည်းပဲ ရှိပါတယ်။ ဒါပေမယ့် ဖတ်ပါများလာတဲ့အခါမှာတော့ အကျိုးကျေးဇူးတွေ ရလာပါလိမ့်မယ်။ Human skill မြင့်ချင်ရင်၊ ကိုယ်ချင်းစာတတ်ချင်ရင်လည်း ရသစာပေ များများဖတ်ခြင်းက အလုပ်ဖြစ်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အောင်မြင်သူတော်တော်များများရဲ့ စာအုပ်စင်ကို သွားကြည့်ပါ။ ရသစာပေတွေက နေရာတော်တော်များများ ယူထားတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် ဘ၀မှာ အောင်မြင်ချင်ရင် တစ်ဖက်ကိုထည့်တွေးတတ်တဲ့ အလေ့အကျင့်မွေးပါ။ အဲဒီအလေ့အကျင့် ရလာဖို့ ရသစာပေဖတ်ပါ။ ဒါပါပဲ။

 

credit - ဒေါက်တာဖြိုးသီဟ

Read times Last modified on Tuesday, 04 February 2020 15:01
Rate this articles
(0 votes)