×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 21 March 2019

ဘဝမှာ လုံးဝမဖြုန်းတီးသင့်တဲ့ အရာ (၅)ခု

လူတစ်ယောက်ဟာ နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းလဲဆိုတာက ဘဝနောင်ရေးအတွက် သက်ရောက်မှုရှိပါတယ်။

နေ့စဉ်ပုံမှန်လုပ်ဆောင်တဲ့ အလေ့အကျင့်တွေ၊ အစဉ်အလာတွေက ရေရှည်မှာ အောင်မြင်မှုနဲ့ ကျရှုံးမှုကို ခွဲခြားပေးနိုင်ပါတယ်။ ဘယ်လိုရွေးချယ်မှုတွေကိုပဲ လုပ်လုပ် ဘဝကို မဖြုန်းတီးပစ်ဖို့ လိုပါတယ်။

ဘဝဆိုတာ တောင်းတိုလှပါတယ်။ ဒီလို ဘဝတိုတိုလေးမှာ အလဟဿဖြုန်းတီးပစ်လိုက်ဖို့ မသင့်တဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေက တစ်ခါလောက် ဆုံးရှုံးပျက်စီးသွားပြီဆိုတာနဲ့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ သိပါသလား။

(၁) အချိန်

“မင်းရဲ့အချိန်က အကန့်အသတ်ရှိတယ်၊
အခြားသူတွေ စိတ်တိုင်းကျ ရှင်သန်ရင်း မဖြုန်းတီးပစ်လိုက်နဲ့”

ဒီစကားကို Apple ရဲ့ CEO ဖြစ်တဲ့ Steve Jobs က ပြောခဲ့တာပါ။

ဟုတ်ပါတယ်။ အလဟဿဖြုန်းတီးပစ်လိုက်ဖို့ မသင့်တော်တဲ့အရာတွေထဲမှာ အချိန်က ထိပ်ဆုံးကပါဝင်ပါတယ်။ ယနေ့ခေတ်မှာ လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းက နှစ်ပေါင်း (၇၀)၊ ရက်ပေါင်း 25550 သာ ရှိပါတယ်။ ဒီအရေအတွက်ဟာ အရင်ခေတ်က အောင်မြင်ခဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းတိုတောင်းပါတယ်။ ဒါပေမယ့် လူတိုင်း နှစ်(၇၀)သက်တမ်းနေရမယ်လို့ ဘယ်သူမှမပြောနိုင်ပါဘူး။ တစ်ချို့တွေကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြသလို တစ်ချို့ (၇၀)ကျော်ပြီး နေရတာမျိုးလည်း ရှိနိုင်ပါတယ်။ သင့်ရဲ့ သက်တမ်းက ဘယ်လောက်ရှိလဲဆိုတာ မသိနိုင်ပါဘူး။ ဒါ့ကြောင့် အချိန်ရှိတုန်း တန်ဖိုးရှိအောင် ရှင်သန်ပါ။

(၂) ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ခိုင်မြဲပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝ၊ အချစ်ရေးအတွက် ဗဟိုချက်ဆိုလည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာဟာ တန်ဖိုးထားရမယ့် လက်ဆောင်မွန်တစ်ခုပါ။ မိသားစုကို တည်မြဲစေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာသာမရှိတော့ရင် မိသားစုဘဝတစ်ခုလုံး ပြိုလဲသွားမှာ သေချာပါတယ်။ လက်ရှိမိသားစုဘဝကို တန်ဖိုးထားပါ။ ဘဝလက်တွဲဖော်ကို ချစ်ခင်မြတ်နိုးပါ။

 

Read More >>>>> မျှော်လင့်ချက် မဆုံးရှုံးပါစေနဲ့…???

 

(၃) အသိပညာ

အသိပညာဗဟုသုတတွေကို ဘယ်တော့မှ မဖြုန်းတီးပစ်ပါနဲ့။ စာဖတ်ပါ။ လက်လှမ်းမီသမျှ စာပေမှန်သမျှ အကျိုးရှိပါတယ်။ စိတ်ကို တွန်းအားဖြစ်စေနိုင်တဲ့၊ စိတ်ဓာတ်ခွန်အားရစေနိုင်မယ့် ဗီဒီယိုတွေကြည့်ပါ။ အောင်မြင်သူတွေအကြောင်းကို လေ့လာပါ။ သူတို့ရဲ့ဘဝဖတ်သန်းပုံတွေကို အတုယူပါ။ သင်ကိုယ်တိုင်လည်း ထိပ်ဆုံးကို ရောက်ရှိလာပါလိမ့်မယ်။ အောင်မြင်သူတိုင်းက စာဖတ်ကြပါတယ်။ သူတို့ရဲ့အချိန်ကို အကျိုးမရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရင်း ဖြုန်းတီးမပစ်တတ်ကြသူတွေပါ။ သူတို့ရဲ့ အားလပ်ချိန်တွေတိုင်းကို အသိပညာဗဟုသုတတွေ ဖြည့်ဆည်းဖို့ အသုံးပြုတတ်ကြပါတယ်။

(၄) ယုံကြည်မှု

ယုံကြည်မှုဆိုတာ ဘယ်သောအခါမှာ အလွဲသုံးစားလုပ်ပြီး ဖြုန်းတီးပစ်လို့မရတဲ့ အဖိုးတန်ပိုင်ဆိုင်မှုတစ်ခုပါ။ ယုံကြည်မှုကို တစ်ခါဆုံးရှုံးလိုက်ရရင် ပြန်ရဖို့ ခက်ခဲသွားတတ်ပါတယ်။ ယုံကြည်မှု တစ်ခုကို တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်လိုအပ်ပေမယ့် ပျက်စီးသွားဖို့ကတော့ မိနစ်ပိုင်းလောက်ပဲ ကြာတယ်ဆိုတာ မမေ့ပါနဲ့။

(၅) ငွေကြေး

ကိုယ်ပိုင်လုပ်အားနဲ့ ရှာဖွေထားတဲ့ ငွေကြေး ဘာဖြစ်လို့ ဖြုန်းတီးပစ်မှာလဲ။ ဘယ်တော့မှ ငွေကို မဖြုန်းတီးပါနဲ့။ ငွေကြေးနဲ့ ပျော်ရွှင်မှုကို ဝယ်လိုမရဘူးလို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ငွေမရှိရင် ဘာဖြစ်မလဲ ပြောနေစရာမလိုပါဘူး။ ဒီခေတ်ကြီးထဲမှာ ငွေမရှိပဲ ရှင်သန်ရပ်တည်ဖို့ ခက်ခဲပါတယ်။ ဟုတ်ပါတယ်။ ပျော်ရွှင်မှုကို ငွေနဲ့ ၀ယ်လို့မရပါဘူး။ ငွေမရှိဆင်းရဲနေတာကရော ပျော်နေနိုင်မှာလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ဒါ့ကြောင့် ငွေက အရေးကြီးပါတယ်။

ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကို ရေရှည်အတွက် အကျိုးဖြစ်စေမယ့် ပညာရေး၊ ကျန်းမာရေး စတာတွေအတွက် ရင်းနှီးမြုပ်နှံထားပါ။ သင့်ရဲ့ငွေကို မှန်မှန်ကန်ကန်သုံးတတ်မယ်ဆိုရင် ဆပွားတိုးပြီး ပြန်ဝင်လာပါလိမ့်မယ်။

Source: Gentleman Magazine

Read times Last modified on Tuesday, 04 February 2020 15:00
Rate this articles
(3 votes)