×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 22 March 2019

အောင်မြင်မှုကို မနက်ခင်းတွင် ရှာဖွေပါ

အောင်မြင်သူတွေသာ သိရှိနားလည်ထားတဲ့ လျို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ အောင်မြင်သူတွေဟာလည်း အခြေခံအားဖြင့် ကျွန်တော်တို့ ခင်ဗျားတို့လောက်ပဲ သိကြတာဖြစ်ပါတယ်။

ဒါပေမယ့် အောင်မြင်သူတိုင်း လုပ်ဆောင်လေ့ရှိတာတစ်ခုတော့ရှိပါတယ်။ မနက်စောစောအိပ်ရာထာခြင်းပဲ ဖြစ်ပါတယ်။

မနက်စောစောအိပ်ရာထပြီး တစ်ရက်စာအတွက် ကြိုတင်ပြင်ဆင်တာက လျို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်းပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင်တော့ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်တဲ့ လက်နက်ကောင်းတစ်ခု ဖြစ်လာမှာပါ။ ဒီတော့ ဘ၀မှာ ရည်းမှန်းချက်တွေ အထမြောက်အောင်မြင်ပြီး စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် မနက်ခင်းအချိန်ကို အကျိုးရှိရှိဘယ်လို အသုံးချမလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် လက်ရှိကမ္ဘာမှာ အောင်မြင်ကျော်ကြားနေတဲ့ ပုဂ္ဂိုဟ်အများစုရဲ့ မနက်ခင်းအချိန်အသုံးပြုတဲ့နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အကောင်းမြင်စိတ်တွေနဲ့ နိုးထကြတယ်

မနက်ခင်းအိပ်ရာထချိန်မှာ လူအများစုက စိတ်မကြည်မလင်ဖြစ်တတ်ကြပါတယ်။ စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ရာထနိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ မနက်စောစောအိပ်ရာထဖို့ပဲ ဖြစ်ပါတယ်။ မနက်စောစောအိပ်ရာထမယ်ဆိုရင် သင့်ရဲ့အတွေးတွေကို ဆင်ခြင်သုံးသပ်ဖို့ အချိန်ရမှာဖြစ်သလို တစ်နေ့တာအတွက် အစီအစဉ်တွေကို စိတ်ရှည်လက်ရှည်နဲ့ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်သူတွေအတွက်တော့ မနက်စောစောအိပ်ရာထခြင်းဟာ အခြားသူတွေထက် အသာစီးရစေဖို့ အချိန်ပိုရသွားသလိုပါပဲ။ သင်လည်း အောင်မြင်ချင်တယ်ဆို စိတ်ကြည်လင်လန်းဆန်းစွာနဲ့ မနက်စောစောထနိုင်အောင် ကြိုးစားပါ။

၂။ မနက်စာ ကောင်းကောင်းစားတယ်

မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးဖြစ်ကြောင့် အောင်မြင်သူတိုင်းက သိကြပါတယ်။ ဒါ့ကြောင့် မနက်စာကို သေချာစားသောက်ကြပါတယ်။ မနက်စာကို ဖြစ်သလိုစားလေ့ရှိပါသလား။ ဒါမှမဟုတ် အချိန်မရလို့ လုံးဝမစားတာမျိုးရော ရှိပါသလား။ မနက်စာကောင်းကောင်းစားခြင်းအားဖြင့် တစ်နေ့လုံး လှုပ်ရှားလုပ်ကိုင်ဖို့အတွက် ခန္ဓာကိုယ်ကို အားအင်ပြည့်ဝနေစေပါတယ်။

၃။ လုပ်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်တယ်

မနက်ခင်းအချိန်ဟာ တစ်နေ့တာလုပ်ဆောင်ရမယ့်အလုပ်တွေကို ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်အဖြစ် အောင်မြင်သူတိုင်းက လက်ခံထားကြပါတယ်။ ဒီအချိန်မှာ အနှောက်အယှက်ကင်းကင်းနဲ့ စီစဉ်လုပ်ဆောင်နိုင်တာကြောင့် ဖြစ်ပါတယ်။ တစ်နေ့တာမှာ အပြီးလုပ်ရမယ့် အရေးကြီးကိစ္စသုံးခုကို ချရေးထားပါ။ ဒီလိုဆိုရင် နေ့ရက်တိုင်းမှာ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ ရည်မှန်းချက်တွေ ပြီးမြောက်ရုံသာမက နောက်ထပ်နေ့ရက်တွေအတွက်လည်း စိတ်ဓာတ်ခွန်အားတက်ကြွလာမှာဖြစ်ပါတယ်။

၎။ လေ့ကျင့်ခန်းလုပ်တယ်

မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် သွေးလည်ပတ်မှုမှန်ကန်ပြီး စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ဒါ့ကြောင့် တီထွင်ဖန်တီးနိုင်မှု၊ အလုပ်ပြီးမြောက်မှုတွေ တိုးတက်မြင့်မာလာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးပဲဖြစ်ဖြစ် အရေးကြီးတာက ခန္ဓာကိုယ် လှုပ်ရှားမှုရှိနေဖို့ပဲဖြစ်ပါတယ်။

၅။ အိပ်စက်တယ်

မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းစွာနဲ့ နိုးထလာနိုင်ဖို့ ညဖက်မှာ အိပ်ရေး၀၀အိပ်စက်ရမှာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အားအင်ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပြီး နောက်တစ်နေ့ကို ဖြတ်သန်းနိုင်ဖို့ ကူညီပေးပါတယ်။ အိပ်စက်ခြင်းဟာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာသင်ယူနိုင်စွမ်း၊ အလုပ်လုပ်နိုင်စွမ်းနဲ့ တုံ့ပြန်နိုင်စွမ်းတို့အပေါ်မှာ သက်ရောက်မှုရှိတာကြောင့် အိပ်ရေးဝအောင် အိပ်စက်ဖို့ လိုပါတယ်။

၆။ အစီအစဉ်တကျဖြစ်အောင် ရှင်းလင်းတယ်

အောင်မြင်သူတိုင်းက သူတို့ပိုင်ဆိုင်တဲ့အရာမှန်သမျှကို အစီအစဉ်တကျဖြစ်အောင် ရှင်းလင်းစီစဉ်ထားလေ့ရှိပါတယ်။ စိတ်ကိုရှုပ်ထွေးစေနိုင်တဲ့အရာမှန်သမျှကို ရှင်းလင်းထားမယ်ဆိုရင် အရေးကြီးအလုပ်တွေကို ပိုပြီးအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့နောက် မနက်ခင်းမှာ ရုံးကို စောစောသွားပြီး အလုပ်နေရာဝန်းကျင်ကို သန့်ရှင်းရေးလုပ်တာ၊ အစီအစဉ်တကျဖြစ်အောင် ပြင်ဆင်ထားတာတွေက တစ်နေ့တာအလုပ်တွေ ပြီးမြောက်အောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာပါ။

Source: Gentleman Magazine

Read times Last modified on Tuesday, 04 February 2020 15:00
Rate this articles
(1 Vote)