×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 22 March 2019

အမှားလုပ်တာဟာ သင်ခန်းစာရလိုက်တာပါ

အမှားလုပ်တာဟာ သင်ခန်းစာရလိုက်တာပါ google

တစ်ခါမှာ ထင်ရှားကျော်ကြားတဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက်ကို သတင်းထောက်တစ်ယောက်က ဘာကြောင့် တီထွင်မှုတွေ အများကြီးကို လုပ်နိုင်ခဲ့တာလဲလို့ မေးတယ်။

ပညာရှင်ကြီးက သူ အသက် ၂ နှစ်သားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်ပါလို့ ပြောပြီး ခုလို ရှင်းပြတယ်။ တစ်မနက်မှာ သူဟာ ရေခဲသေတ္တာထဲက နွားနို့ပုလင်းကြီးကို စားပွဲပေါ်တင်ဖို့အတွက် လက်နှစ်ဖက်နဲ့ မ,ယူထုတ်လိုက်တယ်။ နိ့ပုလင်းကြီးဟာ သူ့လက်တွေထဲကနေ ချောပြီး ကြမ်းပြင်ပေါ်ကို လွတ်ကျပြီး ခွမ်းကနဲ ကွဲသွားတယ်။ နို့တွေဟာ မီးဖိုခန်းရဲ့ ကြမ်းပြင်တစ်ခုလုံးမှာ ဖိတ်စင်သွားပါတယ်။

သူ့အမေဟာ ပုလင်းကျကွဲသံကြားလို့ မီးဖိုခန်းထဲကို ၀င်လာတယ်။ ကြမ်းပြင်တစ်ခန်းလုံး နွားနို့တွေနဲ့ အိုင်ထွန်းနေတာကို တွေ့လိုက်တယ်။ သူဟာ အမေကို မြင်လိုက်တော့ ကြောက်လန့်ပြီး ကိုယ်လုံးလေးဟာ တုန်ယင်နေပါတယ်။ ဒါပေမဲ့ အမေဟာ သူ့ကို အော်ဟစ်ငေါက်ငန်းခြင်း၊ ဆူပူကြိမ်မောင်းခြင်း၊ ဒဏ်ပေးခြင်းစတာတွေ လုံးဝမလုပ်ဘဲ ခုလို ပြောလိုက်ပါတယ်။ “သားလေး၊ မင်းဟာ နို့ပုလင်းကို လွတ်ချလိုက်ပြီး အံ့သြစရာကောင်းတဲ့ နို့အိုင်ကြီးတစ်ခုကို ဖန်တီးလိုက်ပြီ။ ဒါတွေဟာ ဖြစ်ပြီးသွားပြီ။ ဖြစ်ပြီးသွားတာတွေအတွက် ၀မ်းနည်းမနေနဲ့။ နောင်တရမနေနဲ့။ ငါတို့ ကြမ်းပြင်ပေါ်က နွားနို့တွေကို ရှင်းလင်းပြီး ခြောက်သွေ့အောင် ပြန်မလုပ်ခင် မင်း နို့အိုင်ထဲမှာ လူးလိမ့်ပြီး အားရအောင် ကစားလိုက်ပါအုံး” တဲ့။

သူဟာ အမေပြောသလို နို့အိုင်ထဲမှာ လူးလိမ့်ကစားနေလိုက်တယ်။ သူ ကစားလို့ အားရတော့ အမေက “သားလေး၊ မင်း မီးဖိုခန်းကို ခုလို ညစ်ပတ်ပေရေအောင် လုပ်ပြီးသွားရင် သန့်ရှင်းရေးလုပ်ပြီး နဂိုမူလအတိုင်း ဖြစ်အောင် ပြန်လုပ်ရမယ်။ အဲဒီတော့ ဘယ်လို သန့ှ်ရှင်းရေးလုပ်ကြမလဲ။ တံမြက်စည်းမလား။ အ၀တ်နဲ့ သုတ်မလား။ ရေမြှုပ်နဲ့ တိုက်မလား။ မင်း ဘယ်ဟာကို ကြိုက်သလဲ”။ သူက အ၀တ်နဲ့ သုတ်မယ်ပြောလို့ သားအမိနှစ်ယောက် မီးဖိုကို အ၀တ်တွေနဲ့ သုတ်ပြီး ခြောက်သွေ့အောင် လုပ်လိုက်ကြပါတယ်။

သန့်ရှင်းရေးလုပ်ပြီးသွားချိန်မှာ အမေက သူ့ကို ခုလို ပြောပါတယ်။ “သားလေး၊ အခု မင်းကြုံတွေ့ခဲ့တာဟာ မင်းဟာ မီးဖိုခန်းကို ညစ်ပေစေချင်လို့ တမင်လုပ်လိုက်တာ မဟုတ်ဘူး။ မင်းရဲ့ လက်သေးသေးလေးနှစ်ဖက်နဲ့ နွားနို့ပုလင်းကြီးကို ဘယ်လို ကိုင်ပြီး သယ်ရမယ်ဆိုတဲ့ စမ်းသပ်မှု ကျရှုံးသွားတာပါ။ ဒီတော့ နွားနို့ပုလင်းအလွတ်တစ်လုံးနဲ့ ပန်းခြံထဲက ရေပန်းမှာ ရေဖြည့်ပြီး နို့ပုလင်းကို လွတ်မကျအောင် ကိုင်ရမလဲဆိုတာကို လေ့ကျင့်ကြည့်စမ်း”။ သူဟာ ပန်းခြံထဲမှာ ရေအပြည့် ဖြည့်ထားတဲ့ ပုလင်းကို လွတ်မကျအောင် လေ့ကျင့်တယ်။ လက်နှစ်ဖက်ကို ပုလင်းအောက်ခြေနားမှာ ကိုင်ပြီး သယ်ရင် လွတ်မကျဘူးဆိုတာကို သိလိုက်တယ်။ ပုလင်းသယ်တဲ့ နည်းသစ်ကို ရှာတွေ့လိုက်တယ်။ ၂ နှစ်သားကလေးအတွက် စိတ်လှုပ်ရှားစရာ ရှာဖွေတွေ့ရှိမူပါ။

တီထွင်ပညာရှင်ကြီးက ဒီအကြောင်း သတင်းထောက်ကို ခုလို ဆက်ရှင်းပြတယ်။ သူဟာ အဲဒီအချိန်က စပြီး အမှားလုပ်မိမှာကို ကြောက်စရာ မလိုဘူးဆိုတာကို သိလိုက်ရတယ်။ တကယ်တမ်း အမှားလုပ်တယ်ဆိုတာ အသစ်အဆန်းတစ်ခုကို တွေ့ရှိဖို့ အခွင့်အလမ်းတစ်ခု ဖြစ်တယ်။ စမ်းသပ်မှုတစ်ခု လုပ်ရင်း အမှားလုပ်မိတယ်။ မအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီအမှားကနေ သင်ခန်းစာတစ်ခုခုတော့ ရလိုက်ပါတယ်။ ဒါကြောင့်မို့လည်း သူဟာ ကျရှုံးမှာကို မကြောက်ဘဲ စမ်းသပ်မှုတွေ အများကြီးလုပ်ရင်း အောင်မြင်မှုကြီးတွေကို ရလိုက်တာပါတဲ့။

သင့်ကလေး အမှားတစ်ခုခု လုပ်မိတယ်။ ဆူဆဲငေါက်ငမ်းတာတွေ လုပ်မယ့်အစား သိပ္ပံပညာရှင်ကြီးရဲ့ အမေလို ကလေးကို ပညာပေးတတ်တဲ့ မိခင်တွေ ဖြစ်ကြပါစေဗျာ။

 

 

Read More : အင်္ဂလိပ်စကားပြောတတ်ဖို့ အရေးကြီးဆုံးအရာတစ်ခု

 

 

Credit - ဗန်းမော်သိန်းဖေ Bamaw Thein Pe

sayar.com

Read times Last modified on Tuesday, 04 February 2020 15:03
Rate this articles
(0 votes)