×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 28 March 2019

ဘယ်လိုပုံစံမျိုးဖြင့် တရုတ်စာ သင်ယူလေ့လာမလဲ

ဘယ်လိုပုံစံမျိုးဖြင့် တရုတ်စာ သင်ယူလေ့လာမလဲ google

တရုတ်စာကို အစကနေပဲဖြစ်ဖြစ်၊ ရောက်နေတဲ့နေရာကပဲဖြစ်ဖြစ် ဆက်လေ့လာဖို့ဆိုရင် မိမိကိုယ်ကို မမေးမဖြစ်မေးရမယ့် မေးခွန်းလေးတွေပါ။

တတ်ချင်တာလား ၊ မဖြစ်မနေသင်ရတာလား။

- တတ်ချင်တာဆိုရင်တော့ တတ်လာမှာပါ။ မဖြစ်မနေသင်ရမှာဆိုရင်တော့ အချိန်ပိုပေးပြီး သင်ရမည်ဖြစ်ပါတယ်။

တရုတ်စာကို ဘာဖြစ်လို့တတ်ချင်တာလဲ။

- ဘာကြောင့်ပဲ တတ်ချင်တတ်ချင် အကြောင်းရင်းတစ်ခုတော့ မရရအောင်ရှာပါ။ အနည်းဆုံးတော့ တရုတ်ကားတွေကြည့်ရင် နားလည်ချင်လို့ပါလို့ ပြောရင်လဲရပါတယ်။ အကြောင်းရင်းခိုင်မာရင် ခိုင်မာသလောက် အကျိုးတရားလည်း ခိုင်မာတတ်လို့ပါ။

ဘယ်လောက်အထိတတ်ချင်တာလဲ။

- ဘယ်အဆင့်အထိ တတ်ချင်တာလဲ ၊ ဘာနဲ့တိုင်းတာမှာလဲ ၊ အခြေခံလား ၊ အလယ်အလတ်လား ၊ အဆင့်မြင့်လား ၊ အချိန်ကာလ ဘယ်လောက်ပေးမှာလဲ ၊ စကားတတ်ချင်တာလား ၊ စာတတ်ချင်တာလား ၊ ကောင်းကောင်းမွန်မွန်ပြောတတ် ၊ ကောင်းကောင်းမွန်မွန်ရေးတတ်တဲ့အထိ သင်မယ်ဆိုရင်တော့ ပေးရမယ့် အချိန်က နည်းနည်းနောနောမဟုတ်ပါဘူး။

ဘယ်ပညာကိုမဆို သင်ယူဖို့လိုအပ်တဲ့အခြေခံအချက်တွေကို ပုံမှန်ပေးချင်ရဲ့လား။

- ဥပမာ...ငွေကြေး၊ အချိန်၊ ကြိုးပမ်းအားထုတ်မှု။ အဲဒါတွေတစ်ခုမှမပေးပဲ ဘာပညာမှ မရပါဘူး။ ပြီးတော့ သူတို့အားလုံးဟာ စပ်ဆက်နေပါတယ်။ နည်းနည်းပဲပေးရင် နည်းနည်းပဲရပါမယ်။

မိမိမှာ တရုတ်စကားပြောတဲ့အသိုင်းအ၀ိုင်းရှိလား။

- ရှိရင်ကံကောင်းပါတယ်။ စကားပြောအမြန်တတ်လာမှာပါ။ မရှိရင်တော့ ဘယ်လိုရှိအောင်လုပ်မလဲဆိုတာ စဉ်းစားရပါမယ်။

- Online ကနေ တရုတ်စကားပြောလေ့ကျင့်ဖို့ မလွယ်ပါဘူး။ စာလေ့လာဖို့ပဲလွယ်မှာပါ။ အဲဒီတော့ အနည်းဆုံး သင်တန်းတစ်ခုကို အားကိုးရမှာပါ။

စနစ်တကျတတ်ချင်တာလား။

- စနစ်တကျ တတ်ချင်ရင်တော့ ဆရာတစ်ယောက်ဆီက အရင်ဦးဆုံး ဆည်းပူးရပါမယ်။

- အခြေခံကို စနစ်ကျနစွာ ပိုင်နိုင်သွားပြီဆိုရင်တော့ မိမိဘာသာဆက်ပြီး လေ့လာလို့ရပါပြီ။ စနစ်မကျရင် အချိန်ပိုကုန်ပါတယ်။ လူပိုပင်ပန်းပါတယ်။

- ဘယ်လိုဆက်ပြီး စနစ်တကျ လေ့လာရမယ်ဆိုတာသိဖို့လည်း အရေးကြီးပါတယ်။

ဘယ်ဆရာကောင်းလဲ ၊ ဘယ်စာအုပ်ကောင်းလဲ။

- ဘယ်ဆရာ ဘယ်စာအုပ်မဆို အကန့်အသတ်ရှိပါတယ်။ သူ့အနေအထားနဲ့သူ ကောင်းကြပါတယ်။

- ဆရာကောင်းမကောင်းကိုလည်း သင်ယူကြည့် လိုက်ရင် သိလာနိုင်ပါတယ်။ ဒီဆရာက ကိုယ်နဲ့မသင့်တော်ရင် နောက်ဆရာတစ်ယောက်ရှာဖို့ပဲ ရှိပါတယ်။

- ဆရာမျိုးစုံဆီက ဆည်းပူးနိုင်ရင်လည်း ယူတတ်ရင် ပညာရစရာချည်းပဲဖြစ်ပါတယ်။

ဘာဆင်ခြေတွေကတားဆီးထားသလဲ။

- အလုပ်လုပ်နေရလို့၊ အချိန်က ညမှအားတာ၊ မနက်မှအားတာ ၊ အသက်ကြီးသွားလို့ ၊ ဥာဏ်မကောင်းလို့၊ ပိုက်ဆံမရှိလို့၊ အတူသင်မယ့် အဖော်မရှိလို့၊ ဆရာက လူနည်းရင်မသင်ဘူးတဲ့ စသဖြင့် ကြိုက်တဲ့ဆင်ခြေပေးလို့ရပါတယ်။

- တတ်မြောက်ခြင်းကလည်း သင့်ဆင်ခြေ အတိုင်း အချိုးကျကျ လိုက်နေမှာပါ။ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ အခြေအနေတစ်ခုကတော့ တကယ်တတ်မြောက်ချင်တဲ့ လူတွေအတွက် ရှိနေမှာ မလွဲပါဘူး။

Source: translation notes

Read times Last modified on Tuesday, 04 February 2020 15:11
Rate this articles
(1 Vote)