×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 19 April 2019

လူချစ်လူခင်များအောင် မိမိရဲ့ စိတ်ခံစားမှုကို ဘယ်လို ထိန်းချုပ်မလဲ?

လူချစ်လူခင်များအောင် မိမိရဲ့ စိတ်ခံစားမှုကို ဘယ်လို ထိန်းချုပ်မလဲ? google

စိတ်ခံစားမှုဆိုတာ တကယ်တမ်း တော်တော်ကို ထိန်းချုပ်ရခက်တဲ့ အရာပါ။ စိတ်ဟာ တစ်စက္ကန့်လေး အတွင်းမှာတောင်

သက်ရှိသက်မဲ့ပေါင်း ထောင်သောင်းများစွာဆီ ရောက်အောင် သွား နိုင်တဲ့ အစွမ်း ရှိပါတယ်။

ဒီအစွမ်းဟာ အသုံးမချတတ်ရင် အန္တရာယ်များပြီး ထိန်းချုပ်နိုင်ရင်တော့ သင့်ကို လူချစ်လူခင် ပေါများစေမှာပါ။

သင့်ရဲ့ စိတ်ကို သင်ကိုယ်တိုင် မထိန်းချုပ်နိုင်ရင် အခြားသူတွေရဲ့ လွှမ်းမိုးမှုကို ခံရတတ်ပါတယ်။ အခြားသူတွေ အပြစ်တင်တာကို လိုက်ပြီး ခံစားမယ်၊ ဒေါသထွက်မယ်၊ အခြားသူတွေ ၀ိုင်းကဲ့ရဲ့တာကို လိုက်ပြီး ခံစားမယ်၊ ၀မ်းနည်းမယ်၊ ဒီလိုသာ ဖြစ်နေမယ် ဆိုရင် သင်ဟာ သူများစိတ်နဲ့ အသက်ရှင်နေတဲ့သူ ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။

ခေါင်းဆောင်ကောင်း တစ်ဦးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ စိတ်ခံစားမှု ထိန်းချုပ်နိုင်ခြင်း ဆိုတဲ့ အချက်ဟာလည်း အရေးကြီးဆုံးနေရာက ပါဝင်နေပါတယ်။

ဒါကြောင့် မိမိရဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်လို့ ရနိုင်မလဲဆိုတာ အောက်ကအချက်လေးတွေကို ဖတ်ပြီး လေ့လာလိုက်ပါ။

 

(၁) ချက်ချင်း မတုံ့ပြန်လိုက်ပါနဲ့။

 

ဒေါသထွက်နေတဲ့အချိန်မှာ ပြောလိုက်တဲ့ စကားက သင့်ကို တချိန်မှာ ပြန်ပြီး နောင်တရစေပါလိမ့်မယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်ကို ဒေါသဖြစ်စေတဲ့ အပြောအဆိုတွေ အပြုအမူတွေ လုပ်နေရင်တောင်မှ ချက်ချင်း တုံ့ပြန်စကား မပြောလိုက်ပါနဲ့။ ၅ မိနစ်လောက် အသက်ပြင်းပြင်း ရှူလိုက်ပါ။ စိတ်ငြိမ်သွားပြီး မိမိရဲ့ စိတ်ကို ထိန်းချုပ်နိုင်တဲ့ ပုံမှန် အခြေအနေကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျမှ စကားဆက်ပြောပါ။ သင် တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာကို ရင်ဆိုင်သွားနိုင်ပါလိမ့်မယ်။

 


(၂) စာရွက်တစ်ခုခုပေါ်မှာ ရေးခြစ်လိုက်ပါ။

သင် သိပ်ပြောချင်ပေမဲ့ ချုပ်တီးလိုက်တဲ့ စကားလုံးတွေ အားလုံးကို စာရွက်တစ်ခုခုပေါ်မှာ ရေးချလိုက်ပါ။ တစ်စုံတစ်ယောက်ကို သွားပြီး ရင်ဖွင့်လိုက်တာထက် ဒီနည်းက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီသူက ဘယ်လောက်ထိ ယုံကြည် စိတ်ချရလဲဆိုတာ သင်မသိနိုင်ပါဘူး။

အများစုက သင့်ရဲ့ ပြဿနာတွေကို ကြားပြီး ကွယ်ရာမှာ ကြိတ်ပျော်ကောင်း ပျော်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သင်ပြောချင်တဲ့ စကားလုံးတွေ၊ သင်မကျေနပ်တာတွေ၊ သင်ဖြစ်ချင်တာတွေ အားလုံးကို စာရွက်ပေါ်မှာပဲ ဖောက်ထုတ်လိုက်ပါ။ သင့်ရဲ့စိတ် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်။

 

(၃) အတွေးတွေကို ပြောင်းလဲလိုက်ပါ။

လူတိုင်းလိုလို မိမိနဲ့ စိတ်အခန့်မသင့်တဲ့ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့တယ်ဆိုရင် တနုံ့နုံ့ တွေးပြီး ပိုဒေါသထွက်မိတတ်ပါတယ်။

ဘာကြောင့် ပြဿနာဖြစ်ခဲ့တာလဲ၊ သူ့ကြောင့် ငါ့ကြောင့် ဆိုတာတွေချည်းပဲ လိုက်တွေး၊ အပြစ်ပြန်ရှာပြီး စိတ်ညစ်နေမယ့်အစား ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ စဉ်းစားပါ။ ဖြစ်နိုင်ရင် အဲဒီအတွေးတွေကို ရပ်တန့်လိုက်ပြီး အခြား ပျော်စရာကောင်းတဲ့ အကြောင်းအရာတွေနဲ့ အစားထိုးလိုက်ပါ။

 


(၄) အနှုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါ။



အပျော်တွေ ဝေမျှတာမျိုး၊ စိတ်ချမ်းသာစရာတွေ ပြောပြတာမျိုးဆိုရင် လူတိုင်း နားထောင်ပေးနိုင်မှာပါ။

ဒါပေမဲ့ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာ အကြောင်းအရာတွေကိုတော့ အခြားသူတွေကို သွားပြောဖို့ မပြောနဲ့၊ သင့်အနေနဲ့ စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ပဲ သင့်ရဲ့မျက်နှာမှာ ပေါ်လွင်နေစေမယ်ဆိုရင်တောင် အနားမှာရှိတဲ့ သူတွေကို အနေရခက်စေ၊ ပူလောင်စေပါတယ်။


မိမိက ရာထူးအကြီးပိုင်း ဖြစ်နေတယ်ဆိုရင် ပိုဆင်ခြင်သင့်ပါတယ်။ သင့်ရဲ့လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေက သင့်မျက်နှာကို ကြည့်ပြီး လုပ်ငန်းနဲ့ ပတ်သတ်တာတွေကိုတောင် မပြောရဲ ဖြစ်နေပါလိမ့်မယ်။ ကြောက်ပြီး ချစ်နေတာထက် လေးစားပြီး ချစ်ခင်နေတာပဲ ကောင်းတယ် မဟုတ်ပါလား။

စိတ်ခံစားချက်တွေ ရှိနေရင်တောင်မှ သင့်နှုတ်ခမ်းထက်မှာ ချိုသာတဲ့ အပြုံးတစ်ခုကို တပ်ဆင်ထားပါ။ အတွင်းမီး အတွင်းမှာပဲ ထားပါ၊ အပြင်မီး အပြင်မှာပဲ ထားပါ။ သွားလေရာ သယ်ဆောင်မသွားပါနဲ့။

 


(၅) ကောင်းတဲ့အချက်တွေ ပြန်တွေးပါ။



ပန်းချီကားတစ်ချပ်လုံးကို ကြည့်မြင်သလိုမျိုး ပြဿနာကိုလည်း ကြည့်မြင်ပါ။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး စကားများ ရန်ဖြစ်တဲ့အခါ ကောင်းတဲ့အချက်တွေကို မေ့လျော့သွားပြီး အပြန်အလှန် အားနည်းချက်တွေကို စကားလုံးတွေနဲ့ ထိုးနှက် တိုက်ခိုက်တတ်ကြပါတယ်။

 ကောင်းတာလေးတွေကို အတွေးထဲ ထည့်ဖို့လည်း သတိရပေးပါ။ ဒေါသထွက်နေတဲ့ စိတ်တွေ လျော့ပါးသွားပြီး စိတ်ပြန်ကြည်လာပါလိမ့်မယ်။

 

 

(၆) တရားထိုင်ပါ။



နောက်ဆုံးပြောချင်တာ တစ်ခုကတော့ သင်အနေနနဲ့ စိတ်ခံစားမှုလွယ်ပြီး ခဏခဏ ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ စိတ်ပျက်အားငယ်တာ စတာတွေ ဖြစ်တတ်တယ်ဆိုရင် တရားထိုင်ပါ။

ဒီနည်းဟာ တစ်ကမ္ဘာလုံးက ကျင့်သုံးနေတဲ့ အကောင်းဆုံးသော စိတ်ခံစားမှု ထိန်းချုပ်တဲ့နည်း ဖြစ်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက်ဖြစ်ဖြစ် ဘာမှမတွေးပဲ ငြိမ်ငြိမ်လေး စိတ်အေးသက်သာစွာ တရားထိုင်ကြည့်ပါ။ သိသာလာပါလိမ့်မယ်။

Read times Last modified on Monday, 17 February 2020 16:47
Rate this articles
(0 votes)