×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 19 June 2019

"အာင်မြင်ချင်ရင် နောက်လိုက်လိုမတွေးနဲ့"

"အာင်မြင်ချင်ရင် နောက်လိုက်လိုမတွေးနဲ့" google.com

လူတော်တော်များများမှာ နောက်လိုက်စိတ်ရှိတယ်။ နောက်လိုက်စိတ်ရှိတဲ့သူတွေက


- တာဝန်အသစ်တွေမယူဘူး (ဒါ ငါ့တာဝန်မဟုတ်ဘူး)
- ခိုင်းမှပြောမှလုပ်တတ်တယ် (ငါလုပ်စရာမဟုတ်ဘူး)
- ကိုယ်နဲ့မဆိုင်သလိုအမြဲနေတတ်တယ် (တခြားသူတွေလုပ်လိမ့်မယ်လို့ တွေးတယ်)
- ကိစ္စအဝဝကို တခြားသူတွေအပေါ်မှာပဲ မှီခိုနေတယ် (တခြားသူတွေက သူတို့အတွက် လုပ်ပေးလိမ့်မယ်လို့တွေးတယ်
- ခံယူချက်တွေ၊ တန်ဖိုးနဲ့ ရည်ရွယ်ချက်တွေမရှိဘူး (ခိုင်းတာကြောင့်သာ လုပ်နေရတာ)
- ဆက်လက်သင်ယူလေ့လာတာတွေ မလုပ်ဘူး (လက်ရှိနေရာကနေ အမြင့်ကိုတက်ဖို့ စိတ်ကူးမရှိဘူး)


နောက်လိုက်စိတ်ရှိတဲ့သူတွေက မအောင်မြင်နိုင်ဘူး။ လူတစ်ရာမှာ ကိုးဆယ်က အဲဒီနောက်လိုက်စိတ်ရှိတယ်။ ဒါကြောင့် သူတို့က သာမန်အဆင့်လို့တောင်ပြောလို့မရတဲ့ သူများသနားမှ ချမ်းသာရာရတဲ့ နေရာမှာနေကြရတယ်။ သာမန်အဆင့်ဖြစ်ရတာမှာ မကျေနပ်စရာမရှိဘူးဆိုလည်း ဖြစ်တာပါပဲ။

နာက်ဆုံးမှာ ကိုယ်ပျော်ဖို့က အရေးကြီးတာမလား။ ကိုယ်က ရောင့်ရဲလွယ်လို့ တိုက်ခိုက်ရ ပင်ပန်းရတာ မနှစ်သက်လို့ ဒီလောက်နဲ့ပဲ ကျေနပ်တတ်တယ်ဆိုလည်း ရတာပါပဲ။ ဒါပေမယ့် ကိုယ်တိုင်က သူများလို ကြီးပွားတိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့နောက်လိုက်စိတ်ကိုလည်း မစွန့်နိုင်လို့ လက်ရှိအနေအထားမှာပဲနေနေရတာဆိုရင်တော့ တစ်နေ့ “ငါ့ကို အလုပ်မဖြုတ်ပါစေနဲ့”လို့ ဆုတောင်းနေရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် မုန်းတီးမိလိမ့်မယ်။

>>> အလုပ်သမားနဲ့ အလုပ်ရှင်ကြားက သံသရာ

ဒီနောက်လိုက်စိတ်ပေါ်မူတည်ပြီး အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ မပြီးဆုံးနိုင်တဲ့သံသရာတစ်ခုလည်တယ်။
အလုပ်သမားတွေးတာက “ငါ့ကို ဒီလောက်ပဲလစာပေးထားတယ်။ အဲဒီအတွက် ဒီလောက်ပဲလုပ်ပေးမယ်”
အလုပ်ရှင်တွေးတာက “ဒီကောင် ဒီလောက်ပဲလုပ်နေတာ ဒီလောက်ပဲပေးမှာပေါ့။ ဘာလို့ရာထူးတိုးပေးမလဲ လစာတိုးပေးမလဲ”
ဒီမှာတင် သံသရာလည်နေတော့တာပဲ။ တစ်ခါတလေ ရာထူးတိုးမြန်တဲ့သူတွေ၊ လစာတိုးမြန်တဲ့သူတွေကိုယ့်အနားပတ်ဝန်းကျင်မှာမြင်ရတွေ့ရဖူးလား။ သူတို့ကိုတွေ့တဲ့အခါ ကိုယ်နဲ့ယှဉ်ပြီး သုံးသပ်ဖြစ်တာများလား။ ဒါမှမဟုတ် စိတ်ထဲမကျေမနပ်နဲ့ ဖားလို့ ရာထူးတိုးလစာတိုးတာနေမှာပေါ့လို့ တွေးမိလား။ ဘာကြောင့် ကိုယ့်ကျတော့ ရာထူးလည်းမတိုး လစာလည်းမတိုး မျက်နှာသာလည်းမပေးဖြစ်နေရတာလည်းဆိုတာကို တွေးကြည့်ဖူးလား။

>>> ဒီသံသရာကို ဖောက်ထွက်မှရမယ်။ ဘယ်လိုဖောက်ထွက်မလဲ။ ဘယ်သူကအရင်ဖောက်ထွက်မလဲ။

ဘယ်အလုပ်ရှင်ကိုမှ “ကျွန်တော့်ကို ရာထူးတိုးပေးပါ လစာတိုးပေးပါ အလုပ်ကြိုးစားပြမယ်” လို့ သွားပြောလို့မရဘူး။ ဖောက်ထွက်ရမယ့်သူက ကိုယ်တိုင်ပဲဖြစ်မှရမယ်။ ကိုယ့်ကိုကိုယ်ကလွဲရင် တခြားသူတွေကို ကိုယ်မပိုင်ဘူးလေ။
အလုပ်သမားတစ်ယောက်က ဒါငါ့အလုပ်မဟုတ်ဘူး။ ငါနဲ့မဆိုင်ဘူး။ ငါတာဝန်ယူစရာမလိုဘူး။ ငါနေသာသလိုနေမှာပဲ။ မလိုအပ်ဘဲ အပင်ပန်းမခံပါဘူး၊ ငါ့ကို ခိုင်းတော့မှလုပ်မယ် စသဖြင့် နောက်လိုက်တစ်ယောက်ရဲ့ စိတ်ထားကို စတင်စွန့်လွှတ်ပြီဆိုတဲ့အချိန်မှာ လည်နေတဲ့သံသရာစက်ဝန်းက ရပ်တန့်သွားတယ်။
တာဝန်အသစ်တွေပိုယူလာတယ်။ ကိုယ်ကနေ စတင်ဦးစီးဦးရွက်လုပ်လာတယ်။ လုပ်တဲ့အလုပ်တွေက တော်ရုံပဲဆိုတဲ့အဆင့်ကနေ ကောင်းမွန်တဲ့အဆင့်ကို တိုးတက်လာတယ်။ ကောင်းမွန်လာတယ်ဆိုတဲ့အခါမှာ အလုပ်ရှင်ဘက်ကနေလည်း ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာမှာပဲ။

>>> နောက်လိုက်စိတ်မရှိတဲ့အခါ တခြားဘက်တစ်ခုကို မြင်လာတယ်။

ဒီအကြောင်းကို တခုတ်တရပြောရတာက ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် တခြားတစ်ဘက်ကနေ စဉ်းစားတွေးကြည့်နိုင်တဲ့အစွမ်းက အောင်မြင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်လို့ပါ။
စစ်တိုက်တာတော်တဲ့ စစ်သူကြီးတစ်ယောက်က တစ်ဘက်ကရန်သူ ဘယ်လိုတွေးလဲဆိုတာကို စဉ်းစားနိုင်တယ်။ စာရေးကောင်းသူတစ်ယောက်က စာဖတ်တဲ့သူတွေ ဘာဖတ်ချင်မလဲဆိုတာကို ပုံဖော်ကြည့်နိုင်တယ်။

ထူးချွန်တဲ့အရောင်းသမားတစ်ယောက်က ဝယ်သူတွေ ဘာကိုလိုချင်တာလဲဆိုတာကို ခန့်မှန်းနိုင်တယ်။ ဝန်ထမ်းတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တဲ့ လုပ်ငန်းရှင်ကောင်းတစ်ယောက်ဟာ ဝန်ထမ်းတစ်ယောက်လို ခံစားကြည့်နိုင်စွမ်းရှိတယ်။ 
ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့အလုပ်သမားကောင်းတစ်ယောက်ဟာ အလုပ်ရှင်တစ်ယောက်လို တွေးကြည့်နိုင်စွမ်းရှိတယ်။

ကိုယ့်ကိုကိုယ်နဲ့ပတ်သက်လို့ သုံးသပ်တဲ့အခါ "ငါ" ဆိုတာနဲ့ပဲ အချိန်ပြည့်စဉ်းစားရင် ငါရာထူးမတိုးဘူး၊ ငါလစာမတက်ဘူး၊ ငါမပျော်ဘူးဆိုတာတွေပဲ မြင်ရတယ်။ ဒါပေမယ့် တခြားတစ်ဘက်ကကြည့်ကြည့်။ ငါအလုပ်ရှင်ဆို ငါလိုလူကို ရာထူးတိုးပေးမလား။ လစာတိုးပေးမလား။ ချီးမြှင့်မြှောက်စားထားမလားဆိုတာကို။

လူတိုင်းက လစာတိုးလိုချင်တယ်၊ ရာထူးတက်ချင်တယ်။ ဒါပေမယ့် ရာထူးတိုးဖို့၊ လစာတိုးဖို့အတွက် ဘာတွေလုပ်ပြီးသွားပြီလဲ။ ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးဖို့အတွက် ဘယ်လောက်အချိန်ပေးပြီးသွားပြီလဲ။ ဘယ်လိုတာဝန်အသစ်တွေယူပြီး ဘယ်လိုခေါင်းဆောင်မှုတွေ ပြပေးနိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေမှာကျတော့ အဖြေမဲ့သွားရော။

နောက်လိုက်တစ်ယောက်လိုပဲ အချိန်ပြည့်တွေးတဲ့အခါ တခြားဘက်မှာ ဘာတွေရှိနေလဲ၊ ဘယ်လိုတွေ တွေးနေလဲဆိုတာကို မမြင်နိုင်တော့ဘူး။ အဲဒီနောက်မှာတော့ ကိုယ့်ကိုကိုယ် မကျေနပ်တဲ့စိတ်ရယ်၊ ကိုယ့်ကိုနေရာမပေးကောင်းလား မချီးမြှောက်ကောင်းလားဆိုပြီး တခြားသူတွေကို မကျေမနပ်ဖြစ်နေတဲ့စိတ်တွေရယ်နဲ့ ဘဝက ပိုပိုနစ်မွန်းလာလိမ့်မယ်။

အောင်မြင်ချင်ရင် နောက်လိုက်လိုမတွေးနဲ့။ အဲဒီအတွေးနဲ့ အမူအကျင့်တွေကို စွန့်လွှတ်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုတွေရောက်လာနိုင်ပါလိမ့်မယ်။

ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အောင်မြင်ဖို့ဆိုတာက ဖြစ်နိုင်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှုတော့ရှိရမှာပေါ့။

Credit - ဒေါက်တာသူရိန်လှိုင်ဝင်း

သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ချင်တယ်ဆိုရင်တော့ sayar.com.mm မှာ ရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆက်သွယ်လိုက်ပါ။

Read times Last modified on Wednesday, 19 June 2019 17:06
Rate this articles
(2 votes)