×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 06 July 2018

ပျံကျဈေးသည်ဘဝမှ ကမ္ဘာကျော်ဖြစ်လာသူ (သို့) စတီဗင်ချောင်

ပျံကျဈေးသည်ဘဝမှ ကမ္ဘာကျော်ဖြစ်လာသူ (သို့) စတီဗင်ချောင် google.com

သူတောင်းစားဘဝကနေဘုရင်ဖြစ်တာ ပုံပြင်စာအုပ်ထဲပဲရှိတယ်လို့ခင်ဗျားယုံကြည်နေသ၍သူတောင်းစားပဲ ခင်ဗျားလုပ်နေရဦးမှာပဲ။ မဖြစ်နိုင်တာတွေကိုယုံကြည်ပါကမ္ဘာကြီးမှာ မဖြစ်နိုင်တာတွေကပဲ ယနေ့ခေတ်မှာဖြစ်နေလို့ပါ။ ”

 

စတီဗင် ချောင်

၁၉၆၂ ခုနှစ် ဇွန်လ ၂၂ရက်နေ့။တရုတ်နိုင်ငံ ဟောင်ကောင်မြို့ကသာမာန်မိသားစုတစ်စုမှာ ကလေးတယောက်ကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူလောင်းကစားသမားရဲ့ အကြွေးဒဏ်တွေကို အလူးအလဲခံနေရတဲ့ ဇနီးဖြစ်သူ Chi အတွက်တော့ သားသမီး၅ယောက်နဲ့စားဝတ်နေရေးကကြပ်တည်းလွန်းလှတယ်။ အမ ၄ယောက်ကပဲ ဒီကလေးကိုထိန်းကျောင်းခဲ့ရပြီး မိခင်ဖြစ်သူကတော့ ယောကျာ်းဖြစ်သူရဲ့ဒဏ်တွေကြောင့် စိတ်ဝေတနာရောဂါစတင်ခံစားနေရချိန်ပေါ့။ ဒီကလေးကလဲဒီလောက်သားသမီးများတဲ့မိသားစုမှာမှ လူဖြစ်ရပါ့မလားဆိုတဲ့ ဖခင်ရဲ့အဆဲအဆိုစကားတွေကနောက်ဆုံးတော့ မိခင်ဖြစ်သူနဲ့ကွာရှင်းဖို့ဖြစ်ခဲ့ပါတော့တယ်။ ထိုကလေး ၅နှစ်တောင်မပြည့်သေးခင်အရွယ်မှာပေါ့။

အမဖြစ်သူ ၄ယောက်ကပဲ အမြဲလိုလိုကြောင်တောင်တောင်ဖြစ်နေတတ်တဲ့မိခင်နဲ့မောင်ဖြစ်သူ လူမမယ်ကလေးကိုခေါ်ပြီးထိုအချိန်က ဟောင်ကောင်ရဲ့စရိုက်ကျတဲ့အခွန်လွတ်ဈေးတစ်ခုနောက်က အပေါစားအိမ်ခန်းတစ်ခုမှာ ပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။ အမကြီးဖြစ်သူက အမကြီးအမိရာပီသပါပေတယ်။ ဈေးထဲမိန်းကလေးတန်မဲ့ ခေါက်ဆွဲဆိုင်တစ်ခုမှာ အကူအနေနဲ့ဝင်လုပ်တယ်။ အမလတ်ဖြစ်သူက လက်သည်းညှပ်လိုက်ရောင်းတယ်။ အငယ်ဆုံး ညီမနဲ့မောင်လေးအပြင် မိခင်ဖြစ်သူရောဂါသည်ကိုပါ လုပ်ကိုင်ကျွေးမွေးခဲ့ကြတယ်။ ဒါပေမယ့် မိခင်ဖြစ်သူကလဲ ဒီတိုင်းတော့မနေခဲ့ဘူး သူရူးသွားရင်တောင်သားဖြစ်သူကို အမတွေလိုပညာမတတ် သူများခိုင်းဖက်မဖြစ်စေချင်တဲ့အတွက် ကျရာအလုပ်လုပ်ပြီးပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

မိန်းမသားတွေနဲ့ချည်းနေရတဲ့ယောကျာ်းလေးတစ်ယောက်အဖို့ တော့ အခက်အခဲရှိလှတာပေါ့။ အမတွေက အရမ်းချစ်တော့ မောင်ဖြစ်သူကိုပိုးမွေးသလိုမွေးထားကြတယ်။ အဖြစ်သည်းတယ်ပေါ့ဗျာ။ ဒါကြောင့်လဲမောင်ဖြစ်သူဟာ စကားနည်းခြင်း တစ်ခုခုဆိုငိုတတ်ခြင်း ကနွဲ့ကလျဖြစ်ခြင်းတွေအကျင့်ပါလာခဲ့တယ်။ ဒီလိုနဲ့ သူမူလတန်းကို အမအငယ်ဖြစ်သူနဲ့အတူစတက်ချိန်မှာတော့ ပြဿနာကစတာပါပဲ။ ကျောင်းမှာ ညီမတွေကျောင်းလာပြီတို့ အခြောက် စသဖြင့်အစခံရတယ်။ ဒါပေမယ့် ငိုပြီးကျောင်းပြန်လာတာကလွဲရင် ဘာမှပြန်မတုန့်ပြန်တတ်ခဲ့ဘူး။ အမဖြစ်သူတွေက မဖြစ်တော့ဘူးဆိုပြီး ကျောင်းထိလိုက်ရန်တွေ့ရတာလဲ အခါမနည်းပေါ့။ ဒါပေမယ့် မောင်ဖြစ်သူကတော့ မပြောင်းလဲသွားခဲ့ပါဘူး။

နောက်ပိုင်း အမြဲလိုလိုအားငယ်နေတတ်တဲ့သားဖြစ်သူကို မိခင်ကစိတ်အပြောင်းအလဲဖြစ်အောင် TV တစ်လုံးဝယ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဆင်းရဲသားမိသားစုတွေအဖို့ TV တစ်လုံးတန်ဖိုးကမသေးလှပါဘူး။ TV အိမ်ကိုစရောက်ပြီးမကြာဘူး သားဖြစ်သူစတင်စိတ်ဝင်စားသွားတဲ့သူက ဘရုစ်လီပါပဲ။ ဘရုစ်လီကားတွေကို အမြဲကြည့်အမြဲအားပေးတတ်တဲ့သားဖြစ်သူဟာ ထိုအချိန်ကစပြီး ” အမေ သားသူ့လိုမင်းသားဖြစ်ချင်တယ် ”ဆိုတဲ့စကားကို စတင်ဖွင့်ပြောခဲ့ပါတော့တယ်။ ဒါကမိခင်ဖြစ်သူသားကိုပြုပြင်ပြောင်းလဲဖို့လမ်းစရခဲ့တာပါပဲ။

စိတ်ကူးယဉ် မူတိုင်းဟာလက်တွေဖြစ်လာဖို့ လမ်းစပါပဲ။”

အဲ့ဒီနောက်ပိုင်းမှာတော့ သားဖြစ်သူစတင်ပြောင်းလဲလာခဲ့တယ်။ မင်းသားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးယဉ်မူကို သူ့ငယ်ဘဝကိုလွှမ်းမိုးထားလိုက်ချိန်ပေါ့။ ဒါပေမယ့် အမဖြစ်သူ မတော်တဆကားတိုက်မိရာက အိမ်ရဲ့စားဝတ်
နေရေးအတွက် သူပါပါဝင်ရုန်းကန်ဖို့ဖြစ်လာခဲ့တယ်။ ၇နှစ်သားဘဝမှာ လက်သည်းညှပ်အိတ်ကြီးကိုလွယ်ပြီး ဟောင်ကောင်ဈေးလမ်းတစ်ခုမှာ သူ့ဘဝရဲ့ပထမဆုံးရုန်းကန်မှုကိုစတင်ခဲ့ပါတယ်။


သူကမရှက်တတ်တော့ဘူး အငယ်မဖြစ်သူက အမှတ်တရပစ္စည်းတချို့ကိုရောင်းခဲ့သလို သူကလဲလက်သည်းညှပ်ရောင်းခဲ့ကြတယ်။ အလယ်တန်းကျောင်းသားဘဝမှာတော့ ခေါက်ဆွဲဆိုင်မှာညပိုင်းစားပွဲထိုးပါလုပ်ရင်း ဘဝကိုရုန်းကန်ခဲ့ပါတယ်။အမလတ်ဖြစ်သူက ဓာတ်ပုံဆရာမသိပ်ဖြစ်ချင်တယ်။ ဒါကိုသိတဲ့မောင်ဖြစ်သူက အမဖြစ်သူအသက်၁၄နှစ်ပြည့်မွေးနေ့မှာ camera အဟောင်းတစ်လုံးကိုဝယ်ပေးနိုင်ဖို့စားပွဲထိုးအလုပ်ကို ကျောင်းတစ်ရက်အမြဲပျက်ပြီးပိုလုပ်ခဲ့ပါတယ်။ ဒါကိုမိခင်ဖြစ်သူကသိ ရိုက်ကြရန်ဖြစ်ကြနဲ့ ထိုကလေးရဲ့ငယ်ဘဝဟာ တွေးကြည့်ရင် ရင်နာစရာတွေများလှပါဘိ။ အထက်တန်းကျောင်းစတက်ချိန်မှာတော့သူဟာ ရုပ်ရှင်လောကကိုအရူးအမူးဖြစ်နေခဲ့ပါပြီ။ အားရင်အားသလို ဘရုစ်လီရဲ့အခွေတွေကြည့်လမ်းဘေးကရောင်းတဲ့သိုင်းစာအုပ်တွေဝယ်ပြီး သိုင်းကျင့်ခဲ့တယ်။ တဖက်မှာလဲ စားပွဲထိုးအပြင်ကြွေထည်စက်ရုံတစ်ခုကအထမ်းသမားအဖြစ်ပါလုပ်ခဲ့တယ်။

သူကတော့တခြားသူမဟုတ်ဘူး နောက်တစ်ချိန်မှာ အာရှရုပ်ရှင်အဆင့်အတန်းကို ကမ္ဘာအနှံ့ထိုးဖောက်ပြလာမယ့် အာရှရဲ့အက်ရှင်ဟာသ King အဖြစ်အသိအမှတ်ပြုခံရမယ့်နောက်ပိုင်း အကောင်းဆုံးဒါရိုက်တာ အကောင်းဆုံးဟာသသရုပ်ဆောင် Asia Pacific FilmFestival ရဲ့ အကောင်းဆုံးမင်းသား အဖြစ်သတ်မှတ်ခြင်းခံလာရမယ့် ကျုပ်တို့ငယ်ဘဝရုပ်ရှင်နည်းပညာတွေ မဆန်းသစ်ခင်မှာတောင် သူ့ကားတွေကအထူးအဆန်းတွေဖြစ်စေခဲ့တဲ့ ဟာသမင်းသားကြီး စတီဗင်ချောင်ပါပဲ။

မှတ်ဥာဏ်ဆိုတာ နာကျင်မှုရဲ့အရင်းမြစ်ပဲ။ အဲ့ဒီနာကျင်မှုကို မေ့ထားနိုင်မှုက ဆုလာဒ်တစ်ခုပဲ။ ”

Chow အထက်တန်းကျောင်းသားနောက်ဆုံးနှစ်မှာတော့ ကျောင်းထွက်ပြီးအလုပ်လုပ်ရဖို့အထိ မိသားစုစားဝတ်နေရေးဟာခက်ခဲခဲ့ပါပြီ။ သူကျောင်းထွက်ခဲ့ပြီး တက္ကသိုလ်ဆိုတာကြီးနဲ့ဝေးတဲ့ အလုပ်ကြမ်းသမားဘဝကိုရောက်ခဲ့ရတယ်။ ဒါပေမယ့် သူ့စိတ်ကူးယဉ်မှုဖြစ်တဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဘဝကို ဘယ်တော့မှမေ့မထားခဲ့ပါဘူး။ ဒီလိုနဲ့အလုပ်ကြမ်းသမားဘဝနဲ့၁၅နှစ်သားမှာ ရုန်းကန်နေစဉ် ရုံးတစ်ခုကအလုပ်သမားခေါ်တဲ့ကြော်ငြာစာစောင်တစ်ခုကို သူရရှိသွားခဲ့တယ်။

ဒါကြောင့်ပဲ သွားလျှောက်ရင်း ထိုရုံးရဲ့တောက်တိုမယ်ရ ပစ္စည်းထမ်းပစ္စည်းမ တစ်ခုခုဝယ်ခိုင်းရင်သွားဝယ်ပေးရတဲ့အလုပ်သမားအဖြစ် လုပ်ခွင့်ရခဲ့တယ်။ ဒါကလဲ ပညာတတ်တွေလုပ်ကိုင်တဲ့ရုံးတွေမှာ ဒီလိုအထက်တန်းကျောင်းသားအဆင့်အဖို့ ဒီလောက်ပဲလုပ်လို့ရတယ်ပေါ့။ ဒါပေမယ့်သူစိတ်မပျက်ခဲ့ဘူး ဘာကြောင့်လဲဆို ဒီရုံးကဝတ္ထုတွေကိုဖြန့်ချီပုံနှိပ် တည်းဖြတ်ပေးတဲ့ရုံးတစ်ခု။ ဒီကနေ Chow ဟာ ဝတ္ထုတွေရဲ့သဘောတရား ချိတ်ဆက်မူတွေကိုလေ့လာဖတ်ရူခဲ့တယ်။ အချိန်ကြာလာတော့ ဒီအလုပ်မှာဆက်လုပ်နေခြင်းကသူ့အိမ်မက်အတွက်ဘာမှဖြစ်လာမှာမဟုတ်ကြောင်းကို သိလာခဲ့တယ်။ ဒါကြောင့်ပဲ ထိုအလုပ်ကထွက်ပြီး ဟောင်ကောင်မြို့ပေါ်ကစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးထပ်လုပ်ခဲ့ပါတော့တယ်။

ဒါကသူ့ရည်ရွယ်ချက်တစ်ခုပါပဲ။ အကြောင်းကတော့ ဒီစားသောက်ဆိုင်ကပေးတဲ့အခန်းမှာနေရင်း နေ့လည်ပိုင်းတွေကို TVB ဆိုတဲ့ရုပ်သံလိုင်းတစ်ခုကဖွင့်တဲ့ သရုပ်ဆောင်သင်တန်းကိုတက်ချင်လို့ပါပဲ။ ဒါပေမယ့် ၉ကြိမ်တိတိဖြေခဲ့သရုပ်ဆောင်ပြခဲ့တာတောင် အရည်အချင်းလုံးဝမရှိဘူးဆိုပြီးပယ်ချခဲ့ပါတယ်။

 

Recommended for you - စိုက်ပျိုးရေးသိပ္ပံတက်ရောက်ရန် လမ်းညွှန်

 

ကိုယ်တိုင်မလုပ်ကြည့်ပဲနဲ့မဖြစ်နိုင်ပါဘူးကွာလို့ ဝေဖန်တတ်တဲ့သူတွေကို ကျတော်ရယ်မိတယ်။ မဖြစ်နိုင်တာထက် မလုပ်ချင်တာကလူတချို့အတွက် အဖော်ဖြစ်နေလို့ပါပဲ ”

၉ကြိမ်အပယ်ခံရပြီးနောက်မှာတောင် သူဟာဇွဲမလျှော့လို့ TVB ကနေ ဘယ်တော့မှဖောင်လက်မခံဖို့အထိ လုပ်ခဲ့ပါတယ်။ Chow ဟာဒီနည်းလမ်းနဲ့ရုပ်ရှင်လောကထဲဝင်ဖို့ မဖြစ်နိုင်တာကိုသိသွားခဲ့တယ်။ ဒါပေမယ့်ဇွဲမလျှော့ဘူး TVB ကရုပ်သံဇာတ်လမ်းတွေကို ရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့နောက်ကိုလိုက်ရင်း တစ်ဖွဲ့လုံးရဲ့အောက်ကျခံ လိုရာခိုင်းဖက်အဖြစ် ထပ်မံလုပ်ခဲ့ပါတော့တယ်။ မင်းသားခိုင်းတာအစ စက်အဖွဲ့ကအထမ်းသမားခိုင်းတာအထိ ရိုက်ကွင်းတစ်ခုလုံးရဲ့ ခိုင်းဖက်အဖြစ်လုပ်ရင်း သူရူးသွပ်တဲ့သရုပ်ဆောင်တစ်ဦးဘဝကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့ပါတော့တယ်။ ဒီအချိန်မှာသူသွားတွေ့တာက လီချီဟောင်ဆိုတဲ့ အရံမင်းသားတစ်ယောက်ပါပဲ။ လီချီဟောင်ကို သူတောက်တိုမယ်ရလုပ်ပေးရင်း သူနဲ့ခင်မင်လာခဲ့တယ်။ လီချီဟောင်က ဒီလူငယ်ဟာရုပ်ရှင်အပေါ်အရမ်းရူးသွပ်သူပါလားဆိုတာကို သိရှိသွားခဲ့ပြီး TVB ကနေညပိုင်းသင်တဲ့ သက်ကြီးပိုင်းသရုပ်ဆောင်သင်တန်းတစ်ခုမှာ သူ့ကိုတက်နိုင်ဖို့TVB ကိုပြောပေးခဲ့ပါတယ်။ 

၁၉၈၀ ခုနှစ် သူ့အသက် ၁၈နှစ်မှာ ဒီသင်တန်းကိုတက်ရောက်ခွင့်ရခဲ့ပြီး အသက်၂၀ထိရုပ်ရှင်ရိုက်ကွင်းရဲ့ တောက်တိုမယ်ရဘဝနဲ့လုပ်ခဲ့ရပါတယ်။ ၁၉၈၂ခုနှစ်မှာတော့ TVB ရဲ့ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Demi-Godsand Semi-Devils ဆိုတဲ့ဇာတ်လမ်းတွဲမှာ စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သေပေးရတဲ့လူတွေအခန်းနဲ့ ဖြတ်လျှောက် ၃ ၄ခန်းပါပဲ။ စကားပြောခန်းတစ်ခုမှ မပါပါဘူး။ ဒီလိုနဲ့ Chow ဟာ The Legend of Master So The EmissaryThe Old Miao Myth The Legend of the CondorFinal Justice စတဲ့ ဇာတ်လမ်းတွဲတွေမှာဖြတ်လျှောက် တစ်ခန်းစနှစ်ခန်းစ လူစားထိုး နဲ့ မြို့သူမြို့သားနေရာတွေ တစ်ခါတစ်လေ ရဲတပ်ဖွဲ့က ရဲတဦးမျှအဖြစ်သာပါဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ ၆နှစ်လုံးလုံးရုန်းကန်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ရယ်လို့ နေရာပြစရာသိပ်မရှိခဲ့တာတောင် ဇွဲမလျှော့ခဲ့ပါဘူး။ တစ်ခါ သူပါတယ်ဆိုတဲ့ဇာတ်လမ်းတွဲကို အမဖြစ်သူတွေကိုကြည့်ချင်လွန်းလို့ TV ကဒီနေ့ပါနိုးနိုး ဟိုနေ့ပါနိုးနိုးနဲ့စောင့်ကြည့်ခဲ့ကြတယ်။ သူပါဝင်တဲ့အခန်းဟာဇာတ်လမ်းတွဲစပြပြီး ၇လကြာမှ၁၃စက္ကန့်စာသာပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်ဒီလို ၆နှစ်တာ ဘာနေရာမှမရတာတောင် အနုပညာလောကကိုမစွန့်ခဲ့တဲ့ Chow ဟာရုပ်ရှင်နယ်ပယ်သားတချို့နဲ့တော့ခင်မင်ခွင့်ရခဲ့ပါတယ်။ ၁၉၈၃ခုနှစ်က သူပါဝင်ခဲ့တဲ့Space Shutt40 ဆိုတဲ့ ၅နှစ်ခွဲလောက်ကြာအောင်ပြသခဲ့တဲ့ ဒီအစီအစဉ်မှာလဲ Chow ဟာဒါရိုက်တာတချို့နဲ့ခင်မင်ခွင့်ရခဲ့ပါတယ်။

ဒါက Chow ရဲ့ပထမဆုံးရုပ်ရှင်ကား Final Justice မှာ ဒုတိယမင်းသားနေရာကနေ မင်းသားကြီး Danny Leeနဲ့အတူပါဝင်သရုပ်ဆောင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒီကားဟာဟောင်ကောင်ဒေါ်လာ၅သိန်းမျှသာသုံးပြီး ၈သန်းအထိအမြတ်ငွေရခဲ့တဲ့ကားဖြစ်သလို 25th Golden HorseAwards / Hong Kong Film Awards /Best New Performer နဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုရှင်အဖြစ် စတီဗင်ချောင်ဟာ ဒုတိယမင်းသားနေရာသာဖြစ်ပေမယ့် ဒီတစ်ကားလုံးရဲ့ လူစိတ်ဝင်စားမူအများဆုံး သရုပ်ဆောင်ဖြစ်ခဲ့ပါတော့တယ်။ တရုတ်ရုပ်ရှင်သမိုင်းမှာ ဒီလိုသာမာန်အောက်ကားတစ်ကားကနေ တစ်နှစ်တာအတွက် အဓိကဆုကြီးတွေသိမ်းပိုက်ခဲ့တာ အရမ်းထူးဆန်းခဲ့ကြတာပေါ့။ သရုပ်ဆောင်ချက်က တကယ်ကြေကွဲခံစားနေပေမယ့် လူအများအဖို့စတီဗင်ချောင်ရဲ့သရုပ်ဆောင်ချက်က ဘယ်မင်းသားနဲ့မှမတူတဲ့ဇာတ်ရုပ်တခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါက စတီဗင်ချောင်ဆိုပြီး အာရှရုပ်ရှင်လောကမှာ ဘယ်မင်းသားနဲ့မှမတူတဲ့ ရုပ်ရှင်လိုင်းတစ်ခုကို လမ်းဖောက်လာဖို့ မင်းသားတစ်ဦးပေါ်ထွက်လာခဲ့ခြင်းပါပဲ။

အဲ့ဒီနောက်တစ်ချို့ကားတွေ ဇာတ်လမ်းတွဲတွေမှာ အရံအဖြစ်ထပ်ပါခဲ့ပြီး စတီဗင်ချောင်ဆိုပြီး ထပ်မံတွေ့ရမယ့် ရုပ်ရှင်ကားတစ်ကားကို ၁၉၈၈ခုနှစ်မှာပဲ ကြေငြာခဲ့ပါတယ်။ ဒီကားကတော့ ၁၉၈၉ခုနှစ် စက်တင်ဘာလမှာရုံတင်ခဲ့တဲ့ မင်းသားကြီး ဂျက်လီရဲ့ Dragon Fight ရုပ်ရှင်ကားကြီးပါပဲ။ ဒီကားမှာ စတီဗင်ချောင်ဟာ ဇာတ်ပို့နေရာကပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီကားက Chow ကို ခေါင်းဆောင်မင်းသားတစ်ဦးဖြစ်ဖို့ လမ်းစရခဲ့ခြင်းပါပဲ။ ဒီကားရုံမတင်မှီကြေငြာလိုက်ထဲက Chow ဟာ The Final Combat ကားရဲ့မင်းသားအဖြစ် TBL ကရွေးခဲ့သလို ၁၉၈၉ခုနှစ်မှာပဲ ရုံတင်ပြသခဲ့တဲ့ ဝူရှူးဟာသဇာတ်ကားပါ။ ဒီကားအပြီးမှာတော့ စတီဗင်ချောင်ဆိုတဲ့နာမည်တစ်ခု ဟောင်ကောင်ရုပ်ရှင်လောကမှာ သတိထားစရာဖြစ်လာခဲ့ပါတယ်။ ဘာကောင်လဲဆိုပြီးကြည့်ကြည့်ရင် သာမာန်ငပေါရုပ်ပေမယ့် သူ့ကားကြည့်ပြီးမရယ်တဲ့လူမရှိလာသလို သူဟာရုပ်ရှင်လောကရဲ့ဖြစ်ရိုးဖြစ်စဉ် ဟာသပြကွက်တွေထက် ထူးခြားတဲ့ဟာသလမ်းအသစ်တစ်ခုကို တီထွင်လာတဲ့သူဖြစ်လာခဲ့ပါတယ်။

ဂျက်ကီချမ်း – အက်ရှင်မင်းသားထဲ ဟာသချကွက်တွေနဲ့လမ်းသစ်လုပ်ပြပြီး ကမ္ဘာကိုထိုးဖောက်ခဲ့သူ ။

စတီဗင်ချောင် – သူ့ကို King Of Comedy လို့ဘာကြောင့်ရုပ်ရှင်လောကကပေးရသလဲ ဟုတ်ပါတယ် စတီဗင်ချောင်ဟာ Mr.Bean လိုပဲ အာရှရုပ်ရှင်သမိုင်းရဲ့ King Of Comedy အဖြစ်မှတ်တမ်းတင်ခံလာရမယ့်သူပါ။

Chow
ဟာ လက်ရှိမှာတော့ မင်းသားအပြင် ဇာတ်လမ်းဇာတ်ညွန်းရေးဆရာ အနုပညာအကြံပေး ထုတ်လုပ်သူစာရေးဆရာ ဒါရိုက်တာ ဟာသသရုပ်ဆောင်နည်းပြအပြင် တရုတ်အစိုးရရဲ့ အစိုးရအကြံပေးအရာရှိအဖြစ်ပါ ခန့်အပ်ခြင်းခံထားရသူပါ။ တချိန်က ဟောင်ကောင်ပျံကျဈေးထဲက လက်သည်းညှပ်တွေလိုက်ရောင်းနေတဲ့ကောင်လေးတစ်ယောက် အမဖြစ်သူတွေနဲ့အတူ စရိုက်ဆန်ဆန်ရန်ဖြစ်ခဲ့တဲ့ကျောင်းသားလေးရိုက်ကွင်းက လူတကာခိုင်းဖက် တောက်တိုမယ်ရကောင်လေးက အာရှရဲ့ထိပ်တန်းမင်းသားတစ်ဦး အာရှရဲ့ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးကားတွေရဲ့ ဒါရိုက်တာ အစိုးရအကြံပေးဖြစ်လာခဲ့ပါပြီ။ 

ဒါ့အပြင် Chow ဟာ Jade LifetimeAchievement Award ဆုကြီးကိုလဲရရှိခဲ့သလို Best Actor / Best Director /Asia Pacific Film Best Actor /Blue Ribbon Awards / Amsterdam Fantastic Film Awards/ GoldenHorse Awards / Las Vegas FilmCritics Society Awards ဆုတွေကိုပါရရှိထားသူပါ။ 

ဆုကြီးပေါင်း ၂၆ခုကိုရရှိထားပြီး ကမ္ဘာကပေးတဲ့ဆုများစွာလဲရရှိထားခဲ့ပါပြီ။ ဒါ့အပြင် Stephen Chow ဆိုတဲ့သူဟာ ဂျက်ကီချမ်း ဂျက်လီ တို့ပါကျော်ပြီး တရုတ်အနုပညာရှင်တွေထဲ အနုပညာကြေးအမြင့်ဆုံး The highest
paid star of China
အဖြစ် ၂၀၁၆ သြဂုတ်လ၂၂ရက်နေ့ကတရားဝင်ကြေငြာခြင်းခံခဲ့ရပါတယ်။

 

Recommended for you - ကမ္ဘာပေါ်မှာ လူသိအများဆုံး (သို့) သြဇာအရှိဆုံး Millennials (၅) ဦး

 

Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် ပျောက်ဆုံးပါက တစ်နှစ်ကြာမှသာ မိတ္တူလျှောက်ထားခွင့်ပြုမည်

 

Credit; imyanmarhouse

Read times Last modified on Friday, 10 January 2020 10:34
Rate this articles
(1 Vote)