×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 13 August 2018

မနာလိုစိတ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

မနာလိုစိတ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ google.com

“ ကျနော်ကတော့ မနာလိုမဖြစ်တတ်ပါဘူး၊ သူများ အောင်မြင်တာတွေ့ရလေ စိတ်ထဲမှာဝမ်းသာပေးလေပါပဲ” ဒီလိုလေသံနဲ့ ခပ်ဆင်ဆင်စကားများကို မကြာခဏဆိုသလို ကြားဖူးကြမှာပါ။

အမှန်တော့ မနာလိုစိတ်ဆိုတာလူတိုင်းမှာအနည်းနဲ့ အများဆိုသလို ရှိပါတယ်။ မနာလိုမှုဆိုတာ လူတိုင်းရဲ့ အတွင်းစိတ်ထဲမှာ ဖြစ်တတ်တဲ့ သဘာဝတုန့်ပြန်မှုတစ်မျိုးဖြစ်ပါတယ်။ လူတိုင်းမနာလိုစိတ် တစ်ခါမဟုတ်တစ်ခါ ဖြစ်တတ်ပါတယ်။


ကျနော်တို့ဟာ မနာလိုစိတ်ကို ယုတ်ညံ့တဲ့စိတ်ထား၊ ရှက်စရာကောင်းတဲ့ စိတ်ထားလို့ ရူ့ မြင်နေတတ်ကြတာမို့၊ စိတ်ထဲမှာ ဖြစ်ပေါ် ခဲ့ရင်တောင်မှ၊ ဖုန်းကွယ်ရင် ဖုန်းကွယ်မယ်၊ ငြင်းဆိုရင် ငြင်းဆိုမယ်၊ ဒီထဲမှာ ငါမပါဘူး၊ ငါဒီလို မနာလိုတတ်တဲ့ လူတန်းစားထဲက မဟုတ်ဘူး ဆိုပြီး ရင်ထဲမှာဖြစ်ဖြစ်၊ ထုတ်ဖော်ပြောဆိုတာပဲ ဖြစ်ဖြစ်ပြုလုပ်တတ်ကြပါတယ်။ အမှန်တော့ မနာလိုစိတ်ကို ကိုင်တွယ်ဖြေရှင်းတတ်မယ်ဆိုရင် ဘဝတိုးတက်မှုအတွက် ဖြစ်ထွန်းစေနိုင်ပါတယ်။ လေ့လာစမ်းစစ်ကြရအောင်....


ဖတ်ဖူးမှတ်ဖူးသမျှ ပြန်ပြောရမယ်ဆိုရင် မနာလိုဝန်တိုမှုဟာ ကွာခြားလွန်းလှတဲ့ အဆင့်အတန်းမှာ ဖြစ်ပေါ်လေ့မရှိပါဘူး၊ လုံးဝမသိခဲ့ မမြင်ဖူးခဲ့တဲ့ လူစိမ်းတွေကြားမှာလည်း ဖြစ်ပေါ်ဖို့ ခဲရင်းပါတယ်။ များသောအားဖြင့်၊ အလုပ်အကိုင်တူညီသူများ အချင်းချင်း၊ အလွှာတူခြင်း၊ အသိမိတ်ဆွေအချင်းချင်း၊ ဆွေးမျိုးသားချင်း၊ အသိုင်းအဝန်းတစ်ခုထဲက အချင်းချင်းကြားမှာ ပိုမိုဖြစ်ပေါ်လေ့ရှိပါတယ်။ ဆိုပါစို့၊ ဒါရိုက်တာ ခရစ်စ်တီးနားခီရဲ့ အောင်မြင်မှုကို အလုပ်အကိုင်ချင်း၊ အသိုင်းအဝန်းချင်းမတူညီတဲ့ ရုပ်ရှင်ကြည့်ပရိသတ်များ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးခဲ့သလောက်၊ ရုပ်ရှင်လောကသားများ၊ ဒါရိုက်တာများနဲ့ သရုပ်ဆောင်များရဲ့ တုန့်ပြန်မှုဟာ ဝေဖန်ခံရလောက်တဲ့ အထိ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။


ကိုယ်အလွန်လိုချင်တဲ့ အရာတစ်ခုခုကို တစ်ပါးသောသူက လက်ဦးမှု ရသွားတဲ့အခါမျိုးမှာ မနာလိုစိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ အသိုင်းအဝန်းမှာ တစ်ဦးဦး တစ်ယောက်ယောက်က ပိုမို အသိအမှတ်ပြု ခံရလို့၊ ပိုမိုအချီးမြောက်ခံရတဲ့အခါမျိုးမှာ မနာလိုစိတ်ဖြစ်ပေါ် လာတတ်ပါတယ်။ အားကျတယ်၊ ဂုဏ်ယူတယ်၊ မနာလိုစိတ်နည်းနည်း ဖြစ်လာတယ်၊ မနာလိုစိတ်များလာရင် “အမုန်းစိတ်” အဖြစ်ကူးပြောင်းသွားတတ်တယ်။


အားကျခြင်း ။ ။ သူတစ်ပါး ပိုင်ဆိုင်တဲ့ အရာတစ်ခုခု ( ရုပ်ရည်၊ ပညာ၊ ဥစ္စာ၊ ရာထူး၊ အရည်အချင်း စသည်ဖြင့်) ကို သဘောကျ နှစ်သက်မိခြင်း ဖြစ်ပါတယ်။ သူလိုဖြစ်ချင်တဲ့စိတ်၊ အတုယူချင်တဲ့စိတ်မျိုး ရောပြီးပါဝင်နေတတ်ပါတယ်။ အားကျခြင်းသက်သက်ဟာ အပြုသဘောဆောင်ပါတယ်။


မနာလိုခြင်း ။ ။ တစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်ထားသော အရာများကြောင့် မိမိကို စိတ်မသက်မသာ ဖြစ်ပေါ်စေခြင်းကို ဆိုလိုပါတယ်။ ဒီပိုင်ဆိုင်မှုကို သူနဲ့မထိုက်တန်ဘူးလို့ ထင်မြင်စေတဲ့ အဆင့်ရောက်ရှိသွားစေပါတယ်။ ဒီအဆင့်ဆိုရင် ရန်ဆောင်တဲ့ အဆင့်စတင်ဝင်ရောက်ပါပြီ။


အမုန်း ။ ။ မနာလိုတဲ့စိတ် တစ်ဆင့်ထပ်တက်ရင် အမုန်းတရား ဖြစ်ပေါ်လာပါတယ်။ အမုန်းတရားအထိ ပွားများလာပြီဆိုရင်တော့ စိတ်သဘောသဘာဝအရ ထွက်ပေါက်တစ်ခုခု ရှာဖွေလာတတ်ပါတယ်။ ဥပမာ၊ လုံးဝကြည့်မရတော့ခြင်း၊ တစ်ဖက်သားရဲ့ မကောင်းကြောင်းကို ပြောဆိုခြင်း၊ ရန်လိုတဲ့စကားများ၊ ပျက်ဆီးစေလိုတဲ့စကားများ ပြောဆိုခြင်း၊ ဆဲဆိုခြင်း စသည်တို့ ပါဝင်ပါတယ်။ ဒီထက်ဆိုးလာရင် ကလဖန်ထိုးခြင်း၊ ပျက်ဆီးအောင်ကြံဆောင်ခြင်း၊ ဖျက်ဆီးပစ်ခြင်း အထိ ဖြစ်ပေါ်တတ်ပါတယ်။

 

Recommended for you - တက္ကသိုလ်ပြောင်းရွှေ့လျှောက်ထားသူများ ကျောင်းဖွင့်ပြီး ၁၉ ရက်အတွင်း အပြီးပြောင်းရွှေ့ရမည်


“ မနာလိုမှု” ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းကို ပြန်စမ်းစစ်ကြည့်တော့ “ ငါမပြည့်စုံသေးဘူး၊ ငါအရေးမပါဘူး၊ ငါအရေးပေးတာ မခံရဘူး၊ ငါဂရုစိုက်မူ မခံရဘူး၊ ငါလုံလောက်တဲ့ အရည်အချင်းမရှိဘူး” စတဲ့ သိမ်ငယ်စိတ်ပါဝင်ပါတယ်။ လူသားများရဲ့ ပင်ကိုယ်စိတ်တွင်းအနက်ရိုင်းဆုံး သဘာဝအရ လိုလားတောင့်တနေတဲ့ အချစ်ခံလိုမှု၊ အရေးစိုက်ခံလိုမှု၊ အရေးပါအရာရောက်လိုမှု၊ အချီးမွမ်းခံလိုမှု ” စသည်တို့ ပါဝင်ပါတယ်။ ပညာရှင်တစ်ဦးမိန့်ဆိုတာကို မှတ်သားဖူးပါတယ်။


“ လူသားများရဲ့ ကြီးပြင်းရင့်ကျက်မှုဟာ ငါဘယ်သူလဲလို့ အရင်မေးမြန်းတတ်ခြင်းပါ။” တဲ့၊ ငါဘယ်သူလဲ၊ ငါမနာလို ဖြစ်နေပြီဆိုတာကို သိလိုက်တာနဲ့ သူများနဲ့ကွာဟချက်ကို ရှာဖွေပါ။ မနာလိုမှုရဲ့ အကျိုးအပြစ်ဖြစ်ပေါ်မှုဟာ မူလအကြောင်းရင်းကို ရှာဖွေတာနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်အရည်အချင်းကို ပြန်လည်စမ်းစစ်လိုက်ပါ၊ မနာလိုမှု နည်းနည်းလေးနောက်ဆုတ်လိုက်ရင် အားကျမှု အဆင့်ပြန်ဖြစ်သွားပါတယ်။ အားကျခြင်းသက်သက်ဆိုတာ အတုယူစရာ၊ ဆက်ကြိုးစားစရာ တွေ့ရှိတတ်ပါတယ်။ မနာလိုမှုကို တိုးတက်ဖို့ တွန်းအားအဖြစ်ပြောင်းလဲလိုက်ပါ။ မိမိရဲ့ မနာလိုဖြစ်မှုကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ...


၁။ မိမိရဲ့ အတွင်းစိတ်နဲ့ သူများရဲ့ အပြင်အပမ်းကို သွားမနှိုင်းယှဉ်မိပါစေနှင့်

မိမိရဲ့ ပြိုင်ဘက်တစ်ဦးက အောင်မြင်တဲ့ပန်းတိုင်ကို တက်လှမ်းသွားတဲ့အခါ ကျနော်တို့ဟာ ပေါ့ပေါ့လေးတွေးတောလိုက်တော့ မနာလိုမှုရဲ့ သားကောင်းဖြစ်သွားတတ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းကတော့ စိတ်တည်ငြိမ်အောင်ထားပြီး မိမိကိုယ်မိမိ အောက်ပါမေးခွန်းများမေးကြည့်လိုက်ပါ။


- ကျနော်ပိုင်ဆိုင်လိုတဲ့ ဘယ်အရာကို သူတို့ပိုင်ဆိုင်နေတာလဲ။

- ကျနော်သူတို့ရဲ့ ဘယ်အရာကို အားကျနေတာလဲ၊ သူတို့လိုဖြစ်အောင် ဘယ်လိုကြိုးစားသင့်သလဲ။

- သူတို့ ဆီက ဘာအတုခိုးစရာရှိသလဲ၊ ဘာသင်ယူစရာရှိသလဲ။

- ဒီကနေ့ သူတို့ရရှိထားတဲ့ အောင်မြင်မူအတွက် သူတို့ ဘာကြိုးစားထားသလဲ။

ဒီမေးခွန်းတွေတာ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပါ။ အမုန်းစိတ်မဆိုထားနဲ့ ၊ မနာလိုစိတ်တောင်ချက်ချင်းပျောက်ဆုံးသွားနိုင်ပါတယ်။


၂။ ယှဉ်ပြိုင်တဲ့စိတ်ထားကို စုတောင်းပေးတဲ့စိတ်ထားအဖြစ်ပြောင်းလဲလိုက်ပါ

မနာလိုမှုဖြစ်ပေါ်ခြင်းဟာ ကျနော်တို့ ဘာကိုအလေးထားဆုံးဖြစ်တယ်ဆိုတာ ညွန်ပြပါတယ်။ ကျနော်တို့ရဲ့ အတွင်းစိတ်ထဲမှာ ဘာကိုအလေးထားတာကို ကောင်းကောင်းသိသွားရင် ပိုမိုပြည့်စုံတဲ့ဘဝကို တည်ဆောက်ဖို့ အင်အားရစေပါတယ်။
အောင်မြင်တဲ့လူတော်တော်များများဟာ ပိုက်ဆံအရင်ရှိတာလည်းမဟုတ်သလို၊ ပညာနဲ့အတွေ့အကြုံအရင်ရှိတာလည်း မဟုတ်ပါ။ သူတို့ဟာ သတ္တိအရင်ရှိတာပါ။ သူတို့လုပ်ရဲကိုင်ရဲလို့ ပိုက်ဆံကော အတွေ့အကြုံပါ ရှိလာတာပါ။ ကိုယ်က သူတို့ကို အားကျရင် သူတို့လို သတ္တိအရင်ရှိအောင် မွေးမြူသင့်ပါတယ်။


ခြုံငုံသုံးသပ်မယ်ဆိုရင် ယှဉ်ပြိုင်တဲ့စိတ်ကို အတုယူလိုစိတ်ပြောင်းလိုက်ပါ။ စုတောင်းပေးတဲ့စိတ်ထားမွေးမြူပေးလိုက်ပါ။ သူ့ဆီက အတုယူစရာ တွေ့မြင်ရလို့ ကျေးဇူးပါတင်ပေးလိုက်ပါ။ မနာလိုမှု ပျောက်ဆုံးသွားတဲ့အပြင် ဘဝတိုးတက်မူအတွက်ပါ အကျိုးဖြစ်ထွန်းသွားစေပါတယ်။

 

Recommended for you - အမှားတွေကနေ သင်ခန်းစာယူသင့်တဲ့ အကြောင်းရင်းများ

 

Recommended for you - အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ၀င်ခွင့်ခေါ်ယူပြီ

 

Credit; Aung Ko Latt

Read times Last modified on Saturday, 11 January 2020 10:34
Rate this articles
(2 votes)