×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 31 August 2018

နေ့စဉ်အလုပ်တွေကို ပိုမိုလွယ်ကူစေနိုင်မည့်အချက်များ

နေ့စဉ်အလုပ်တွေကို ပိုမိုလွယ်ကူစေနိုင်မည့်အချက်များ google.com

ကမ္ဘာပေါ်မှာ ရှိသမျှအလုပ်တွေတိုင်းကတော့ သူ့အပိုင်းနဲ့သူ နှစ်သက်စရာတွေအများကြီးရှိပါတယ်။ တစ်ချို့တွေက ကိုယ်ဝါသနာပါရာလုပ်နေကြသလို တစ်ချို့တွေကတော့ လုပ်ရင်းနဲ့မှ ဝါသနာပါသွားကြတာတွေ ရှိပါတယ်။

ကိုယ်နှစ်သက်၊ ဝါသနာပါတဲ့ အလုပ်ကိုလုပ်နေရခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ တစ်ခုရှိတာကတော့ ကိုယ်လုပ်တဲ့အလုပ်တိုင်းက အမြဲတမ်း အဆင်ပြေချောမွေ့နေဖို့ မျှော်လင့်လို့မရပါဘူး။ အလုပ်ဆိုတာကတော့ အဆင်ပြေတာတွေရှိသလို အဆင်မပြေတာတွေလည်း ကြုံတွေ့နိုင်ပါတယ်။


ဒါကြောင့် လုပ်ငန်းခွင်ဝင်တဲ့နေ့ရက်တိုင်းကို အဆင်ပြေနေအောင် ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြတ်သန်းကြမလဲ တစ်ချက်ကြည့်လိုက်ကြရအောင်။


ကိုယ်ရဲ့အလုပ်တွေကို အစီစဉ်တကျဆွဲပြီးလုပ်တာဟာ ကောင်းမွန်တဲ့အလေ့အထပါပဲ။ ဒါပေမယ့် အလွန်အကျွံ ပြည့်ကျပ်နေအောင် အစီအစဉ်တွေဆွဲမထားသင့်သလို ဒါတွေအားလုံးကိုလည်း တစ်ရက်ထဲပြီးဖို့ မျှော်လင့်မနေသင့်ပါဘူး။ တစ်ရက်မှာ ပြီးနိုင်လောက်မယ့်အရာတွေကိုပဲ အစီစဉ်ဆွဲပြီး ပြုလုပ်သင့်ပါတယ်။ ဒီလိုသာလိုက်နာမယ်ဆိုရင် အလုပ်မပြီးလို့ရလာမယ့် စိတ်ဖိစီးမှုတွေကနေ ကင်းဝေးသွားမှာ အသေအချာပါပဲ။


ဒါ့အပြင် အလုပ်ပေါင်းများစွာကို တစ်နေ့ထဲတစ်ရက်ထဲပြီးစီးအောင် မကြိုးစားပါနဲ့။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှတ်ဉာဏ်တွေက တစ်ကြိမ်ထဲမှာ များပြားလှတဲ့အလုပ်တွေလုပ်ဖို့ လက်မခံပါဘူး။ ဆက်တိုက်လုပ်ဖို့ကြိုးစားနေမယ်ဆိုရင်တော့ အလုပ်ပြီးမြောက်မှုနှုန်းလည်း လျော့ကျလာနိုင်သလို အမှားတွေပါ လုပ်မိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်တွေကို တစ်ခုပြီးမှတစ်ခု လုပ်ဆောင်လိုက်ပါ။


နောက်တစ်ချက်အနေနဲ့ ကိုယ်နဲ့အလုပ်တာဝန်ချင်း မတူညီတဲ့သူတွေနဲ့ အပြန်အလှန်ဆက်သွယ်လိုက်ခြင်းက ကိုယ့်ရဲ့အလုပ်ကို ဘယ်လောက်ထိ အဆင်ပြေချောမွေ့အောင်လုပ်နိုင်သလဲဆိုတာ ဖော်ပြနေတာပါပဲ။ ဥပမာအနေနဲ့ ကိုယ့်အလုပ်မှာ လိုအပ်တဲ့အချက်အလက်တွေကို ရရှိဖို့ဆိုရင်တော့ ဒီအချက်အလက်အကြောင်းတွေကို သေချာသိတဲ့လုပ်ဖော်ကိုင်ဖက်ကို အကူအညီတောင်းပြီး မေးမြန်းလိုက်တာက အလုပ်ကိုပိုပြီးမြန်ဆန်အောင်မြင်စေပါတယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ်ကျကျ ပြုမူဆက်ဆံပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုပါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တည်ဆောက်လိုက်ပါ။ ဒီလိုဆက်ဆံတဲ့အခါမှာလည်း အချင်းချင်းနားလည်မှုလွဲတာတွေမရှိအောင်လည်း ဂရုစိုက်သင့်ပါတယ်။

 

Recommended for you - မူကြို မသွားခင်မှာ သားသားမီးမီးလေးတွေကို ဘာတွေသင်ပေးလိုက်ရမလဲ


ဒါ့အပြင် အခြားသူတွေနဲ့ အလုပ်တွေကိုဝေမျှပြီးလုပ်တာတွေက ကိုယ့်ရဲ့အလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ အလွယ်တကူပြီးမြောက်အောင် လုပ်လိုက်ခြင်းပါပဲ။ တစ်ခါတလေ ကိုယ့်ဆီမှာအလုပ်တွေတောင်လိုပုံနေတာတွေ ရှိတတ်ပါတယ်။ ဒီအခါမှာတော့ တစ်ယောက်ထဲလုပ်နေတာထက် ကူညီလုပ်ပေးနိုင်မယ့်သူကို တာဝန်လွှဲပေးလိုက်ပါ။ ဥပမာအနေနဲ့ အသစ်ရောက်လာတဲ့ဝန်ထမ်းကို ကူညီခိုင်းတာ (သို့) အခြားသော ကူညီလုပ်ပေးနိုင်မယ့်သူကို လွှဲပြောင်းပေးတာတွေက သူတို့တွေကို အလုပ်အကြောင်း ပိုနားလည်အောင် သင်ပေးသလိုဖြစ်တဲ့အပြင် ကိုယ့်အတွက်လည်း အလုပ်တွေပိမနေတော့ပါဘူး။ ဒီလိုခွဲဝေပေးလိုက်တာဟာ တခြားအရေးကြီးတဲ့အလုပ်တွေကို ပိုမိုအာရုံစိုက်လာနိုင်မှာ မလွဲပါဘူး။ တစ်ခုသတိထားရမှာကတော့ အခြားသူကိုတာဝန်ပေးတဲ့အခါမှာ တကယ်လုပ်နိုင်မယ့်သူကို ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။


အလုပ်တွေလည်း ခွဲဝေတာဝန်ပေးပြီးတဲ့နောက်မှာတော့ ကိုယ့်အတွက်အလုပ်တစ်ချို့ ပြီးမြောက်ပြီလို့ မှတ်ယူနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သတိထားရမှာက ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းကတော့ တစ်နေ့နဲ့တစ်နေ့ တူညီမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အလုပ်တွေကို ခြောက်ပစ်ကင်းသဲလဲစင် ပြီးစီးအောင်မလုပ်နိုင်တဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်မနေပါနဲ့။ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာပဲ အမှားမရှိအောင် အာရုံစိုက်ပြီးလုပ်ပါ၊ ဒါပေမယ့် အရမ်းကိုစိုးရိမ်စိတ်များပြီး လုပ်နေမယ်ဆိုရင်တော့ အလုပ်လုပ်ရာမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။


နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ကိုယ့်အလုပ်အပေါ် စိတ်မပါသေးဘူးဆိုရင် အတင်းအကျပ်ကြီး လုပ်မယူလိုက်ပါနဲ့။ စိတ်ဝင်တစားနဲ့ စိတ်နှစ်ပြီးလုပ်ရမယ့်အလုပ်တွေမှာ ခံစားချက်ပျောက်နေရင် ဘယ်လောက်လုပ်လုပ် ရလဒ်ကောင်းရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အလုပ်ပြီးရမယ့် နောက်ဆုံးသတ်မှတ်ရက်မဟုတ်ဘူးဆိုရင်တော့ အလုပ်တွေကို ခေတ္တရွှေ့ဆိုင်းပြီး ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်မယ့်အလုပ်တွေကို အရင်လုပ်ပေးလိုက်တာက အမှားနည်းပြီး ရလဒ်ကောင်းတွေ ရရှိမှာပါ။


နောက်ဆုံးအနေနဲ့ကတော့ သင့်အလုပ်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာ သင့်ရဲ့ရွေးချယ်မှုပေါ်မှာ မူတည်နေပါတယ်။ ဒီအချက်တွေကိုလိုက်နာပြီး အလုပ်တွေကို လွယ်ကူပြီးမြောက်အောင်လုပ်နိုင်ကြပါစေ။

 

Recommended for you - စာလုပ်တာများပြီး ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကို ဒီလိုဖြေရှင်းလိုက်ပါ

 

Recommended for you - ဆင်းရဲနွမ်းပါးသည့် တက္ကသိုလ်ကျောင်းသား/သူများအတွက် ပညာသင်ဆု ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံကျော် လျာထား

 

Credit; JobNet

Read times Last modified on Tuesday, 21 January 2020 15:17
Rate this articles
(1 Vote)