×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 14 September 2018

သတင်းစာပို့သမားဘဝမှ သမ္မတဖြစ်လာသူ

သတင်းစာပို့သမားဘဝမှ သမ္မတဖြစ်လာသူ google.com

အခုချိန်မှာ အောက်ခြေဘဝရောက်နေလို့ ဘဝမှာ ထိပ်ဆုံးနေရာ မရောက်နိုင်ပါဘူးလို့ တွေးထင်နေကြတယ်။ တကယ်တော့ အသေးငယ်ဆုံး အလုပ်တွေကနေ ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေဆီကို ကူးပြောင်းခဲ့တာမလား။

ယခုပြောပြပေးမှာကတော့ သတင်းစာပို့သမားဘဝကနေ သမ္မတဘဝကို ရောက်ရှိသွားတဲ့ လူတစ်ယောက်ရဲ့အကြောင်းကို စိတ်အားတက်ကြွဖွယ် ဖော်ပြပေးချင်ပါတယ်။


သူ့ကို အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ် Rameswaram မြို့လေးမှာ ၁၉၃၁ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင် Jainulabudeen က စက်လှေပိုင်ရှင်တစ်ဦးဖြစ်တဲ့အပြင် ဒေသခံ ဗလီဝတ်ကျောင်းရဲ့ ရှေ့ဆောင် အိမာမ် (Imam) လည်း ဖြစ်ပါတယ်။ မိခင် Ashiamma ကတော့ သာမန်အိမ်ရှင်မတစ်ယောက်ပါ။


ဘိုးဘေးစဉ်ဆက်ချမ်းသာခဲ့ပေမယ့် ၁၉၁၄ခုနှစ်ကနေ စီးပွားရေးအဆင်မပြေဖြစ်ပြီး ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။ စီးပွားရေးကြပ်တည်းတဲ့အတွက် သူ့ငယ်ဘဝကလည်း ကြမ်းတမ်းခဲ့ပါတယ်။ မနက်လေးနာရီ စောစောထပြီး တစ်အိမ်ဆင်းတစ်အိမ်တက် သတင်းစာလိုက်ပို့ရတယ်။ သတင်းစာပို့ပြီးမှ ကျောင်းသွားခဲ့ရတယ်၊ ကလေးအရွယ်ဖြစ်နေပေမယ့် မိသားစုစားဝတ်နေရေးပါ ထောက်ပံ့ခဲ့ရတယ်။ အတန်းထဲမှာ သာမန်အဆင့်သာရှိပေမယ့်လည်း သင်္ချာမှာ ထူးချွန်ရုံမက စာကြိုးစားလွန်းတဲ့အတွက် ဆရာတွေက သူ့ကို လူတော်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့သူပါ။


အဲဒီအချိန်တုန်းက Rameswaram မြို့လေးမှာ လျှပ်စစ်မီးမရသေးတဲ့အတွက် ညနေ ၇နာရီကနေ ည ၁၁အထိ ရေနံဆီမီးခွက်နဲ့ စာကြည့်ခဲ့ရပါတယ်။ Schwartz Higher Secondary School မှာ အထက်တန်းပညာရေးပြီးဆုံးတဲ့အခါမှာတော့ သူဟာ Saint Joseph’s College ကို တက်ရောက်ပြီး ၁၉၅၄ခုနှစ်မှာ University of Madras က ရူပဗေဒဘွဲ့ရခဲ့တယ်။ နောက် ၁၉၆ဝ ခုနှစ်မှာ Madras Institute of Technology ကနေ အာကာသသိပ္ပံအင်ဂျင်နီယာ (Aerospace Engineering) ဘွဲ့လည်း ရရှိခဲ့ပါသေးတယ်။

 

Recommended for you - GTI အင်းစိန်တွင် ဖက်ရှင်နည်းပညာသင်တန်းကျောင်း ဖွင့်လှစ်မည်


ဘွဲ့ရပြီးတဲ့အခါ ကာကွယ်ရေးဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့(DRDO) ထဲမှာ သိပ္ပံပညာရှင်အနေနဲ့ ဝင်ရောက်ခဲ့ပါတယ်။ အိန္ဒိယစစ်တပ်အတွက် အသေးစား ရဟတ်ယာဉ် ဒီဇိုင်းဆွဲသူအဖြစ်ကနေ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဂြိုလ်တုလွှတ်တင်ယာဉ် SLV-III စီမံကိန်းရဲ့ Project Director ဖြစ်လာခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် ကာကွယ်ရေးဆိုင်ရာ သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့ မှာ ဒုံးကျည်မျိုးစုံ အောင်မြင်အောင် စီမံထုတ်လုပ်နိုင်ခဲ့တာကို အစွဲပြုပြီးတော့ သူ့ကို “ ဒုံးကျည်လူသား ” လို့ သမုတ်ကြတယ်။ ၁၉၉၂ ကနေ ၁၉၉၇ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ သိပ္ပံအကြံပေးဖြစ်ခဲ့ပြီး ကက်ဘိနက်ဝန်ကြီးရာထူးနဲ့ သိပ္ပံနည်းပညာဆိုင်ရာ အစိုးရအဖွဲ့ရဲ့ အဓိကအကြံပေး (DRDO ရဲ့အတွင်းရေးမှူး) အဖြစ် ၁၉၉၂ ဇူလိုင်လမှ ၁၉၉၉ ဒီဇင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့တယ်။


အိန္ဒိယနိုင်ငံဟာ ၁၉၉၈ နျူကလိယလက်နက် စမ်းသပ်မှုပြုလုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို နိုင်ငံ့သူရဲကောင်းလို့ သတ်မှတ်ခဲ့ကြတယ်။ သူ့ရဲ့ကျော်ကြားမှုဂုဏ်သတင်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် အတိုက်အခံဖြစ်တဲ့ အိန္ဒိယကွန်ကရက်ပါတီ (Indian National Congress) နဲ့ Samajwadi ပါတီတွေက ထောက်ခံအားပေးခဲ့ကြလို့ ၂၀၀၂ ခုနှစ် ဇူလိုင်လမှာ သမ္မတဖြစ်လာခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော်ရေးနေတဲ့ သူဆိုတာ တခြားလူမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံနဲ့နျူကလီးယား ဖခင်ကြီးလည်းဖြစ်၊ ၁၁ယောက်မြောက် သမ္မတလည်းဖြစ်တဲ့ Avul Pakir Jainulabdeen Abdul Kalam ပဲဖြစ်ပါတယ်။


ကဲ . . သတင်းစာရောင်းတဲ့လူငယ်လေးတစ်ယောက်ကတောင် သမ္မတဖြစ်ခဲ့သေးတယ်ဆိုရင် ကျွန်တော်တို့တွေလည်း “ မဖြစ်နိုင်ဘူး ” ဆိုတဲ့စကားကို မသုံးဘဲနေကြရအောင်လားဗျာ။ အဲဒီတော့ APJ Abdul Kalam ကို အတုယူပြီးတော့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ကြစို့လား။

 

Recommended for you - စာမေးပွဲကာလအတွင်း စိတ်ဖိစီးတာကို ဘယ်လိုလျော့ချမလဲ?

 

Recommended for you - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဘာသာစကားသင်တန်း လျှောက်လွှာခေါ်ယူခြင်း

 

Credit; ကျော်စိုးအောင် (အခရာ)

Read times Last modified on Wednesday, 29 January 2020 10:21
Rate this articles
(2 votes)