×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 28 September 2018

သူများထက် ခေါင်းတစ်လုံးသာချင်တယ်ဆိုရင်

သူများထက် ခေါင်းတစ်လုံးသာချင်တယ်ဆိုရင် google.com

လူတွေ ခဏခဏ ပြောကြတာက သူများထက် ခေါင်းတစ်လုံးသာချင်တယ်ဆိုတဲ့ အကြောင်းပါ။ သူများထက် လုပ်ချင်တယ်၊ ကိုင်ချင်တယ်၊ ပိုတော်ချင်တယ်၊ ပိုအောင်မြင်ချင်တယ် ပေါ့ဗျာ။

အခြားလူတွေထက် ပိုတော်အောင်၊ ပိုထက်အောင် လုပ်ချင်ရင်တော့ သူများတွေမလုပ်တဲ့ နည်းလမ်းတွေကို ကျင့်သုံးတတ်ဖို့ လိုပါတယ်။ ကျွန်တော် ဖတ်မှတ်လို့ရသမျှ နည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။


၁။ လက်ရှိအခြေအနေကို သိပါ

ကိုယ့်ဘဝဟာ ပကတိဘယ်လိုအခြေအနေမှာ ရောက်နေတယ်၊ ကိုယ့်စိတ်ဟာ လက်ရှိ ဘယ်လိုအခြေအနေ ရှိတယ်၊ ကိုယ့်ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ကိုယ်ဘယ်လိုအခြေအနေရောက်နေတယ်ဆိုတာ မသိခဲ့ဘူးဆိုရင် ဘယ်အခြေအနေထိ ရောက်အောင်ဆက်သွားရမယ်၊ ဘယ်လောက်ကြိုးစားအားထုတ်ရမယ်ဆိုတာလည်း သိမှာမဟုတ်ပါဘူး။ ဘယ်လောက် ဆက်သွားရမယ်ဆိုတာမသိရင် အခြားသူတွေထက် ကိုယ်သာမသာဆိုတာလည်း တိုင်းတာလို့မရတော့ပါဘူး။ ခေါင်းတစ်လုံးသာဖို့ မဆိုနဲ့ဦး၊ ကိုယ်တောင်မှ ဘယ်ရောက်မှန်းမသိ ဖြစ်နေမှာပါ။ ဒီတော့ ကိုယ်ဘယ်အခြေအနေ၊ ဘယ်အဆင့်အတန်း၊ ဘယ်ရာထူး၊ ဘယ်လောက်လစာ၊ ဘယ်လောက်သုံးငွေ၊ ဘယ်လောက်စုငွေ စတာတွေကို သိထားဖို့လိုပါတယ်။ ဒါတွေသိထားရင် ဘယ်လောက်ဆက်သွားရမယ်ဆိုတာ ပေါ်လာပါပြီ။ နောက်တစ်ခုက လက်ရှိ စိတ်အခြေအနေပါ။ ကိုယ့်ရဲ့ စိတ်အခြေအနေက အတိတ်(သို့) အနာဂတ်မှာ ပဲရှိပြီး လက်ရှိအချိန်ကို စိတ်မကပ်နိုင်ရင်တော့ အာရုံစူးစိုက်ဖို့ ခက်ပါလိမ့်မယ်။ အာရုံမှ မစူးစိုက်နိုင်ရင် အောင်မြင်အောင် ကြိုးစားဖို့ဆို ပိုခက်ပါလိမ့်မယ်။ သူတစ်ပါးထက် သာချင်ရင် လက်ရှိစိတ်အခြေအနေကို လက်ရှိအနေအထားနဲ့ ကိုက်ညီအောင် ထားတတ်ဖို့ လိုပါတယ်။


နောက်အရေးကြီးတာကတော့ အိပ်မက်ပန်းတိုင်ပါ။ ကိုယ့်ဘဝမှာ ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ သေသေချာချာ မသိထားရင် ကိုယ်သူများထက် ခေါင်းတစ်လုံးသာအောင် ကြိုးစားလည်း အချည်းနှီးပါပဲ။ မလိုအပ်တဲ့နေရာမှာ ခေါင်းတစ်လုံးသွားသာသလို ဖြစ်နေမှာပါ။ ကိုယ်က Engineer ဖြစ်ချင်ပြီး ဆေးပညာမှာ သူတစ်ပါးထက် တော်အောင်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပါ။ အချို့က ဝန်ထမ်းဘဝမှာ လစာနဲ့ ရာထူးတက်ဖို့အတွက်ပဲ ဦးစားပေးနေကြပါတယ်။ အချိန်နှောင်းတော့မှ ကိုယ်လုပ်ချင်တာ မလုပ်ဖြစ်ခဲ့လို့ နောင်တရတတ်ကြပါတယ်။ ကျွန်တော့်ကို စာဖတ်မိတ်ဆွေတွေက ဘဝ အခက်အခဲတွေ မေးကြရင် အများဆုံး မေးတာတခုက “ ဆရာ၊ ကျွန်တော် ဘယ်အလုပ် လျှောက်ရမလဲ။ ဆရာ၊ ကျွန်မ ဘယ်သင်တန်း တက်ရမလဲ ” စသဖြင့် မေးတတ်ပါတယ်။ ဒီလို မေးတိုင်း ကျွန်တော်ကတော့ ကိုယ်ဘာဖြစ်ချင်သလဲ အရင်ပြန်မေးပါတယ်။ ပြီးမှ တက်သင့်တဲ့ သင်တန်းတွေ၊ အလုပ်တွေ အကြံပေးဖြစ်ပါတယ်။ လူတော်တော်များများ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ အမှန်တကယ် ရှင်းရှင်းလင်းလင်း မသိတာ များပါတယ်။ တစ်ခါတစ်လေကျတော့လည်း သိပေမယ့် ထုတ်မပြောတာကြာတော့ ပြောထွက်ဖို့ ဆွံ့အနေတတ်ပါတယ်။ ဒီတော့ သူတပါးထက်သာချင်ရင် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ အရင်ရှင်းရှင်းလင်းလင်း သိပြီးမှ သာဖို့ ဆက်ကြိုးစားပါ။


၂။ သင်ယူလေ့လာပါ

လေ့လာခြင်း၊ သင်ယူခြင်းဟာ သူတစ်ပါးထက်သာဖို့ အရေးကြီးတဲ့ အချက်ပါ။ ကိုယ်မလေ့လာ မသင်ယူပဲနဲ့ အခြားသူထက် သာမသွားပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိပြီဆိုရင် ဘယ်ဟာကို လေ့လာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာပါလိမ့်မယ်။ ဒီအရာတွေကို အချိန်ပိုပေးပြီး လေ့လာလိုက်ပါ။ စမ်းစစ်လေ့လာသူတွေကတော့ ပညာရပ်တခုခုကို နာရီ ၁ သောင်းကျော် လေ့လာရင် ကမ္ဘာ့အဆင့်မှီ ပုဂ္ဂိုလ်တစ်ယောက် (သို့) ဒီပညာရပ်မှာ တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ပါ။ ကိုယ်သင်ယူရမယ့် အရာတွေကို တကယ်အချိန်ပေးပြီး သင်နေရဲ့လား။


သူများထက် မသာသေးဘူးလို့ထင်နေရင် ကိုယ်သင်ယူတာ နာရီ ၁ထောင်တောင် ရှိရဲ့လား ပြန်မေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို ပံ့ပိုးနိုင်တဲ့ စာအုပ်တွေ ၁ပတ်ကို ၁အုပ်နှုန်းဖတ်ပါ။ အနည်းဆုံး ၁လကို ၁အုပ်တော့ ရအောင်ဖတ်ပါ။ ကိုယ်ဘာတွေကို လေ့လာရမလဲ ဆုံးဖြတ်ပါ။ ပြီးရင် တကယ်လေ့လာပါ။ အခြားသူတွေဆီက သင်ယူစရာရှိရင် သင်ယူပါ။
လူအတော်များများက ဒီလို ရှင်းရှင်းလင်းလင်း မသတ်မှတ်ဘဲ သူများဖတ်တာလိုက်ဖတ်၊ သူများသင်တာလိုက်သင် လုပ်တတ်ကြပါတယ်။ တောထဲကို မြေပုံမပါဘဲ အတင်းရောက်ချင်ဇောနဲ့ ဇွတ်တိုးဝင်နေသလိုပါပဲ။ အခြားလူတွေက မြေပုံအသီးသီးနဲ့ ရှေ့ဆက်သွားလို့ တောနက်လာတဲ့အခါ၊ ကိုယ်က တောထဲမှာပဲ တဝဲလည်လည် ကျန်ခဲ့ပြီး၊ ဘာလုပ်ရမှန်းမသိ၊ ဘာသင်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိ ဖြစ်ကျန်ခဲ့ပါလိမ့်မယ်။ ဒီတော့ ကိုယ်သူပါးထက်သာဖို့ဆို သေသေချာချာ သင်ယူ လေ့လာဖို့ လိုအပ်ပါတယ်။

 

Recommended for you - ပြန်မရနိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို အကောင်းဆုံးဆိုတဲ့ အတွေ့အကြုံတွေနဲ့သာ ဖြတ်သန်းလိုက်ပါ


၃။ ခွန်အားစိုက်ထုတ်ပါ

ကိုယ်က အခြားလူထက်သာချင်ရင် အခြားလူထက်သာတဲ့ ခွန်အားစိုက်ထုတ်မှုမျိုး ရှိရပါမယ်။ ကိုယ်က ဆယ်ဆသာချင်နေရင် ဆယ်ဆခွန်အားစိုက်ထုတ်မှုမျိုး ရှိနိုင်ရပါမယ်။ ဆယ်ဆတော့ အောင်မြင်ချင်ပြီး နဂိုအတိုင်းလေးပဲ လုပ်နေရင်တော့ လိုချင်တဲ့ ပန်းတိုင်က ဟိုးအဝေးကြီးမှာပဲ ရှိပါသေးတယ်။ ပန်းတိုင်က ရွေ့သွားတာတော့ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင်က မရွေ့သေးတာပါ။ တကယ်လုပ်တယ်ဆိုတာ မလိုအပ်တဲ့ အခြားအနှောက်အယှက်တွေကို ဖယ်ရှားတာကိုလည်း ဆိုလိုပါတယ်။ ကိုယ့်အိပ်မက်နဲ့ မဆိုင်တဲ့ အလုပ်တွေလုပ်ခြင်း၊ ပျော်ပါးနေခြင်းတွေဟာလည်း တိုးတက်ဖို့အတွက် အနှောင့်အယှက်တွေပါပဲ။ ဒီနှောင့်ယှက်မှုတွေကို ဂရုတစိုက် ဖယ်ရှားနိုင်ရပါမယ်။ ကိုယ်က သူများအတင်းတွေ၊ သတင်းတွေကို ရှာဖွေဖတ်ရှုနေပြီး တိုးတက်အောင်မြင်နေချင်ရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က ဒီလိုအတင်းတွေ၊ သတင်းတွေ ရှာဖွေဖော်ပြဖို့ အတွက်က ဘဝရဲ့ ရည်မှန်းချက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။


၎။ အကူအညီယူပါ

ကိုယ်လေ့လာမယ်ဆိုရင် တကယ်လေ့လာလိုက်ပါ။ တကယ်ခွန်အားစိုက်ထုတ်လိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ့်ကို သင်ပေးနိုင်တဲ့ ဆရာတွေဆီ ချည်းကပ်ပါ။ နည်းယူပါ။ လေ့ကျင့်ပါ။ ကျွန်တော်တို့မှာ ကိုယ့်ဖာသာကိုယ်သင်ယူနိုင်တဲ့ အကန့်အသတ်ဆိုတာ ရှိကြပါတယ်။ ဒီအကန့်အသတ်ရောက်လာရင် ကိုယ့်ဖာသာကိုယ် သင်နေလို့ ဆက်မတိုးတက်နိုင်တော့ပါဘူး။ အခြား သိသူ၊ တတ်သူ တွေဆီက အကြံဥာဏ်တောင်းရင်တောင်း၊ တပည့်ခံရင်ခံ လုပ်ရပါမယ်။ ဒီလိုမှ ကျွန်တော်တို့ ဘဝတွေ ခွန်အား စိုက်ထုတ်သလောက် အကျိုးများပြီး သူများတွေထက် သာလွန်မှာပါ။


၅။ ပြောတဲ့အတိုင်း လုပ်ပါ

ကိုယ်အောင်မြင်အောင်လုပ်မယ်ဆိုရင် အောင်မြင်အောင် တကယ်လုပ်ပါ။ ကိုယ်ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် တကယ်ပြီးအောင်ဖတ်ပါ။ ကိုယ်ဒီအလုပ်ကို လုပ်မယ်ဆိုရင် တကယ်ထိထိမိမိဖြစ်အောင်လုပ်ပါ။ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ကိုယ်လုပ်တဲ့ အလုပ်ကို ထပ်တူကျပါစေ။ ဒီလိုလုပ်နိုင်ရင် ကိုယ်လည်း ကိုယ့်ကိုယ်ကို အားရကျေနပ်ပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ခုပြီးတစ်ခုလုပ်နိုင်ရင် သူတစ်ပါးထက် သာလွန်လာပါလိမ့်မယ်။


တစ်ခုမှတ်ထားရမှာ ကိုယ့်ရဲ့အရည်အချင်းနဲ့ အကန့်အသတ်ကို အတိတ်ပေါ်မူတည်ပြီး ပုံမချထားပါနဲ့။ အရင်က မလုပ်ဖူးလို့ မလုပ်တတ်ဘူးဆို အခုလုပ်ကြည့်ပါ။ အရင်က မသင်ဖူးလို့ မသိဘူးဆို အခုသင်ကြည့်ပါ။ ကိုယ်က ဒီ့ထက် ဆက်လက်ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါကို မမေ့ပါနဲ့။ ဒီလိုလေး အတွေးထဲရှိထားရင် ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် ကြံစည်ပါလိမ့်မယ်။ ကြံစည်တဲ့အတိုင်း လိုက်လုပ်နိုင်ရင် တကယ်ဖွံ့ဖြိုးလာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။ သူများထက်သာလွန်လာပါလိမ့်မယ်။

 

Recommended for you - အ​မေရိကားမှာ မီလျံနာဖြစ်​​​သွားတဲ့ မြန်​မာနိုင်​ငံသားတစ်​​ယောက်

 

Recommended for you - တိုင်းရင်းသားစာပေ သင်ကြားရေးအတွက် သင်ကြားရေးအကူ ဆရာ၊ ဆရာမ ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ဆွေးနွေး

 

Credit; ကိုသူရ

Read times Last modified on Wednesday, 29 January 2020 10:40
Rate this articles
(2 votes)