×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 15 October 2018

ကြိုးစားပေမဲ့ ရလဒ်တွေ ဘာလို့ ကောင်းမလာတာလဲ?

ကြိုးစားပေမဲ့ ရလဒ်တွေ ဘာလို့ ကောင်းမလာတာလဲ? google.com

တစ်ခါက ဂျွန် လို့အမည်ရှိတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ ကုမ္ပဏီတစ်ခုမှာ ငါးနှစ်တာကာလကျော်အထိ သစ္စာရှိရှိလုပ်ကိုင်ခဲ့ပေမဲ့ လစာမတိုးတာလာကြောင့် စိတ်ပျက်နေပါတယ်။

ကုမ္ပဏီတစ်ခုထဲမှာလုပ်ကိုင်နေတဲ့ သစ်ခုတ်သမားအသစ်လေး စတီဖင်ကတော့ အလုပ်လုပ်တဲ့တစ်နှစ်ကျော်အတွင်းမှာပဲ ကုမ္ပဏီက လစာတိုးပေးခြင်းကို ခံလိုက်ရပါတယ်။


ဂျွန်ဟာ ဒီအဖြစ်အပျက်ကို မကျေနပ်တာကြောင့် အလုပ်ရှင်ကို ဖြေရှင်းချက်တောင်းပါတယ်။ အဲဒီအခါအလုပ်ရှင်ဖြစ်သူက " ဂျွန်…မင်းငါးနှစ်တာကာလအထိ ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ သစ်ပင်ခုတ်လှဲနိုင်စွမ်းက တစ်နှစ်နဲ့တစ်နှစ် အရေအတွက်တူတူပဲ။ မတိုးလာခဲ့ဘူး။ တကယ်လို့သာ မင်းအခုထက်ပိုပြီး သစ်ပင်အရေအတွက် များများခုတ်နိုင်မယ်ဆိုရင် ငါတို့မင်းကို လစာတိုးပေးမှာပါ " လို့ ပြောကြားလိုက်ပါတယ်။


အဲဒီနောက်မှာတော့ ဂျွန်ဟာ အရင်ကထက်အချိန်ပိုတိုးပြီး သစ်ပင်တွေကို ကြိုးစားခုတ်ယူပေမဲ့လည်း သိသိသာသာ တိုးတက်လာတာမျိုးမဖြစ်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ကို ကုမ္ပဏီပိုင်ရှင်သိတဲ့အခါ " ဂျွန် မင်း စတီဖင်ကို သွားတွေ့ပြီး အခုမင်းကြုံတွေနေတဲ့ ပြဿနာကို ဆွေးနွေးတိုင်ပင်သင့်တယ် " လို့ လမ်းညွှန်လိုက်ပါတယ်။ ဂျွန်လည်း စတီဖင်ကိုသွားတွေ့ပြီး " သူငယ်ချင်း…ငါအရင်ကထက် ကြိုးကြိုးစားစားခုတ်ပေမဲ့ အရေအတွက်က သိသိသာမတက်လာဘူး။ မင်းသစ်ပင်ခုတ်တဲ့အခါ အရေအတွက်များများ ခုတ်လှဲနိုင်မယ့် နည်းလမ်းလေးများရှိရင် ဝေမျှပါအုံး " မေးလိုက်ပါတယ်။ အဲ့ဒီအခါ စတီဖင်က " အင်း…ထူးထူးခြားခြားတော့ ငါဘာမှမလုပ်ပါဘူး။ ငါက သစ်ပင်တစ်ပင်ခုတ်ပြီးတိုင်း ငါရဲ့ပုဆိန်ကို အချိန်ယူပြီး အမြဲပြန်သွေးတယ်။ ဒါနဲ့ မင်းရဲ့ ပုဆိန်ကို ဘယ်တုန်းက နောက်ဆုံးသွေးခဲ့တာလဲ " လို့ မေးလိုက်တဲ့အခါမှာတော့ ဂျွန်ဟာ သူဘာတွေလိုအပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်သွားခဲ့ပါတယ်။


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကြတဲ့ " ကြိုးစားပေမဲ့ အရာမထင်ဘူး။ ရလဒ်မကောင်းဘူး " ဆိုတာ ကြားဖူးကြမှာပါ။ တကယ်တော့ ကြိုးစားမှုနဲ့အောင်မြင်မှုကြားထဲမှာ လိုအပ်ချက်လေးတွေရှိနေလို့ပါ။ ဆင်ကန်းတောတိုး၊ မျက်ကန်းတစ္ဆေလိုမျိုး အကြောင်းအကျိုးမစဉ်းစားဘဲ ထင်ရာဇွတ်လုပ်နေမယ်ဆိုရင် ထင်ထားသလိုမျိုး ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ ကာယစွမ်းအားနဲ့အတူ ဥာဏစွမ်းအားကိုသုံးပြီး အကြောင်းအရာတိုင်းကို စဉ်းစားချင့်ချိန်မယ် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး အပတ်တကုတ်ကြိုးစားမယ်ဆိုရင်တော့ လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

 

Recommended for you - မှီခိုလွန်းတဲ့စိတ်ကို ဖြတ်တောက်ပြစ်ပါ

 

Recommended for you - အင်းစိန်မြို့နယ် အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အဆင့်မြှင့်တင်မည်

 

Credit; Paradise (ရိုးရာလေး)

Read times Last modified on Wednesday, 29 January 2020 11:39
Rate this articles
(1 Vote)