ဘွဲ့ယူပြီးပြီဆိုတော့ လုပ်ငန်းခွင်ဆိုတာက ကိုယ့်ရဲ့ ရှေ့တစ်လှမ်းပဲလေ။ အဲ့အခါကျ ကိုယ်ဘာလုပ်ချင်တယ် ဘယ်လုပ်ငန်းခွင်ဝင်ရမယ် ဆိုတာမျိုးတွေ ခေါင်းစားရပါတယ်။ အထူးသဖြင့် အောက်က အချက်လေးတွေပါပဲ။
(၁) ဘာလုပ်ရင် ကောင်းမလဲ။
ဝါသနာအရ တက်ခဲ့တဲ့ကျောင်းမဟုတ်ရင် ဒီပညာနဲ့အလုပ်ဆက်ဝင်ဖို့က အရမ်းခက်ခဲမှုတွေကို ရင်ဆိုင်ရမှာပါနော်...။ ဘွဲ့လက်မှတ်ကို မကြည့်ဘူး ကိုယ်အဆင်ပြေရာပဲ ဝင်လုပ်မယ်ဆိုပြန်တော့ ဘာလုပ်ရင် ကောင်းမလဲဆိုတာက ခေါင်းခဲရပြန်ရော။
(၂) ကိုယ့်ဘွဲ့နဲ့လစာမမျှဘဲဖြစ်မှာစိုးရိမ်ရပြန်ရော
ကိုယ်က အနည်းဆုံး (၄) နှစ်လောက်ကျောင်းတွေတက်ပြီး ပင်ပင်ပန်းပန်းကျက်ထားရတဲ့ ဒီစာတွေကို အာဂုံဆောင်ဖြေရတာက တစ်မျိုး၊ နားမလည် လည်အောင်လုပ်ပြီး ပင်ပင်ပန်းပန်းကြိုးစားခဲ့ရာက ခဲရာခဲဆစ်ရလာတဲ့ ဒီဘွဲ့လေးအတွက် လစာအရနည်းပြန်ရင်လည်း ရင်ထဲ အောင့်သက်သက် ဖြစ်ရပြန်ရော်။ ဒါကြောင့် လစာလေးလည်း မြိုးမြိုးမြက်မြက်ရအောင် ဘယ်လို ထပ်လုပ်ရမလဲ..သင်တန်းတွေပဲ ထပ်တက်ရမလား လုပ်ငန်းခွင်ထဲပဲ ခြေစုန်ပစ်ဝင်လိုက်ရမလား ဆိုတဲ့ မေးခွန်းတွေက ခေါင်းထဲ တဝဲလည်လည် ဖြစ်ရပါတယ်။
(၃) ဝါသနာပါတာပဲ ဝင်လုပ်ရမလား
ဥပမာ – ကိုယ်က စာရေးတာ ဝါသနာပါတယ်ဆိုပါတော့။ ဘယ်နားရေးလို့ ရေးရမယ်မှန်းမသိ၊ ကိုယ့်ဟာကိုယ်ရေးချင်တာ ချရေးပြီး ကိုယ်ပိုင် ဝတ္ထုထုတ်မယ်ဆိုလည်း ထုတ်နိုင်တဲ့အားကလည်း မရှိသေး ဆိုတာမျိုးပေါ့။
ဝါသနာ ပါရာကို လုပ်ချင်ပေမယ့် လမ်းစကပျောက်၊ ကိုယ်ကျွမ်းကျင်တဲ့၊ ကိုယ်တကယ် ဝါသနာပါတဲ့ အလုပ်ကိုလည်းလုပ်ချင် ဘာအလုပ်တွေ ရှိမှန်းလဲမသိ။ တစ်ချို့ကကျ ကိုယ်ဘာဝါသနာပါလို့ပါမှန်းလဲမသိ။ အဲ့တော့ ဘာအလုပ်လုပ်ရမှန်းလည်းလဲမသိ။
(၄) ကျောင်းဆက်တက်ရင် ကောင်းမလား။
ကျောင်းဆက်တက်၊ Master ဘွဲ့ယူပြီး ဒီဘာသာရပ်ကိုပဲ အထူးပြုသင်ရင်ကောင်းမလား? ပြီးရင်တော့လည်း ဆရာ၊ ဆရာမပဲ ပြန်လုပ်ရမှာ ဆိုတော့ ကိုယ်ကရော တကယ်သင်ကြားပြသရေးကို ဝါသနာပါသလားဆိုတာမျိုး ထပ်စဉ်းစားရပြန်ရော.. ကိုယ်က သင်ယူရတာပဲ ဝါသနာပါ၊ ထူးချွန်ပြီး သင်ကြားရေးဘက်ကို စိတ်လည်းမဝင်စား၊ သူများကို ပြန်သင်ပေးရတာ အလုပ်ရှုပ်တယ်လို့ ထင်နေပြန်ရင်ကလည်း ဖြစ်သေးဘူးလေ နော်..။
(၅) ကိုယ်ပိုင်စီးပွားရေးလေးပဲ စလိုက်ရင် ကောင်းမလား။
အိမ်မှာလဲ လက်ငုတ်စီးပွားရေးလေးလဲရှိတော့ အေးအေးလူလူ ကူလုပ်ရင်း ဒီအလုပ်လေးပဲ လုပ်ရင်ကောင်းမလား။ အလုပ်ကလဲ ရှားပါဘိနဲ့ ဒီမှာဆိုသက်သက်သာသာလေးလုပ်ရမှာ။ အမယ် အချိန်တန် ပိုက်ဆံသိမ်းရုံ.. စဉ်းစားမိကြမှာပေါ့။ ဒါပေမဲ့ တကယ်တမ်း ကိုယ်ပညာတွေ သင်ထားတယ်ဆိုတာ ဒီထဲက ရုန်းထွက်ပြီး ကိုယ့်အတွက် တက်လမ်းရှာချင်လို့ မဟုတ်လား?
ဆိုတော့ ဒီလိုကိစ္စမျိုးတွေဟာ ဘွဲ့ရပြီးစ လူငယ်တိုင်း ကြုံတွေ့ရတဲ့ ခေါင်းအစားရဆုံးသော ပြဿနာတွေလို့ ထင်ပါတယ်နော်။
source: forhermyanmar