တစ်ယောက်ယောက်က အကြောင်းအရာတစ်ခုခု ပြောနေတဲ့အချိန်မှာ ဘာမှမသိတာမျိုး၊ အတန်းထဲမှာ ဖြစ်ဖြစ် ဆရာ စာရှင်းနေတဲ့အချိန် ဘာမှနားမလည်တာမျိုး၊ သူများတွေ ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေကြတဲ့အချိန်
“ဘာတွေများ ပြောနေပါလိမ့်” ဆိုပြီး ထိုင်တွေးနေရတဲ့အဖြစ်မျိုး ကြုံဖူးလား။
အဲလိုအချိန်တွေဆို တစ်လောကလုံး ကလွဲရင် ကိုယ်တစ်ယောက်တည်းပဲ ဂြိုဟ်သားလိုလို ဘာလိုလိုနဲ့ ပြောတာလည်း နားမလည် ရှင်းပြတာလည်း မသိ ဖြစ်နေတာလေ။
ကျွန်တော်လည်း အဲလိုအဖြစ်မျိုး ကြုံဖူးရုံတင်မက အခုထိတောင် ဖြစ်တဲ့အချိန်တွေ ရှိပါတယ်။ ပြောရရင် ခံစားရတာ အရမ်းကို ဆိုးပါတယ်။ သူများတွေကျတော့ နားလည်နေပြီး ကိုယ်ကကျတော့ နားလည်းမလည် ဘာမှလည်း မသိ အူကြောင်ကြောင်နဲ့ စိတ်လည်းပျက်တယ်၊ အားလည်းငယ်တယ်၊ ဘာလုပ်ရမှန်းလည်း မသိဘူး။ အစကဆို အဲလိုဖြစ်ရင် မသိတာတွေကို မမေးရဲဘူး။
သူများတွေက ဒါလေးတောင် မသိဘူးလား ညံ့လိုက်တာဆိုပြီး ဟားကြမှာ ကြောက်တယ်။ ဆိုတော့ ဒီတိုင်း သူများလိုပဲ ခေါင်းငြိမ့်တဲ့အချိန် လိုက်ငြိမ့်၊ ရီတဲ့အချိန် လိုက်ရီနဲ့ နားလည်သလိုလို ဟန်ဆောင် ပန်ဆောင်လုပ်ဖူးပါတယ်။
ဒါပေမယ့် တကယ်တော့ အဲလိုလုပ်တာက ကိုယ့်ကို ဘယ်လောက်ထိခိုက်စေမှန်း နောက်မှ သိလာတယ်။ တစ်နည်းပြောရရင် အခွင့်အရေး အားလုံး ဆုံးရှုံးသွားသလိုပဲ။ သိရမယ့်ဟာကို မသိရတော့ဘူး၊ နားလည်ရမယ့်အရာကို နားလည်ခွင့် မရတော့ဘူး။ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုမှန်း အစက မသိခဲ့ပေမယ့် ကြာတော့ တဖြည်းဖြည်း သဘောပေါက်လာတယ်။
လူတိုင်း သုညဘ၀ကနေ မွေးဖွားလာသူချည်းပါပဲ။ မွေးကတည်းကနေ ဘွဲ့ရပြီး မွေးလာတဲ့သူ မရှိသလို အရာရာ တော်နေပြီးသားမျိုးလည်း မရှိပါဘူး။ အားလုံး ဘာမှမရှိတဲ့ဘ၀ကနေ မွေးဖွားလာကြတယ်။ ပြီးရင် သင်ယူကြတယ်၊ လေ့လာကြတယ် ကွာသွားတာက အဲ့နေရာပါပဲ။ မသိနားမလည်တာကတော့ လူတိုင်း တစ်နေရာမဟုတ် တစ်နေရာ ရှိကြမှာပဲ အားလုံးကိုတော့ ဘယ်သူမှ နားမလည်နိုင်ဘူးလေ။
ဒါပေမယ့် နားမလည်ဘူး၊ မသိဘူးဆိုပြီး ဘာမှမလုပ်တဲ့သူနဲ့ မသိတာကို သိအောင် ကြိုးစားတဲ့သူကတော့ သေချာပေါက် မိုးနဲ့မြေလို ကွာမှာပဲ။ မသိတာ ရှက်စရာ မဟုတ်ပါဘူး။ မသိလို့၊ နားမလည်လို့ “ဘာလုပ်ရမှာလဲ သိမှမသိတာ နားမှမလည်တာ” ဆိုပြီး ဒီတိုင်း ထိုင်နေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေပါလိမ့်မယ်။
သူဘာပြောလို့ ပြောနေမှန်း မသိရင်၊ သူဘာရှင်းပြနေမှန်း နားမလည်ရင် မေးလိုက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ မသိတာကို မသိသလို၊ နားမလည်တာကို နားမလည်သလို အရှိအတိုင်းမေးပါ။ အဓိက က သူများဟားမှာ မဟုတ်ဘဲ ကိုယ်သိလိုက်ရဖို့၊ နားလည်သွားဖို့ပါ။ မဟုတ်ရင်လည်း research လုပ်လို့ရတယ်။
အဲဒီအကြောင်းအရာနဲ့ ပက်သက်တဲ့ စာတွေဖတ်မယ်၊ seminar တွေလည်း သွားနားထောင်နိုင်တယ်၊ ကျွမ်းကျင်သူ တစ်ယောက်ယောက်နဲ့ ဆွေးနွေးနိုင်တယ်၊ online ကနေ ရှာဖွေလေ့လာလို့ ရသေးတယ်။
ခုခေတ်မှာ နည်းလမ်းပေါင်း အများကြီး ရှိနေတဲ့ဟာကို ဘာကြောင့်များ နားမလည်လို့ ဆိုပြီး ဘေးဖယ်နေရမလဲ။ အရမ်း ရူးရာကျမှာပေါ့။ အဲလို အမြဲ ဘေးဖယ်နေရင် မကြာခင် နောက်ကျကျန်ခဲ့ပါလိမ့်မယ်နော်။
ကျွန်တော့်ကို တစ်ယောက်ယောက် ပြောဖူးတာရှိပါတယ် “စိတ်ကူး အကြံဥာဏ်နဲ့ အမြင်တွေဆိုတာ ကြိမ်ဖန်များစွာ လေ့ကျင့်မှု၊ လေ့လာမှုတွေကနေ ဖြစ်လာတာပဲ” တဲ့။ ဒီစကားက အရမ်းကို မှန်ပါတယ်။ လေ့လာမှုတွေ၊ လေ့ကျင့်မှုတွေ လုပ်လေလေ ကျွမ်းကျင်လာလေလေ အမြင်သစ်တွေ ထွက်ပေါ်လာလေလေပါပဲ။
အဲလိုအမြင်တွေဆိုတာ ပါရမီမဟုတ်သလို မွေးကတည်းက ပါလာတာ မဟုတ်ပါဘူး။ သူကတော့ တော်လို့ အမြင်ရှိလို့ အောင်မြင်တယ် ဆိုတာမျိုး မပြောခင် သူလေ့လာမှု ဘယ်လောက်လုပ်ခဲ့လဲ၊ ဘယ်လောက်လေ့ကျင့်ခဲ့ရလဲဆိုတာ မြင်နိုင်အောင် ကြိုးစားပါ။
လူတွေက အောင်မြင်မှုကို အပေါ်ယံသာသာလောက်ပဲ မြင်တတ်ကြပြီး အနှစ်သာရဖြစ်တဲ့ ကြိုးစားမှုနဲ့ ပေးဆပ်မှုတွေကိုတော့ သတိမရ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်လည်း သူ့လို အမြင်ရှိတဲ့သူ အောင်မြင်တဲ့သူ ဖြစ်ချင်ရင် သူကြိုးစားတာထက် ပိုပြီး အဆပေါင်းများစွာ ကြိုးစားရမှာပါပဲ။
လူတွေပြောကြတဲ့အတိုင်း ဦးနှောက်ဟာ ဓားတစ်လက်လိုပဲမို့ အမြဲသွေးပေးနေဖို့ လိုပါတယ်။ မသိတာ ရှိရင်၊ မတတ်တာရှိရင်၊ နားမလည်တာ ရှိရင် မေးဖို့၊ သိအောင်ကြိုးစားဖို့ ဘာမှရှက်ကြောက်မနေပါနဲ့။ ဦးနှောက်မရှိတဲ့ လူတစ်ချို့ကတော့ ဟားတိုက်ကြလိမ့်မယ်။ ဒါပေမယ့် တကယ် ပညာရှိတဲ့လူကတော့ လမ်းညွှန်ပေးလိမ့်မယ်။ ရှက်စရာ မလိုပါဘူး။ အဲဒါထက် သိသလိုလို တတ်သလိုလိုနဲ့ ဆရာကြီးအထာဖမ်းပြီး ဘာမှလည်း မသိတဲ့သူမျိုးကသာ ပိုပြီး ရှက်ဖို့ကောင်းတာပါ။
အသိပညာ၊ အတတ်ပညာ၊ အရည်အချင်းတွေဆိုတာ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပေးရတဲ့ အရာမို့ လေ့လာပါ၊ ဖတ်ပါ၊ မှတ်ပါ၊ မေးပါ၊ နားထောင်ပါ ဒီလိုဆို အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အစွမ်းအစတွေလည်း တဖြည်းဖြည်း တိုးတက်လာမှာပါ။ ဒါကြောင့် ဘယ်တော့မှ ဘေးဖယ်မနေပါနဲ့။ ဒီတိုင်း ငြိမ်ခံမနေပါနဲ့။ အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးယူပါနော်။
Source: Livethedream