×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 28 March 2019

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ

လူတွေက တစ်ခါတစ်လေ ပတ်ဝန်းကျင်ကိုပဲ ဂရုစိုက်မိရာကနေ ကိုယ်တိုင်ကရော ဘယ်လိုဖြစ်နေလဲ ဆန်းစစ်ကြည့်ဖို့ မေ့နေတတ်ကြပါတယ်။

ဒါကြောင့်ပဲ တချို့လူတွေဆိုရင် လမ်းမှားကို ရောက်မှန်းမသိရောက်၊ ကိုယ်ဘာလုပ်မိမှန်း မသိနိုင်တော့ဘဲ ဒုက္ခပင်လယ်ဝေကြရတာတွေလည်း အများကြီးပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ မေးခွန်းတွေပါပဲ။ မေးခွန်းတွေက တစ်ဆင့်ပဲ အကောင်းမွန်ဆုံးသော အဖြေတွေကို သိရှိနားလည်နိုင်မှာပါ။ မေးနိုင်လေလေ သိလေလေ နားလည်လာလေလေပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ဘဝကို ပြန်သုံးသပ်ဖို့အတွက် ဒီမေးခွန်းလေးတွေကို လေ့လာကြည့်ပါဦးနော်။

၁။ ကိုယ်ဘယ်သူလဲ

“မင်းဘယ်သူလဲ” လို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ကျွန်တော့်နာမည် ဘယ်သူပါ၊ အသက်က ဘယ်လောက်၊ ဘာလုပ်နေပါတယ် ဆိုပြီး အလွယ်တကူ ဖြေလိုက်လို့ ရပေမယ့် “ငါဘယ်သူလဲ” ဆိုတဲ့ မေးခွန်းကတော့ တော်တော်လေး ဖြေရခက်ပါတယ်။ တစ်ခါတစ်လေများဆို ကိုယ်ဘယ်သူလဲ မေးရင်းနဲ့ တဖြည်းဖြည်း လမ်းပျောက်လာသလိုရယ်ပါ။ ကိုယ်ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ သေချာ ရှင်းရှင်းလင်းလင်း သိထားတဲ့ လူတစ်ယောက်က ယုံကြည်ချက်အပြည့် ရှိသလို ဘာကိုမှလည်း ကြောက်မနေပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားလည်လို့ပါ။ ဘဝမှာ ပျက်စီးမှုတွေ ဖြစ်တည်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သေချာ မသိခြင်း၊ နားမလည်ခြင်း၊ မရှင်းလင်းခြင်းတွေကနေ အစပြုလာတာပါပဲ။ သေချာမသိလို့ ပန်းတိုင်မရှိ လမ်းပျောက်ရတယ်၊ မရှင်းလင်းလို့ သူများပြောတာ နားယောင်သွားတယ် အဲလိုမျိုးတွေပေါ့။ ဒါကြောင့် “ကိုယ်ဘယ်သူလဲ” ဆိုတဲ့ မေးခွန်းကိုတော့ ပထမဦးစားပေးအနေနဲ့ မေးကြည့်သင့်ပါတယ်နော်။

၂။ ကိုယ်ဘာလုပ်နေလဲ
တစ်ခါတစ်လေ လူတွေက ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ဆန်းစစ်ပေးဖို့ မေ့ပြီး စမ်းတဝါးဝါးနဲ့ ဟိုဟာလည်း မဖြစ်၊ ဒီဟာလည်း မဖြစ်နဲ့ လမ်းပျောက်ကြရတာ များပါတယ်။ တစ်ချို့လူတွေဆို နေ့ရက်တိုင်းကို စက်ရုပ်ကြီး တစ်ရုပ်လို ပျင်းစရာကောင်းအောင် ဖြတ်သန်းနေကြသူတွေလည်း ရှိပါတယ်။ ကိုယ်လုပ်နေသမျှ အကုန်လုံးကို မှန်ပါတယ်၊ အဆင်ပြေပါတယ် မထင်လိုက်ပါနဲ့ ကိုယ်သတိမထားလိုက်မိတဲ့ အချိန်မှာ အမှားတွေက မသိမသာ ရောပါလာတတ်ပါတယ်။ ကိုယ် ဘာလုပ်နေလဲ၊ ဘာကြောင့် လုပ်နေတာလဲ ဆိုတာ ပြန်စစ်ဆေးပေးမှ ကိုယ့်လုပ်ရပ်က မှန်မမှန်၊ ဟုတ်မဟုတ် သိနိုင်မှာပါ။ ဒီလိုဆို အကြောင်းမဲ့ အချိန်လည်း မကုန်တော့ဘူး ပိုပြီးတော့လည်း အကျိုးရှိရှိ လုပ်နိုင်မယ်လေ။

၃။ ဘာဖြစ်ချင်တာလဲ
ခနလောက်ရပ်ပြီး စဉ်းစားကြည့်လိုက်ပါ “ငါဘာဖြစ်ချင်တာလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေရှိရဲ့လား။ အဲဒီအဖြေ မရှိသေးရင် ဒီနေ့အထိ ကိုယ်လျှောက်လာတာ၊ လုပ်နေတာ ဘာအတွက်များပါလိမ့်။ ဘဝမှာ လမ်းကြောင်းမှန်မှန် လျှောက်နိုင်ဖို့ဆိုရင် ကိုယ်ဖြစ်ချင်တာကို သေချာသိထားမှ တိကျတဲ့ ပန်းတိုင်တစ်ခု ချမှတ်နိုင်မှာပါ။ မဟုတ်ရင် ကိုယ့်ဘဝကြီးက ပဲ့မပါဘဲ အဓိပ္ပါယ်မဲ့ မျောလွင့်နေတဲ့ လှေတစ်စင်းလို ဖြစ်နေပါလိမ့်မယ်။ ဒီလိုဆို ဘဝကြီးကလည်း အဓိပ္ပါယ် ရှိတော့မှာ မဟုတ်ပါဘူး။ လူတိုင်းက အကြောင်းပြချက်တွေနဲ့ ရှင်သန်ကြတာပါ။ ကိုယ်ရှင်သန်နေရတဲ့ အကြောင်းပြချက်၊ ကိုယ်ဖြစ်ချင်တာကို သေချာပေါက် ဆန်းစစ်ပြီး မေးကြည့်ပါဦးနော်။


၎။ ကိုယ့်အတွက် ဘယ်အရာကအရေးကြီးဆုံးလဲ
ဒီမေးခွန်းက ကိုယ်ဘာအတွက် အသက်ရှင်နေတာလဲ ဆိုတာနဲ့ ဆက်စပ်နေပါတယ်။ တစ်နည်းပြောရရင် လူတိုင်းမှာ အရေးကြီးဆုံးသောအရာတော့ ရှိကြတာပဲလေ။ ကိုယ့်အတွက်ကရော ဘယ်အရာက အရေးကြီးဆုံး ဖြစ်နေပြီး ဘယ်အရာနောက် လိုက်နေတာလဲ။ ပိုက်ဆံလား၊ မိသားစုလား၊ အချစ်လား၊ ပျော်ရွှင်မှုလား၊ မာနလား ဘယ်တစ်ခုလဲ။ အစားလို့တော့ မဖြေနဲ့နော်။
၅။ ကိုယ်သွားနေတဲ့ လမ်းကြောင်း မှန်ရဲ့လား
တစ်ခါတစ်လေ မထင်မှတ်ဘဲ လမ်းကြောင်းလွဲချော်သွားတာတွေ ရှိတတ်ပါတယ်။ လူတိုင်းက အမြဲတမ်း မှန်နေတာမှ မဟုတ်တာလေ။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လမ်းကြောင်း သွားနေတာလဲ၊ ကိုယ်သွားနေတာ မှန်ရဲ့လား၊ အကျိုးရှိရဲ့လား ဆိုတာ မကြာမကြာ စဉ်းစားပေးဖို့ လိုပါတယ်။ ဒီလိုမှပဲ နောက်မကျခင် ပြင်သင့်တာ ပြင်နိုင်မှာပါ။


၆။ ပျော်နေရဲ့လား
ဘဝဆိုတာ ဝမ်းနည်းမှု၊ နာကျင်မှုတွေနဲ့ ဖြတ်သန်းဖို့ မဟုတ်ပါဘူး။ ဒုက္ခ အခက်အခဲတွေက မဖြစ်မနေ ကြုံတွေ့ရမယ့် အရာဆိုရင်တောင် ရှင်သန်နေတုန်း ပျော်ရွှင်မှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လုပ်နေတာကို ပျော်ရဲ့လား၊ ဒီလိုဘဝနဲ့ ရှင်သန်ရတာ ပျော်ရဲ့လား သေချာပြန်စဉ်းစားပါနော်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဖိအားတွေပေးပြီး မပျော်တဲ့ ဘဝမှာ စက်ရုပ်တစ်ရုပ်လို နေမိနေသလားပေါ့။ ပျော်ပျော်နေချင်တာ ဖြစ်သင့်ပါတယ် အတ္တဆန်ရာလည်း မကျပါဘူး ပျော်အောင်လည်း နေပါနော်။


၇။ အောင်မြင်မှု ဘယ်လောက် ရခဲ့ပြီးပြီလဲ
အောင်မြင်မှုလို့ ဆိုတဲ့နေရာမှာ Company ကြီးထောင်နိုင်မှ၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မှ ဆိုတာမျိုး မဟုတ်ပါဘူး။ လူတိုင်းမှာ အောင်မြင်မှု သမိုင်းကြောင်းကိုယ်စီ ရှိကြတာပါပဲ။ ကိုယ်က အသုံးမကျတဲ့ သူတစ်ယောက် မဟုတ်သလို အရှုံးသမားတစ်ယောက်လည်း မဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းကို ရယ်မောအောင် လုပ်လိုက်နိုင်တယ် ဆိုတာလည်း အောင်မြင်မှုတစ်မျိုးပါပဲ။ ဒါကြောင့် ကိုယ်အောင်မြင်မှုတွေ ဘယ်လောက် ရခဲ့ပြီးပြီလဲဆိုတာ ပြန်သုံးသပ်ရင်း နောက်အောင်မြင်မှုတွေဆီ ဆက်လက်ချီတက်ပါ။


၈။ ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘာလဲ
ဒီမေးခွန်းကတော့ လုံးဝသေချာပေါက် မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ့်အားသာချက်နဲ့ အားနည်းချက်တွေ မေးလိုက်ရင် တော်တော်များများ သိပ်မဖြေနိုင်ကြပါဘူး။ အခု ကိုယ့်အားသာချက်နဲ့ အားနည်းချက်တွေကို ပြန်ဆန်းစစ်ကြည့်ပါ။ အားသာချက်တွေကို မြှင့်တင်ပေးဖို့ လိုသလို အားနည်းချက်တွေကို ပြုပြင်ပေးဖို့ လိုပါတယ်။ ဒီလိုမှပဲ ကိုယ်ဟာ ပိုပြီး တိုးတက်တဲ့လူတစ်ယောက်၊ အားသာချက်များတဲ့သူ တစ်ယောက် ဖြစ်လာနိုင်မှာပါ။


၉။ အနာဂတ်ကနေ ပြန်တွေးကြည့်ရင် နောင်တရမလား
လူတွေက တစ်နှစ်ပြီး တစ်နှစ် အချိန်တွေ ကုန်လာတာနဲ့ ပြောင်းလဲတတ်ကြတာ အားလုံးအသိပါပဲ။ အရင် ၅နှစ်တုန်းက ကိုယ်နဲ့ အခုနဲ့ ဘယ်လောက်ပြောင်းလဲသွားပြီလဲ ဆိုတာသာ စဉ်းစားကြည့်လိုက်ပါ။ အရင် ၅နှစ်တုန်းက ဘာတွေ လုပ်ခဲ့လဲ။ နောင်တရစရာတွေ အများကြီး ရှိတယ်၊ အမှားတွေ ရှိတယ်၊ အမှတ်တရတွေလည်း ရှိတယ်၊ ခုပြန်တွေးကြည့်မှ ရှက်ဖို့ကောင်းမှန်း သိလာရတာတွေလည်း ရှိတယ်။ ဆိုတော့ အခုကနေ နောက်အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်တဲ့အခါ အခုကိုယ့်ရဲ့ ပုံစံက အရှက်ရစရာ ဖြစ်မလား၊ ကောင်းမွန်တဲ့ အမှတ်တရ ဖြစ်မလား ဒါကတော့ အခုလက်ရှိ ကိုယ်ရေးတဲ့ သမိုင်းအပေါ် မူတည်ပါတယ်။


၁၀။ လူတွေကိုယ့်ကိုယ် ဘယ်လိုမှတ်မိစေချင်လဲ

ခွဲခွာခြင်းဆိုတာ လူတိုင်း တစ်နေ့နေ့ ကြုံကြရမယ့် အရာပဲလေ။ ကိုယ်က သူတို့အနား မရှိတော့တဲ့အခါ သူတို့ ကိုယ့်ကို ဘယ်လိုများ မှတ်မိနေမလဲ။ အကျင့်မကောင်းတဲ့အကောင်၊ သူခိုး၊ ဆန်ကုန်မြေလေး အဲလို မှတ်မိကြမလား ဒါမှမဟုတ် လူကောင်းတစ်ယောက်၊ ကြိုးစားတဲ့သူ၊ အကြင်နာတရား ရှိတဲ့သူ အဲလို မှတ်မိကြလေမလား။ ကိုယ့်ကို သူတို့ ရင်ထဲ ဘယ်လိုမှတ်မိနေစေချင်လဲ၊ လူတွေရဲ့ ရင်ထဲမှာ ဘယ်လိုလူမျိုး တစ်ယောက်အဖြစ် ရှင်သန်နေချင်လဲ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် မေးမြန်းပြီး ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စပါပဲ။


Source: Livethedream

Read times Last modified on Tuesday, 04 February 2020 15:10
Rate this articles
(1 Vote)