×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 29 March 2019

စစ်မှန်တဲ့ ယှဉ်ပြိုင်မှုဆိုတာ

ယှဉ်ပြိုင်မှု ဆိုတဲ့ စကားလုံးနဲ့တော့ ကျွန်တော်တို့တွေ မစိမ်းလှဘူး ထင်ပါတယ်။ ငယ်ငယ်တုန်းက အဆင့်ကောင်းတာ ပြိုင်ကြတယ်၊ ဘယ်သူ့ အရုပ်ပိုကောင်းလဲ ပြိုင်ကြတယ် တစ်ခါတစ်လေ မဆီမဆိုင်

ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေး တွေကိုတောင်မှ ရူးရူးမူးမူးနဲ့ အသည်းအသန် ပြိုင်ခဲ့ကြဖူးတယ်။ ကြီးလာတော့လည်း ဘာထူးလဲ ပညာ၊ အလှအပ၊ စည်းစိမ်ဥစ္စာ၊ ဂုဏ် တစ်ခုခုနဲ့တော့ ယှဉ်ပြိုင်ခြင်းဆိုတာ အသက်ဝင်နေတုန်ုးပဲလေ။ ငယ်ငယ်တုန်း ကတော့ ပြိုင်ဆိုင်မှုတွေ သန့်ရှင်း လှပခဲ့ပါလိမ့်မယ် ဒါပေမယ့် ယှဉ်ပြိုင်တဲ့ အရာတွေ ကြီးမားလာလေလေ ဖြူစင်မှုတွေ ပျောက်ဆုံးလာလေလေ ဖြစ်တတ်တဲ့ သဘောတရားလေး တစ်ခုကတော့ စိတ်မကောင်းစရာရယ်ပါ။

ဘယ်သူမဆို အနိုင်ရချင်ကြသူတွေ ချည်းပါပဲ။ ဘာအကြောင်းကိစ္စ ကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ပြိုင်တဲ့ ပွဲမှာ ကိုယ်နိုင်ဖို့ကို ပဓာန ထားတတ်ကြတာ လူ့သဘာဝပေပဲ မဟုတ်လား။ ပြိုင်ပွဲမှာ အနိုင်ရချင်တာ ဘာမှ မမှားပါဘူး။ အနိုင်ရလိုစိတ် ရှိသင့်တယ်၊ အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားသင့်တယ် မှန်မှန်ကန်ကန်နဲ့ပေါ့။ တစ်ချို့တွေက စစ်မှန်တဲ့ ယှဉ်ပြိုင်ခြင်း ဆိုတာကို နားမလည်ကြတဲ့အခါ ကိုယ်နိုင်ရင် ပြီးရော ဆိုပြီး စိတ်ထင်ရာ လုပ်တတ်ကြတယ်။ ဘာနည်းလမ်းပဲ သုံးရ သုံးရ ကိုယ်နိုင်ရမယ် ဆိုပြီး ဖြစ်တတ်ကြတယ်။ တကယ်တမ်း ယှဉ်ပြိုင်မှုတစ်ခုမှာ အပေါ်ယံ မြင်ကြသလို နိုင်ဖို့လောက် မုန်းဖို့လောက် အဲလိုမျိုး မဟုတ်ဘဲ နက်နဲတဲ့ အဓိပ္ပါယ်တွေ၊ သဘောတရားတွေ အများကြီး ပါဝင်ပါတယ်။

စစ်မှန်တဲ့ ယှဉ်ပြိုင်မှုမှာ မနာလိုခြင်း ကင်းတယ်။ မနာလိုခြင်းတွေ ရောယှက်ပါဝင်နေတဲ့ ယှဉ်ပြိုင်မှုက ဘယ်လိုမှ ဖြူစင် လှပနိုင်မှာ မဟုတ်ပါဘူး။ မနာလိုတယ်ဆိုတာ အရမ်းကို အန္တရာယ်များပြီး ကြောက်စရာကောင်းတဲ့ အရာပါ။ မနာလို တာကြောင့်ပဲ မကောင်းတာတွေ လုပ်မိတယ်၊ ပြောင်းလဲလာတယ်၊ လမ်းမှားလာတယ် အဲလိုမျိုးတွေပေါ့။ ပြီးတော့ ကိုယ့်ရဲ့ မနာလိုမှု အတိုင်းအတာ အရမ်းများသွားပြီဆိုရင် တရားတာတွေ၊ မတရားတာတွေလည်း ဂရုမစိုက် နိုင်တော့ဘူးလေ။

ဇာတ်ကားတွေထဲမှာ မြင်ဖူးကြမှာပေါ့ အပြင်မှာလည်း တကယ် အဲလိုပါပဲ။ ဇာတ်ကားထဲမှာ ကြောက်ဖို့ ကောင်းလိုက်တာ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် မတရား လုပ်နိုင်တာလဲ၊ ဒီလောက် ရက်စက်ရတာလဲ ဆိုတာတွေက အပြင်မှာ တကယ်ကြီးကို ရှိပါတယ်။ ဒါကြောင့်မို့ မနာလိုခြင်း ဆိုတာကို ရိုးရိုးလေး မတွေးပါနဲ့။ မှားယွင်းတဲ့ ယှဉ်ပြိုင်မှုတွေက မနာလိုခြင်းနဲ့ လောဘကနေ လွယ်လွယ်လေး ပေါက်ဖွားလာနိုင်ပါတယ်။

ဒါတင်ဘယ်ကမလဲ စစ်မှန်တဲ့ ယှဉ်ပြိုင်မှုမှာ မတရားတာ မရှိသလို လေးစားမှု ဆိုတာလည်း ရှိတယ်။ မှန်မှန် ကန်ကန် ယှဉ်ပြိုင်နေတဲ့ သူတွေက အချင်းချင်းအပေါ် လေးစားမှု အပြည့်အဝ ရှိပါတယ်။ မထီမဲ့မြင် မလုပ်သလို အထင်သေးတာမျိုး၊ နှိမ်တာမျိုး၊ ချောက်ချတာမျိုး၊ ရှုံးအောင် အကွက်ဆင်တာမျိုး လုံးဝ လုံးဝကို မရှိတာပါ။ မတရား လုပ်ဖို့ဆို ဝေလာဝေးပေါ့။ ကိုယ်လေးစားတဲ့ သူတစ်ယောက်ကို ဘယ်လို ဆက်ဆံတတ်ကြသလဲ ဆိုတာ လူတိုင်း သိကြမှာပါ။

တကယ်တမ်း ယှဉ်ပြိုင်တယ် ဆိုတာ အချင်းချင်း မုန်းတီးနေဖို့ မဟုတ်ပါဘူး။ လေးစားမှုက ဘယ်လောက် အရေးကြီးပြီး လိုအပ်သလဲ ဆိုတာ ဦးနှောက်ရှိသူတိုင်း နားလည်ပါတယ်။ တကယ်လို့များ ကိုယ်ရဲ့ ပြိုင်ဘက် တစ်ယောက်က ကိုယ့်ကို သူများအထင်လွဲအောင် လုပ်တာ အဲလိုမျိုးတွေ ရှိရင် ဒီကောင် တော်တော် ဦးနှောက် မရှိတာပဲ လို့သာ မှတ်ယူလိုက်ပါ ပြီးတော့ အဲလိုမျိုးတွေက ပြိုင်ဘက်ဖြစ်ဖို့တောင် မတန်ပါဘူး။

စစ်မှန်တဲ့ ယှဉ်ပြိုင်မှု တစ်ခုမှာ အရေးကြီးဆုံးက သူ့အောင်မြင်မှုကို အသိအမှတ် ပြုပေးနိုင်ခြင်းပါပဲ။ ဒါအရမ်း ခက်ခဲတဲ့ ကိစ္စပါ။ ဘယ်သူမဆို သူက ကိုယ့်ထက်သာရင်၊ ကိုယ့်ကို နိုင်သွားရင်၊ သူအောင်မြင်သွားရင် ကျေကျေနပ်နပ် လက်ခုပ်တီး ဂုဏ်ပြုပေးနိုင်ဖို့ တကယ်မလွယ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတော်ရင် သူ့အရည်အချင်းကို လက်ခံနိုင်ရမယ်၊ အသိအမှတ် ပြုနိုင်ရမယ် သူက ကိုယ့်ထက် သာနေရင်လည်း၊ အဆတစ်ရာမက တော်နေရင်လည်း ကိုယ့်ထက် အရည်အချင်းရှိတာ မှန်ရင် သူကပိုအရည်အချင်း ရှိတာကို လက်ခံနိုင်ရမယ်။

ကိုယ့်ဘက်ကလည်း ဝန်ခံနိုင်ရမယ်။ သူအောင်မြင်သွားရင်လည်း သူ့အတွက် ဂုဏ်ပြုပေးနိုင်ရမယ်။ ဒီလိုဆို အလှပဆုံးနဲ့ အစစ်မှန်ဆုံး ယှဉ်ပြိုင်ပွဲမှာ ကိုယ်ဟာ ဘယ်လိုမှ အရှုံးသမားတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အရည်အချင်းရှိတဲ့ မိတ်ဆွေတစ်ယောက်တော့ တိုးလာမှာပေါ့။

တကယ်ပါ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုတစ်ခု ဆင်နွှဲခဲ့ကြဖူးသူတိုင်း အရှုံးသမားတွေ၊ ရန်သူတွေတော့ ဖြစ်မသွားကြဘူး ဒါပေမယ့် အများစုက သိပ်ကောင်းတဲ့ မိတ်ဆွေတွေတော့ ဖြစ်သွားကြတယ်။ ငယ်ငယ်တုန်းကလိုပေါ့ ပြိုင်သာ ပြိုင်တာ ရင်ထဲမှာ ခင်မင်မှုတွေ အပြည့်ပဲလေ။ ဒီလိုပါပဲ ဘဝမှာ ကျွန်တော်တို့တွေ မှန်ကန်တဲ့ ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်နိုင်ဖို့ အရေးကြီးပါတယ်။

လောဘရမ္မက်တွေနဲ့ တောက်လောင်နေတဲ့ သူမျိုး မဟုတ်ဘဲ မှန်ကန်ခြင်း၊ ဖြူစင်ခြင်း၊ လေးစားခြင်း၊ တရားမျှတခြင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူတွေ ဖြစ်ဖို့ သေချာပေါက် ကြိုးစားရမှာပါ။ တကယ်တမ်း လောကမှာ ကိုယ်အောင်နိုင်ဖို့ အရေးကြီးဆုံးက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြီုင်ခြင်းက အကောင်းဆုံးပဲလို့ ပြောကြတာ တစ်ချို့တစ်လေ ကြားဖူးကောင်း ကြားဖူးကြမှာပေါ့။

ဒါအမှန်ပါပဲ ကိုယ့်ကိုယ်ကိုယ် အနိုင်ရလေလေ ကိုယ်တိုင်လည်း တိုးတက်လေလေ အမြင့်ရောက်လေလေပါ။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် အနိုင်ရဖို့ကို အဓိက ထားပါ။ ပြီးတော့ တခြားသူတွေနဲ့ ဆင်နွှဲရတဲ့ ပြိုင်ပွဲတွေကိုလည်း မှန်ကန်တဲ့ စစ်မှန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ဆင်နွှဲနိုင်အောင် ကြိုးစားပါ။ အနိုင်ရဖို့ချည်းက အဓိက မဟုတ်ပါဘူး ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ကြိုးစားမှု အပေါ်လည်း ယုံကြည်ချက် အပြည့်အဝထားပါနော်။ ဒါဆို ဘာနဲ့မှ လဲမရနိုင်တဲ့ ဆုလာဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

 

Source: LiveTheDream

Read times Last modified on Tuesday, 04 February 2020 15:11
Rate this articles
(0 votes)