×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 17 March 2022

စကားဆိုသည်မှာ . . . .

စကားဆိုသည်မှာ . . . .

 

နွားတစ်ကောင်က သခင်ခိုင်းတာတွေလုပ်ပြီး အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်တဲ့။ ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။

 

နွားက "ပင်ပန်းလို့ပါကွာ။ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမှာပဲကွာ"လို့ ပြောလိုက်တယ်။ ညည်းလိုက်တယ်ဆိုပါတော့။

 

ခွေးကကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့ "နွားကပြောတယ်။ ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားချင်တယ်တဲ့။ သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့ ။

သခင်ကအရမ်းခိုင်းလွန်းတယ်ထင်တယ် ဆိုတဲ့ သူ့ရဲ့ "ထင်မြင်ယူဆချက်" ပါသွားပြီ။

 

ဒါကိုကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါကျတော့ "နွားကိုသခင်ကအရမ်းခိုင်းလွန်းတော့ ပင်ပန်းလွန်းလို့ မနက်ဖြန်ကစပြီး အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ်" ဆိုပြီး စကားကပြောင်းသွားတယ်။

 

တစ်ခါဆိတ်က ကြက်ကိုပြောတဲ့အခါကျတော့ "နွားက မနက်ဖြန် သခင်အတွက် အလုပ်မလုပ်ပေးချင်တော့ဘူး။ ခိုင်းလွန်းလို့ သခင့်ကိုမကျေမနပ် ဖြစ်နေတယ်"လို့ ဖြစ်သွားပြန်ရောတဲ့။

ကြက်က ဝက်ကို တစ်ဆင့်ထပ်ပြောတဲ့အခါကျတော့ "နွားကမနက်ဖြန်ကစပြီး သခင်ခိုင်းတာတွေမလုပ်တော့ဘူး။ သခင့်ကို မကျေနပ်ဘူး။
သခင်အသစ်ရှာချင်နေတယ်လို့ ကြားတယ်"ဆိုပြီး စကားက ကားသွားပြီ။

 

သခင်ရဲ့မိန်းမက ဝက်စာလာကျွေးတဲ့အချိန်မှာ ဝက်ကပြောတယ်တဲ့။ "သခင်မ ! နွားကအချိုးတွေပြောင်းနေပြီ။ သခင်မတို့ကို မကျေနပ်ဘူး။
သခင်မတို့ အလုပ်တွေကို မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့ ပြောနေတယ်နော်" တဲ့။

 

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။ "ရှင့်နွားက ရှင့်ကိုသစ္စာဖောက်သွားပြီ။ မနက်ဖြန်ကစပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ်"တဲ့။

အဲဒီအခါ ယောက်ျားက "သစ္စာဖောက်တော့လည်း အသားပေါ်ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲဒါနဲ့ပဲ နောက်နေ့မှာ နွားဟာအသတ်ခံလိုက်ရရောတဲ့။

 

တကယ်တော့ နွားပြောတာက "ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ် " ဆိုတာလေးပဲ။ သူ့ရဲ့ဆန္ဒကို သူပြောရုံလေးပဲ။ သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။ ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့ နောက်ဆုံးမှာ ဒီစကားလေးအတွက် သူ အသတ်ခံလိုက်ရတယ်တဲ့။

 

ဒီပုံပြင်လေးအတိုင်းပါပဲ။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာလည်း ကိုယ်ပြောလိုက်တဲ့ အမှတ်တမဲ့စကားလေးတစ်ခွန်းကို "စ" ပြီး "ကား" သွားခဲ့ရင်း မလိုလားအပ်တဲ့ ဆိုကျိုးတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဖြစ်ပေါ်နေတယ်ဆိုတာလည်း ကိုယ်တွေ့အနေနဲ့ အနည်းနဲ့အများ ခံစားဖူးကြမယ်ထင်ပါတယ်။

 

"နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ"ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း တစ်ဦးနဲ့တစ်ဦး လက်နဲ့ရန်ဖြစ်ကြမယ်ဆိုရင် အလွန့်အလွန်ဆုံး "ကြေ" တဲ့အဆင့်ပဲရောက်နိုင်ပေမယ့် နှုတ်ကထွက်တဲ့ စကားလေးတစ်ခွန်းက လူအများကြီးရဲ့ဘဝကို "သေဆုံး" သွားနိုင်ပါတယ်။

 

ဒါကြောင့် "စကား" ကို "စကား"အတိုင်း ပကတိ ရိုးရိုးသားသားပြောကြဖို့နဲ့ မိမိရဲ့ စကားကြောင့် အခြားသူ ဒုက္ခမရောက်အောင် စောင့်ထိန်းကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။

 

ကိုးကား - original writer

Read times
Rate this articles
(0 votes)