Saturday, 16 February 2019 10:31

ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိထားရမယ့် အချက် (၃) ချက်

ခက်ခဲကြမ်းတမ်းတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံဆုံလာတဲ့အချိန်ကျရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာ မူတည်နေတယ်။

တကယ့်လက်တွေ့ ဘဝဟာ အနိမ့်အမြင့်သဘောတွေနဲ့ ဖြစ်တည်နေတယ်။ ပြဿနာအခက်အခဲတွေမရှိတဲ့ ဘဝတစ်ခုမှာ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာလည်း မရှိနိုင်ဘူး။ တစ်ခါတစ်ရံကျ ဘဝက ကျွန်တော်တို့ လျှောက်လှမ်းချင်တဲ့လမ်းအတိုင်း လိုက်တတ်တာမဟုတ်ဘူး။ ကဖျက်ယဖျက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်သလို ဒေါသဖြစ်စရာတွေ၊ ဝမ်းနည်းစရာတွေနဲ့လည်း ကြုံတွေ့ခံစားရနိုင်တယ်။


ဒါတွေက လူတိုင်းလိုလို ကြုံဆုံရတဲ့ အရာတွေပဲ။ များတာ၊ နည်းတာပဲ ကွာချင်ကွာပါလိမ့်မယ်။ ဒါကလည်း ခက်ခဲကြမ်းတမ်းတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံဆုံလာတဲ့အချိန်ကျရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်နေတယ်။ တစ်ခါတလေကျ ဘဝကို စိတ်ပျက်ချင်စိတ်ပျက်နေလိမ့်မယ်။ ဘဝနဲ့ပတ်သက်ပြီး ခံစားချက်တွေ ဆိုးဝါးချင် ဆိုးဝါးနေပါလိမ့်မယ်။ မကောင်းတဲ့ခံစားချက်တွေဘက်ကို အတင်းဆွဲသွင်းချင် သွင်းနေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအရာတွေပေါ်မှာ လိုက်ခံစားနေလို့မဖြစ်ဘူး။


သူ့နောက်ကိုလိုက်နေရင် ကိုယ်ပဲ မိုက်ရာကျသွားလိမ့်မယ်။ ဘာမှတော့ ပြောင်းလဲလာမှာမဟုတ်ဘူး။ ကိုယ့်ဘက်က ကောင်းတဲ့အမြင်၊ ကောင်းတဲ့အတွေးတွေနဲ့ ဖြည့်ပြီး နားလည်နိုင်ရမယ်။ ပြောင်းလဲယူနိုင်ရမယ်။ အခုဖော်ပြပေးလိုက်တဲ့ (၃) ချက်ဟာ အဲဒီလိုအချိန်မျိုးတွေမှာ ဘဝအတွက် သိပ်ကိုအသုံးဝင်ပြီး အထောက်အကူလည်း ဖြစ်စေပါတယ်။ ဘဝခွန်အားတွေကိုလည်း ဖန်တီးပေးနိုင်တယ်။


၁။ ထာဝရတည်မြဲနေတယ်ဆိုတာ မရှိဘူး

ညတိုင်းမှာ မှောင်မိုက်မှုရှိပေမဲ့ မနက်တိုင်းမှာ နေထွက်လေ့ရှိတယ်။ အမှောင်ထုကနေ လင်းသွားတာ၊ လင်းသွားရာကနေ မှောင်သွားတာ စတဲ့ပြောင်းလဲမှုတွေကို ခင်ဗျားတို့၊ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်းလိုလို မြင်တွေ့နေကြတာပဲမဟုတ်လား။ ဒါပေမဲ့ မေ့လွယ်ပျောက်လွယ်ပဲမဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ အရာရာတိုင်းက ပုံသေတည်မြဲနေတယ်ဆိုတာ မရှိလို့ပဲ။ အခက်အခဲ အကျပ်အတည်းဆိုတာကလည်း အမြဲဖြစ်မနေနိုင်ဘူး။ အခုမကောင်းပေမဲ့ တော်ကြာ ကောင်းချင်ကောင်းလာတတ်တာပဲ။
ဒါကို နားလည်စွာနဲ့ ဖြည့်တွေးတတ်ရမယ်။ အဲဒီလို ဖြည့်တွေးနားလည်တတ်မယ်ဆိုရင် နာကျင်ခံစားပြီး စိတ်ဓာတ်ကျနေစရာ မလိုတော့ဘူး။ အဲဒီမကောင်းတဲ့အရာတွေပေါ်မှာ ပျော်ပျော်ကြီး ခံစားမနေဖို့ပဲလိုတယ်။ ဒီနေ့မကောင်းရင် မနက်ဖြန်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရွေးချယ်နိုင်တယ်။ မကောင်းတဲ့အချက်တွေကို ကောင်းတဲ့ဘက်ဆီ ကူးပြောင်းပေးရမယ်။


၂။ ဒုက္ခတွေကို ဖြတ်ကျော်နိုင်အောင်ကြိုးစားလေ ရင့်ကျက်လာလေပဲ

ဒုက္ခအခက်အခဲ (သို့) နာကျင်မှုတွေနဲ့ တွေ့ကြုံလာရတိုင်း ဘဝသင်ခန်းစာတစ်ခု ရတာပဲ။ အဲဒီဒုက္ခဆိုတဲ့ နာကျင်မှုတွေကနေ ဘဝအတွက် သင်ယူမှုတွေလုပ်နိုင်တယ်။ ကြုံဆုံနေရတဲ့ အချိန်အခိုက်အတန့်မှာ သင်ခန်းစာဆိုတာ မြင်နိုင်ဖို့ခက်ခဲနိုင်ပေမဲ့ ရှေ့ဆက်လျှောက်နိုင်ဖို့ ကြိုးစားရင်းပဲ ကိုယ့်ကိုယ်ကိုယ် အများကြီး သင်ကြားပေးနေတယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။


ဒါကြောင့် ရုန်းကန်လှုပ်ရှားနေရလို့ စိတ်မလျော့နဲ့။ စိတ်မပျက်နဲ့။ အကောင်းဆုံး သည်းခံကြိုးစားနိုင်လေ ကိုယ့်အတွက် ပညာဉာဏ် ရင့်သန်လေပဲဆိုတာ သတိရပါ။


၃။ အပတ်တကုတ် ကြိုးပမ်းအားထုတ်နေရခြင်းဟာ ရှေ့သို့ချီတက်နေခြင်းဖြစ်တယ်

အပတ်တကုတ် ကြိုးပမ်းအားထုတ်နေရတဲ့ လှုပ်ရှားရုန်းကန်မှုရဲ့ အရသာဟာ ခံစားလို့မကောင်းပေမဲ့ အနာဂတ်ခရီးအတွက် ချီတက်နေခြင်းဖြစ်တယ်ဆိုတာ သိထားရမယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာပဲ ဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် ဒါမျိုးအခက်အခဲတွေ ကြုံဖူးကြမှာပါ။ ဒါပေမဲ့ အဲဒီ ရုန်းကန်မှုတွေက ဘဝကို တိုးတက်အောင်မြင်အောင် လုပ်ပေးနိုင်သလို ပျော်ရွှင်မှုအစစ်အမှန်တွေနဲ့ ဘဝတစ်ခုကိုလည်း တည်ဆောက်ပေးနိုင်တယ်။


ဘယ်အရာမှာမဆို ကြိုးစားရုန်းကန်ခြင်းက၊ သို့မဟုတ် အပတ်တကုတ် ကြိုးပမ်းအားထုတ်နေခြင်းက အနာဂတ်လမ်းအတွက် တူညီတဲ့ အကျိုးရလဒ်တစ်ခုတော့ ပြန်ပေးကြစမြဲပါ။

Credit; Lifehack