×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 20 December 2018

ဘာသာစကားလိုက်စားသူတို့အတွက် ဝေါဟာရအသစ်များ လေ့လာနည်း ၁၀ ခု

ဘာသာစကား လေ့လာသူတစ်ဦးအနေနဲ့ သင်ဟာ ဝေါဟာရ အသစ်တွေကို တိုးပွားအောင် အမြဲ ကြိုးစားရပါတယ်။

နေ့စဉ်နေ့တိုင်း ဝေါဟာရ စာရင်း အရှည်ကြီးတွေရေးမှတ်တာတို့၊ flash card ဝေါဟာရကဒ်ပြားတွေနဲ့ လေ့ကျင့်တာတို့လုပ်ပြီး စကားလုံးအသစ်တွေကို မွှေနှောက်ရှာဖွေ မှတ်သားရတယ်။

ဒါပေမဲ့ စကားပြောမယ်လည်း ကြံလိုက်ရော ခေါင်းထဲက ကျက်မှတ်ထားတဲ့ စကားလုံးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြလို့ နောက်ဆုံးတော့ သင်အကြိမ်ကြိမ်သုံးခဲ့ဖူး၊ သိခဲ့ဖူးတဲ့ စကားလုံး အဟောင်းတွေကိုဘဲ ပြောင်းသုံး ပြောရတာဘဲမဟုတ်ပါလား။

ဘာသာစကား လေ့လာသူတွေအတွက် စကားလုံး အသစ်တွေကို မှတ်မိတာနဲ့ စကားပြောရာမှာ စကားလုံး အသစ်တွေကို သုံးတာတို့ဟာ အလွန်ခက်ခဲတဲ့ အရာပင်ဖြစ်ပါတယ်။ ဒါကြောင့် အောက်မှာ စကားလုံး အသစ်တွေကို စွဲမြဲအောင် မှတ်မိရုံမျှမကဘဲ စကားပြောတဲ့ အခါမှာပါ ပြန်သုံးတတ်အောင် ကူညီပေးမယ့် ဗျူဟာအချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ကျဘန်းဝေါဟာရ မဖြစ်စေနဲ့

ကျွန်တော်တို့ဟာ ကိုယ်နဲ့ သက်ဆိုင်တာကိုဘဲ မှတ်မိလေ့ရှိပါတယ်။ ဒါကြောင့် စကားလုံးပေါင်းစုံ ရောရောပါဝင်တဲ့ ဝေါဟာရ စာရင်း ပြုစုတာ ဒါမှမဟုတ် index card (ဝေါဟာရကဒ်) ပြုလုပ်တာတို့တွေဟာ နောင်တစ်ချိန်မှာ အဲ့ဒီစကားလုံးတွေကို ပြန်လည်မှတ်မိဖို့၊ ပြန်လည်အသုံးချဖို့အတွက် သိပ်ပြီး ထိရောက်မှု မရှိဘူးလို့ ဆိုချင်ပါတယ်။ ဝေါဟာရ စာရင်းတို့ ဝေါဟာရကဒ်တို့ဟာ သင်သိပြီးသား၊ လေ့လာထားပြီးသား စကားလုံးတွေကို ပြန်နွှေးရုံအတွက် ဆိုရင်တော့ အသုံးဝင်ပါတယ်။

ဒါပေမဲ့ စကားလုံးအသစ်တစ်လုံးကို စွဲစွဲမြဲမြဲ မှတ်မိနိုင်အောင် လုပ်ချင်ရင် မိမိအတွက် အဓိပ္ပါယ်ရှိတဲ့ (သက်ဆိုင်မှုရှိတဲ့) အရာတစ်ခုခုနဲ့ အဲ့ဒီစကားလုံး အသစ်ကို ချိတ်ဆက်ပြီးမှတ်သားပါ။ သင်ကြိုက်နှစ်သက်တဲ့ စိတ်ဝင်စားတဲ့၊ အရမ်းစွဲလမ်းတဲ့ အကြောင်းအရာ context တစ်ခုခုထဲမှာ ထည့်သုံးတဲ့ စကားလုံးကို သင်ကပိုပြီး ကောင်းကောင်းမှတ်မိမှာ ဖြစ်ပါတယ်။
၂။ စကားပြောတွေကို အတွဲလိုက်လေ့လာပါ
အကယ်လို့ စကားကို အတွဲလိုက် (စကားလုံးအများကြီးပါတဲ့ စကားစု အတွဲလိုက်) ဒါမှမဟုတ် စကားပြော scripts (ပုံသေကားကျ အပြန်အလှန်ပြောဆိုပုံ) စတာတွေ နဲ့ လေ့လာရင် ပိုမိုစွဲမြဲစွာ မှတ်မိပါတယ်။
၃။ သင့်ရဲ့ စိတ်တွင်းက အသံကို အသုံးချပါ
သင်ယူ လေ့လာတယ်ဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို လေ့လာရင် သင့်ရဲ့ စိတ်တွင်းက အသံရဲ့ ကမ္ဘာထဲကို အရင်ဝင်ဖို့လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းကို စမ်းကြည့်ပါ။ စကားလုံး/ စကားတွဲ phrase တစ်ခုကို တစ်ကြိမ်နားထောင်ပါ။ ပြီးတော့ အဲ့ဒီစကားလုံးကို ခေါင်းထဲကနေ (စိတ်ထဲကနေ) နားထောင်ပါ။ ပြီးတော့ ခေါင်းထဲကဘဲ ပြောကြည့်ပါ။ပြီးတော့မှ ပါးစပ်ကနေ ကျယ်ကျယ်ပြောပါ။ မိမိရဲ့ ပြောသံကို အသံသွင်းထားပြီး ပြန်နားထောင်ကြည့်ပါ။ ပြီးတော့ သင်ကြားရတဲ့ အသံနဲ့ သင့်စိတ်ထဲက အသံတူသလား။ တစ်ထပ်တည်းလားဆိုတာ နားထောင်ကြည့်ပါ။
၎။ စကားလုံး၊ စကားတွဲတွေ ဘယ်လိုပုံစံလဲဆိုတာ စိတ်ကူးပုံဖေါ်ကြည့်ပါ
စကားလုံးရဲ့ အဓိပ္ပါယ်ကို စာရွက်ပေါ်မှာ သို့မဟုတ် စိတ်ကူးထဲမှာ သရုပ်ဖော် ရေးဆွဲခြင်းဖြင့် ဘယ်အချိန်မှာ ပြန်ကြားကြား အဲ့ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ချက်ခြင်း ပြန်မှတ်မိဖို့ ကူညီပေးပါတယ်။ ဒီနည်းကတော့ အီဒီယံတွေ ဥပမာ - to keep one’s mouth shut (informal) (ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်) လိုဟာမျိုးတွေ မှတ်ရာမှာ အကူအညီရပါတယ်။
၅။ တွဲမှတ်လို့ ရတဲ့ ရီစရာလေးတွေ ဖန်တီးပါ

Mnemonic လို့ခေါ်တဲ့ စကားလုံးနဲ့ သူ့ရဲ့ အဓိပ္ပါယ်ကြားထဲက ဆက်စပ်မှုကို ခိုင်မြဲစေမဲ့ ရီစရာ စကားစု သို့မဟုတ် ပုံပြင်လေးတွေ ဖန်တီးကြည့်ပါ။ စာလုံးပေါင်းရခက်တဲ့ စကားလုံးတွေကို ကျွန်တော်ပြန်အစဖော်ပြီး မှတ်မိအောင် လုပ်တဲ့အခါတိုင်း ဒီနည်းလမ်းက ထိထိရောက်ရောက် ရှိလှပါတယ်။

၆။ အချိန်ခြားပြီး ပြန်ရွတ်ဆိုသုံးစွဲတဲ့ နည်းလမ်းသုံးပါ
စကားလုံးအသစ်တွေကို အကြိမ်ကြိမ်ပြန်လည် ရွတ်ဆိုကျက်မှတ်ပေးတာဟာ မှတ်ဥာဏ်မှာ စွဲစေပါတယ်။ ဒါပေမဲ့ တစ်နေ့တည်းမှာ ဝေါဟာရအသစ်တွေကို အကြိမ်ရာပေါင်းများစွာ ရွတ်ဆိုကျက်မှတ်တာဟာ spaced repetition လို့ခေါ်တဲ့ ရက်များများ သို့မဟုတ် အပတ်များများ ကာလတစ်ခုထဲမှာ ပြန်လှန်ဆွေးနွေးပြီး ကျက်မှတ်တာလောက် ထိရောက်မှုမရှိပါဘူး။

ဝေါဟာရအသစ်တွေကို ချက်ခြင်းအသုံးပြုပါ။ပြီးတော့ တစ်နာရီလောက်ခြားပြီးတော့မှ မှတ်မိသေးလား ပြန်စဉ်းစားကြည့်ပါ။ အိပ်ယာမဝင်ခင် နောက်တစ်ခါ စဉ်းစားပြီး နွှေးပေးပါ။ နောက်ထပ်တစ်ရက်လောက်ခြားပြီး ပြန်သုံးပါ။ နောက်ဆုံးအနေနဲ့ နောက် ၂ ရက်လောက်အကြာမှာ ပြန်လှန်လေ့လာပါ။
၇။ ဝေါဟာရရင်းမြစ်ကို ရှာဖွေလေ့လာပါ။

စကားလုံးသစ်တစ်လုံးရဲ့ အဓိပ္ပါယ်ကို အဘိဓာန်မှာ ရှာမကြည့်ခင် အဲ့ဒီစကားလုံးရဲ့ ဆိုလိုရင်းကို ခန့်မှန်း စဉ်းစားကြည့်ပါ။ အဲ့ဒီစကားလုံးရဲ့ မူလ အရင်းအမြစ် root အပြင် prefix တွေ suffix တွေကိုပါ လေ့လာပါ။ အကယ်လို့ သင်က အခြားဘာသာ စကားအချို့ကိုလည်း နားလည်မယ်ဆိုရင် စကားလုံးတွေရဲ့ မြစ်ဖျားခံရာ တူညီမှုတွေကိုလည်း တွေ့ရှိမှာ ဖြစ်ပါတယ်။

စကားလုံး အသစ်တွေရဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း အရင်းအမြစ်ကို သုတေသနလုပ်ပြီး လေ့လာရင် အဲ့ဒီစကားလုံး အသစ်တွေကို ပိုမိုမှတ်မိပါတယ်။

၈။ မိမိကိုယ်ကို စကားလုံးအသစ်တွေနဲ့ စိန်ခေါ်ကြည့်ပါ
စိန်ခေါ်တယ် ဆိုတဲ့ အသိတရားက သင့်ရဲ့ ဦးဏှောက်ကို နိုးဆွပေးပါတယ်။ စကားလုံးတွေရဲ့ အဓိပ္ပါယ်အသစ်တွေ၊ ဒါမှမဟုတ် စကားလုံးအသစ်တွေကို ရှာဖွေတွေ့ရှိစေတဲ့ game တွေဟာသင့်ရဲ့ ဝေါဟာရကို ကြွယ်ဝစေဖို့အတွက် ပျော်စရာနည်းလမ်း တွေဖြစ်ပါတယ်။
၉။ ချရေးပါ
စကားလုံးအသစ်တွေကို (ဒါမှမဟုတ် စကားလုံးအသစ်ကိုထည့်သုံးထားတဲ့ ဝါကျတွေကို) ချရေးခြင်းအားဖြင့် အဓိပ္ပါယ်ရော စာလုံးပေါင်းအတွက်ပါ သင့်မှတ်ဥာဏ်ထဲမှာ စွဲလမ်းနေစေဖို့ ကူညီပေးပါတယ်။ သင် သို့မဟုတ် သင်သိတဲ့ သူတစ်ယောက်ယောက်အတွက် လက်တွေ့ကျတဲ့ အကြောင်းလေးတွေကို တွေးပြီး ရေးချပါ။
၁၀။ လက်တွေ့အကြောင်းအရာတွေအကြောင်း ပြောပါ
စကားလုံးအသစ်တွေကို ဘယ်လောက်ဘဲ မှတ်မိအောင်ကျက်မှတ်ထားဦး မိမိလက်တွေ့ အသုံးပြုခါနီးမှာ လျှပ်တစ်ပျက် ထုတ်သုံး တတ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါကို ပြောင်းလဲပစ်ဖို့ နည်းလမ်းကတော့ အင်္ဂလိပ်လို နှစ်မိနစ် သုံးမိနစ်စာလောက် လုံးဝမရပ်ဘဲ မပြတ်တမ်းပြောတဲ့ မိမိရဲ့အသံကို အသံပြန်ဖမ်းထားပါ။

ပြောရမယ့် အကြောင်းအရာတွေကတော့ မိမိပတ်ဝန်းကျင်က အရာတွေကို ပြန်ဖော်ပြတာ၊ ဒါမှမဟုတ် တစ်ခုခုနဲ့ ပတ်သက်လို့ မိမိရဲ့သဘောထားထက်မြင်ချက်တွေကို ပြောတာမျိုးတွေ ဖြစ်ပါတယ်။ ပြီးတော့မှ မိမိရဲ့ ပြောစကားတွေကို ပြန်နားထောင်ရင်း ဘယ်လိုစကားလုံးမျိုးတွေ သုံးသွားတယ်ဆိုတာ ပြန်နားထောင်ပါ။

မိမိလေ့လာထားပြီး ပြန်လည်အသုံးပြုလိုတဲ့ စကားလုံးတွေကို အသုံးပြုခဲ့ပါသလား။ စကားလုံးအသစ်တွေနဲ့ အစားထိုးပြောလို့ရတဲ့ စကားလုံးအဟောင်း တွေကိုဘဲ ပြန်သုံးခဲ့ပါသလား။ ပြီးတော့မှ မိမိပြောင်းသုံးချင်တဲ့ စကားလုံးတွေနဲ့ အစားထိုးပြီး ပြန်ပြောတာကို အသံပြန်ဖမ်းတာထပ် လုပ်ပါ။

Source: Myanmar Network

Read times Last modified on Wednesday, 29 January 2020 10:18
Rate this articles
(2 votes)