×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 08 March 2019

လူချမ်းသာတိုင်း ကျွမ်းကျင်ပိုင်နိုင်ကြသည့် စွမ်းရည် (၈)မျိုး

ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင်ကျော်အနက် လူနည်းစုလောက်ကပဲ အရမ်းချမ်းသာကြတာကို သိပါသလား။ ကမ္ဘာအ၀ှမ်းက ဘီလျံနာသူဌေး အယောက်(၈၀)လောက်ရဲ့

စုစုပေါင်းပိုင်ဆိုင်မှု ၁.၉ ထရီလီယံအထိ ရှိပြီး လွန်ခဲ့တဲ့နှစ်များအတွင်းမှာ နောက်ထပ် ၅၀ ရာခိုင်နှုန်းလောက် ထပ်တိုးလာတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီလိုချမ်းသာကြွယ်ဝတဲ့လူနည်းစုထဲမှာ ပါဝင်ရဖို့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ လက်ရှိချမ်းသာအောင်မြင်သူတွေရဲ့ အလေ့အကျင့်တွေကို အတုယူပြီး ကိုယ်တိုင်ကျင့်သုံးသွားမယ်ဆိုရင် ချမ်းသာအောင်မြင်တဲ့ဘ၀ကို ရရှိလာနိုင်မှာပါ။ ဒါ့ကြောင့် ချမ်းသာအောင်မြင်သူတိုင်း ကျွမ်းကျင်ပိုင်နိုင်ထားကြတဲ့ အရည်အချင်း (၈)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အာရုံစူးစိုက်ခြင်း

ဘာမဆို ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူတွေကို မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တတ်တာဟာ ကောင်းချီးတစ်ခုဖြစ်နိုင်သလို ကျိန်စာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရာအမျိုးမျိုးကို နှံ့စပ်တာက အရေးကြီးတာတစ်ခုထဲကို အာရုံမစိုက်နိုင်အောင် အနှောင့်အယှက်ဖြစ်စေပါတယ်။ ချမ်းသာအောင်မြင်သူတွေကတာ့ အကြောင်းအရာတစ်ခုထဲအပေါ် အာရုံစိုက်ခြင်းက အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ကြောင်း နားလည်ကြပါတယ်။ အကျွမ်းကျင် အပိုင်နိုင်ဆုံး အလုပ်တစ်ခု၊ အရည်အချင်းတစ်ခုကိုပဲ အာရုံစိုက်ပါ။ တိုးတက်အောင်မြင်တဲ့ ရလဒ်ရရှိသည်အထိ လုပ်ဆောင်ပါ။

Read More >>>>> ယုံကြည်မှု ပျောက်ဆုံးမသွားစေဖို့....

 

၂။ ခံယူချက်ရှိခြင်း

ဘ၀ရှင်သန်မှု၊ အောင်မြင်မှု၊ ငွေကြေး စတဲ့အကြောင်းအရာတွေအပေါ်မှာ မှန်ကန်တဲ့ ခံယူချက် ထားရှိနိုင်တာကလည်း အောင်မြင်ချမ်းသာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ နေ့စဉ် စဉ်းစားတွေးခေါ်မှုတွေကို သတိပြုသုံးသပ်ဆင်ခြင်နိုင်ပြီး အသုံးမ၀င်တဲ့ ယုံကြည်မှုနဲ့ အတွေးတွေကို ဖယ်ရှားနိုင်မယ်ဆိုရင် အံ့သြစရာကောင်းတဲ့ ရလဒ်ကောင်းတွေ ရရှိလာပါလိမ့်မယ်။

၃။ ခန္ဓာကိုယ်ကြံ့ခိုင်အောင် တည်ဆောက်ခြင်း

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်အောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ယောဂလေ့ကျင့်တာ၊ ရေကူးတာ၊ အပြေးလေ့ကျင့်တာ၊ ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်ရိုက်တာ စသဖြင့် နှစ်သက်ရာ ကိုယ်လက်လှုပ်ရှား အားကစားနည်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဒါပေမယ့် ကျန်းမာစေရုံသာမက ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပြီး အချိုးအစားကျနလှပစေဖို့အတွက် အမြန်ဆုံးနည်းလမ်းကတော့ ကြွက်သားတွေရှိအောင် တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ အလေးမကစားခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားတွေ တည်ဆောက်တာဟာ အရိုးသိပ်သည်းဆကို တိုးတက်စေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ယုံကြည်မှုကိုလည်း တိုးတက်စေပါတယ်။

၎။ အလေ့အကျင့်တွေကို စွဲမြဲအောင်လုပ်ခြင်း

နေ့စဉ်လုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေက ရည်မှန်းချက်တွေကို အောင်မြင်စေနိုင်သလို၊ အလှမ်းဝေးနေအောင်လည်း ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ အလေ့အကျင့်တွေကို ဘ၀အောင်မြင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် အလေ့အကျင့်ကောင်းတွေဖြစ်လာအောင် ပြောင်းလဲဖို့ လိုပါတယ်။ မနက်ခင်းနဲ့ ညအိပ်ရာမ၀င်လုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေကို ပြင်ဆင်ပါ။

၅။ အချိန်ကုန်လူပန်းသက်သာအောင် လုပ်ဆောင်နိုင်ခြင်း

ချမ်းသာအောင်မြင်သူတိုင်းဟာ ဘာကိုပဲလုပ်လုပ် အချိန်ကုန်လူပန်းသက်သာပြီး အကောင်းဆုံးရလဒ်ထွက်အောင် လုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိကြပါတယ်။ သူတို့ဟာ ဆုံးဖြတ်ချက်တွေကို မြန်ဆန်မှန်ကန်စွာ ချမှတ်ပြီး လုပ်စရာရှိတာတွေကို အပြီးသတ်သည်အထိ လုပ်တတ်ကြပါတယ်။

အချိန်ကို အကျိုးရှိရှိအသုံးချပြီး ခွန်အားစိုက်ထုတ်မှုကိုလည်း အကောင်းဆုံးစီမံနိုင်ကြပါတယ်။ အချိန်ကုန်လူပန်းသက်သာစွာနဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ သင်ကျွမ်းကျင်ပိုင်နိုင်တာကိုပဲ အာရုံစိုက်ပါ။ အခြားအရာတွေကို တာဝန်လွှဲပြောင်းပေးတတ်အောင် လေ့လာသင်ယူပါ။

၆။ ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ခြင်း

လူတွေဟာ သူတို့အပေါ် လွှမ်းမိုး သက်ရောက်နိုင်သူတွေကို သဘောကျလေ့ရှိပါတယ်။ ချမ်းသာအောင်မြင်သူတွေဟာ ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်ကျေနပ်စေပြီး အပြုသဘောဆောင်တဲ့ ခံစားချက်တွေရလာအောင် လှုံ့ဆော်လွှမ်းမိုးနိုင်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့ မိသားစုနောက်ခံ၊ ယုံကြည်မှု၊ ပညာရေးအခြေအနေနဲ့ ဘ၀အတွေ့အကြုံတွေရှိကြပါတယ်။

တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ရှိကြပေမယ့် ဖြစ်ချင်တာတွေ ဖြစ်မလာတာက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိတဲ့အတွက်ပါပဲ။ ချမ်းသာအောင်မြင်သူတွေဟာ သူတို့ကိုယ်တိုင်လည်း ယုံကြည်မှုအပြည့်ရှိသလို ပတ်ဝန်းကျင်က လူတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့ ဘ၀ကို တိုးတက်အောင်မြင်လာအောင် လှုံ့ဆော်လွှမ်းမိုးပေးတတ်ကြပါတယ်။

၇။ လက်ရှိဘ၀ကို အသိအမှတ်ပြုခြင်း

ကျေးဇူးသိတတ်ခြင်းနှင့် လက်ရှိဘ၀ကို အသိအမှတ်ပြုနိုင်ခြင်းဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဘ၀မှာ လိုတာမရ၊ ရတာမလိုဖြစ်နေတဲ့အတွက် စိတ်ညစ်မနေပဲ လက်ရှိဘဝရဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနဲ့ ကျေနပ်စရာတွေကို လက်ခံနိုင်ခြင်းက တိုးတက်အောင်မြင်တဲ့ဘ၀ကို တည်ဆောက်ရမှာ စိတ်ဖိစီးမှုနည်းသွားစေပါတယ်။ အနာဂတ်အတွက် အလွန်အမင်းစိုးရိမ်ပူပန်မနေပဲ လက်ရှိအချိန်မှာ အကောင်းဆုံးရှင်သန်တတ်ဖို့ လိုပါတယ်။

၈။ တရားထိုင်ခြင်း

တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်ရှင်းလင်းစေပြီး ခံစားချက်ကောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ လောကကြီးကို မတူညီတဲ့ရှုထောင့်ကနေ ကြည့်တတ်မြင်တတ်လာစေပြီး အောင်မြင်မှုလမ်းတွေကို တွေ့လာစေပါတယ်။ လူအများစုအတွက် ဘ၀ရည်မှန်းချက်ကို မတွေ့ရှိပဲ ခက်ခဲပင်ပန်းစွာ ရှင်သန်နေကြရတာဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ လူမှုရေးကိစ္စ၊ အလုပ်ကိစ္စနဲ့ အခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် အရေးမကြီးတဲ့အကြောင်းအရာတွေကနေ ခဏတာကင်းဝေးသွားစေပြီး ဘဝရဲ့ ရည်မှန်းချက်ကို ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ စွမ်းရည် (၈)ခုကို ကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင် သင့်ဘ၀အတွက် အကျိုးရလဒ်တွေအများကြီး ဖြစ်ထွန်းလာမှာသေချာပါတယ်။ ဒီအချက်တွေအားလုံးက အောင်မြင်ရေး၊ ငြိမ်းချမ်းမှုနဲ့ ချမ်းသာကြွယ်ဝမှုအတွက် အခြေခံအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

Source: Gentleman Magazine

Read times Last modified on Thursday, 30 January 2020 17:31
Rate this articles
(3 votes)