×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Thursday, 27 July 2017

အသက်အရွယ်အလိုက် သင်ကြားသင့်တဲ့ လက်တွေ့ဘ၀ အတတ်ပညာရပ်များ

အသက်အရွယ်အလိုက် သင်ကြားသင့်တဲ့ လက်တွေ့ဘ၀ အတတ်ပညာရပ်များ google.com

ရှင်သန်နေထိုင်ဖို့အတွက် ကျွန်ုပ်တို့ရွေးချယ်ထားတဲ့ career လမ်းကြောင်းဖြစ်စေ အခြေအနေအရ လုပ်ကိုင်ရမယ့် အလုပ်မျိုးဖြစ်စေ အသက်မွေးဝမ်ကြောင်းအလုပ်တခုတော့ လုပ်ရမှာသေချာပါတယ်။ ငယ်စဉ်ကသင်ခဲ့တဲ့ပညာတွေနဲ့ပဲတော့ မလုံလောက်ပါဘူး။ လက်တွေ့ဘဝပညာရပ်တွေလည်း တတ်မြောက်ဖို့လိုပါသေးတယ်။

ငယ်စဉ်ချိန်မှာ မသိသာပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ အချိန်ရောက်မှ အခက်အခဲတွေ့တတ်ကြပါတယ်။ အသက်အရွယ်ပေါ်မူတည်ပြီး သင်ယူထားရမယ့် လက်တွေ့ဘဝသင်ခန်းစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အိပ်စက်အနားယူမှုပုံစံ မှန်ကန်ပါစေ။

ဒီအချက်က ပညာရပ်ဆိုပေမယ့် အလေ့အကျင့်လို့ ပြောရင်လည်း ရပါတယ်။ အသက် ၁ နှစ်ကနေ ၆ နှစ်အတွင်း အရွယ်ရှိ ကလေးငယ်တွေကို အိပ်စက်မှု ပုံစံမှန်မှန်နဲ့ အိပ်စက်တတ်အောင် မိဘတွေက လေ့ကျင့်ပေးသင့် ပါတယ်။ ဒီအရွယ်အတွင်းမှာ ကလေးတွေကို နေ့စဉ် ၉ နာရီကနေ ၁၁ နာရီအတွင်း အိပ်စက်တတ်အောင် လေ့ကျင့်ပေးပါ။ နေ့ခင်းဘက် အိပ်ချိန်ကိုပါ တစ်နေ့တာ အိပ်ချိန်ထဲ ထည့်သွင်းမှတ်သားပြီး နေ့စဉ်အိပ်ချိန်ကို ၉ နာရီကနေ ၁၁ နာရီအတွင်း မပိုအောင် ထားရှိအိပ်စက်ပါစေ။ ဆယ်ကျော်သက် အရွယ်ရောက်လာချိန်မှာ ကလေးငယ်တွေဟာ အလိုလို နေ့ဘက် အိပ်စက်တတ်မှုကနေ ညဘက်မှာပဲ အိပ်စက်တတ်လာပါလိမ့်မယ်။ ဒီအရွယ်မှာ B လေးလုံးဖြစ်တဲ့ Bathing (ရေချိုး)၊ Brushing (သန့်စင်)၊ Books (စာဖတ်)နဲ့ Bed (အိပ်စက်) မှုပညာလေးတွေကို  သင်ကြားပေးဖို့လည်း ကောင်းပါတယ်။

 

၂။ ရေကူးသင်ပေးပါ။

မိမိကိုယ်တိုင်အတွက်ရော လိုအပ်ရင်အခြား သူအတွက်ပါ အသက်ကယ်နိုင်မယ့် ဘ၀ရဲ့အခြေခံ ပညာရပ်ပါ။ အသက် ၁ နှစ်ကနေ ၆ နှစ်အတွင်း ကလေးတွေကို ရေကူးသင်ပေးဖို့ အကောင်းဆုံးပါ။ ၁ နှစ်ကနေ ၆ နှစ်လို့ဆိုရပေမယ့် လေ့လာချက်တွေ အရတော့ ၁ နှစ်ကနေ ၄ နှစ်အတွင်း ကလေးတွေကို ရေနဲ့မစိမ်းအောင် လေ့ကျင့်ပေးသင့်ပြီး ၄ နှစ်ကနေ ၆ နှစ်အတွင်း ရေကူးသင်ပေးတာ အကောင်းဆုံးလို့ ဆိုပါတယ်။

 

၃။ အချက်အပြုတ်သင်ပေးပါ။

ကလေးတွေရဲ့ အသက် ၂ နှစ်ကနေ စတင်ပြီး အချက်အပြုတ် သင်ပေးလို့ရပါပြီ။ ပြည်တွင်းက ကလေးတွေအများစု ဟင်းချက်တမ်း ကစားကြခြင်းဟာလည်း အချက်အပြုတ် ပညာသင်ကြား လေ့လာခြင်း ပုံစံတစ်ခုပါ။ ရှေ့ပိုင်းမှာ အချက်အပြုတ် ကစားနည်းနဲ့ ကစားစေပြီး နောက်ပိုင်း မီးဖိုခန်းမှာ လက်တိုလက်တောင်း ခိုင်းစေရင်း အချက်အပြုတ်ကို ဖြည်းဖြည်းချင်း သင်ကြားပေးနိုင်ပါပြီ။ နောက်ပိုင်းမှာ အရသာခံနည်း၊ ဖြည့်စွက်နည်း၊ ဟင်းပွဲပြင်ဆင် နည်းတွေထိအောင် သင်ကြားပေးပါ။

၎။ ငွေကြေးကိုင်တွယ်ပါစေ။

အသက် ၆ နှစ်ကနေစပြီး ကလေးငယ်တွေကို သင့်တော်တဲ့နှုန်းထား မုန့်ဖိုးပေးပါ၊ သူတို့လိုချင်တဲ့အရာ မှန်သမျှကို မိဘအနေနဲ့ဝယ်ယူ အသုံးပြုစေမှု လျှော့ချပါ။ ဆိုလိုရင်းကတော့ သူတို့လိုချင်တဲ့အရာကို သူတို့မုန့်ဖိုးနဲ့ ၀ယ်ယူတတ်ပါစေ။ ဒီအချက်ဟာ ကလေးတွေကို ငွေကြေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲ တတ်အောင် အခြေခံသင်ကြား ပေးခြင်းပဲဖြစ်ပါတယ်။ ၀န်ထမ်းတစ်ဦး ဖြစ်လာနိုင်တဲ့ ကလေးတစ်ယောက် အတွက် စားစရိတ်၊ သွားစရိတ်၊ အသုံးစရိတ် စတဲ့စရိတ်အစုံစုံကို ချင့်ချိန်တတ်လာစေပါတယ်။ တစ်ခုခုကို ရယူဖို့အတွက် တစ်ခုခုကို ချွေတာရမယ်ဆိုတဲ့ အသိမျိုးလည်း ၀င်လာစေ၊ သိတတ်လာစေမှာ ဖြစ်ပါတယ်။

 

READ - သင်ကြိုးစားသလောက် အရာမထင်ဘူးလား???

 

၅။ ဖိနပ်တိုက်တတ်ပါစေ။

ငယ်စဉ်ကတည်းက မိမိဖိနပ်ကို မိမိသန့်ရှင်းအောင် ထားတတ်မှု၊ သန့်ရှင်းအောင် ဆေးကြောပွတ်တိုက် တတ်မှု စတဲ့အကျင့်တွေက အသက်ကြီးလို့ လူ့ဘောင်အဖွဲ့အစည်းထဲ ရောက်လာသည်အထိ အဆင်ပြေ ကောင်းမွန် စေမယ့်နည်းပါ။ ဖိနပ်လို အခြေခံအသုံးအဆောင်ကိုတောင် သန့်ရှင်းစေတတ်မှု ရှိလာစေခဲ့ရင် အ၀တ်အထည်နဲ့ အခြားအသုံးတွေကိုလည်း စနစ်တကျ ကိုင်တွယ်အသုံးပြု တတ်လာစေပါတယ်။ အသက် ၆ နှစ်ကနေ ၈ နှစ်အတွင်း ကလေးတွေကို သူတို့ရဲ့ဖိနပ်ကို သူတို့ သန့်ရှင်းစေဖို့ သင်ကြားပေးပါ။

 

၆။ သွားရဲ လာရဲပါစေ။

ကျွန်တော်တို့နိုင်ငံက မိဘအများစု စိတ်မချတဲ့၊ လေ့ကျင့်ပေးမှုနည်းတဲ့ အချက်ပဲဖြစ်ပါတယ်။ သားသမီးကို အချစ်လွန်ပြီး ငယ်စဉ်မှာ ဘယ်ကိုမှမလွှတ်၊ မသွားစေကြပါဘူး။ အမှန်တကယ်ကတော့ အသက် ၆ နှစ် ကနေ စတင်ပြီး အနီးနားဝန်းကျင်ကို တစ်ဦးတည်း သွားစေ၊ သွားလာတတ်အောင် သင်ပေးနိုင်ပြီ ဖြစ်ပါ တယ်။ အသက် ၁၃ နှစ်အရွယ်ဟာ ကလေးအတွက် သူနေထိုင်ရာနေရာ၊ မြို့နယ်ဝန်းကျင်ကို ကောင်း ကောင်း တစ်ကိုယ်ရည်တည်း သွားလာနိုင်နေရမှာပါ။ ရန်ကုန်လို ဘတ်စ်ကားစီးနင်း သွားလာရတဲ့ ပုံစံဖြစ် နေရင်တောင် ကိုယ်တိုင်ဘတ်စ်ကား စီးတတ်အောင် သင်ကြားပေးသင့်ပါတယ်။ ဒါမှပတ်ဝန်းကျင်စိမ်းကို ဖြစ်စေ၊ မသိမကျွမ်းတဲ့  သူတွေနဲ့ဖြစ်စေ မေးမြန်းပြောဆိုဆက်ဆံ သွားလာရဲလာမှာလည်း ဖြစ်ပါတယ်။

 

၇။ စာနာစိတ်မွေးမြူပေးပါ။

အခြား သက်ရှိဖြစ်တဲ့ သတ္တ၀ါတွေအပေါ်ကအစ သစ်ပင်တွေ၊ သူငယ်ချင်းလို အပေါင်းအသင်းတွေ၊ ဆွေးမျိုး မွေးချင်းတွေ၊ နောက်ဆုံး ပစ္စည်းတွေ အပေါ်ကိုပါ စာနာစိတ်၊ အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ပေးပါ။ အသက် ၆ နှစ်အရွယ်ကနေ စတင်ပြီး အခုလို အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ပေးနိုင်ပါပြီ။ သတ္တ၀ါအပေါ်မှာဆိုရင်လည်း သားကခွေးလေးကို ရိုက်လိုက်ရင် သူနာသွားမှာပေါ့ဆိုတဲ့ သင်ကြားမှုမျိုး၊ တစ်ဖက်မှာခံစားရမယ့် အနေအထားမျိုးကို ပြောဆိုသင်ကြားပေးပါ။ ၀တ္ထုပစ္စည်းအပေါ်မှာ ဆိုရင်လည်း သားကကားလေးကို လွှင့်ပစ်လိုက်ရင် ပျက်စီးသွားမှာပေါ့၊ ဒါဆို သားလေးလဲ နောက်ကျဆော့စရာကား မရှိတော့ဘဲ ဖြစ်မှာပေါ့ဆိုတဲ့ နောက်ဆက်တွဲရလဒ်ကိုပါ ပြောဆိုသင်ကြားပေးပါ။

Source ; internet journal

Read times Last modified on Saturday, 28 December 2019 13:59
Rate this articles
(4 votes)