ကျောင်းတွေ၊ တက္ကသိုလ်တွေပြီးသွားကြတဲ့အခါမှာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းဖို့အတွက် ကိုယ်ပိုင်လုပ်ငန်းလုပ်ကြတဲ့သူတွေရှိသလို အတွေ့အကြုံ လိုချင်လို့၊ ကိုယ်ပိုင်လုပ်ငန်း မလုပ်ဖြစ်သေးလို့ဆိုပြီး ဝန်ထမ်းလုပ်ကြတဲ့ သူတွေလည်း များပါတယ်။
ဝန်ထမ်း ဘဝနဲ့ အလုပ်လုပ်နေတဲ့ သူတွေမှာ အလုပ်သွားချင်စိတ် မရှိတာမျိုး၊ အလုပ်မှာ စိတ်အားထက်သန်မှုမရှိတာမျိုးတွေ ကြုံရလေ့ရှိပါတယ်။
ဘာလို့လဲဆိုရင် ဝန်ထမ်းအလုပ်ဟာ ကိုယ့်ကိုယ်ပိုင်အလုပ်မဟုတ်တာတကြောင်း၊ ဝန်ထမ်းဘဝဆိုတာ ကိုယ့်ရဲ့အထက်လူကြီးကပေးတဲ့ ဖိအား၊ ကိုယ် အလုပ်မှာ ပက်သက်ဆက်ဆံနေရတဲ့သူတွေက ပေးတဲ့ဖိအားတွေနဲ့ စိတ်ပင်ပန်းမှုဒဏ်တွေကို ရင်ဆိုင်ရတာကြောင့်ပါ။
အဲ့ဒီအတွက် ရုံးတက်အလုပ်လုပ်ရတဲ့နေ့ရက်တွေမှာ စိတ်ပင်ပန်း၊ စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် ဝန်ထမ်းဘဝမှာ ဘယ်လို mindset တွေထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
" အလုပ်မှာထားသင့်တဲ့ စိတ်ထား 3 မျိုး "
၁။ သင့်အလုပ်ဟာ သင့်ကို ကိုယ်စားပြုပါတယ်။
ဝန်ထမ်းလုပ်နေရတဲ့သူတွေအများစု အထင်မှားကြတာ ကိုယ်လုပ်နေတာ ကိုယ့်ကိုယ်ပိုင်လုပ်ငန်း မဟုတ်တဲ့အတွက် အရမ်းကြီးစေတနာ ထားလုပ်စရာ မလိုဘူး ဆိုပြီး တွေးမိ တတ်ပါတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ကိုယ့်ကို ကိုယ်စားပြုနေ ပါတယ်။
ကိုယ့်ကိုယ်ပိုင်လုပ်ငန်း မဟုတ်ပေမယ့် သင်ပါဝင်လုပ်ဆောင်နေတဲ့ အလုပ်ဖြစ်တဲ့အတွက် လုပ်ငန်းအောင်မြင်မှု၊ ကျရှုံးမှုဟာ သင့်ရဲ့ အရည်အချင်းကို တနည်းနည်းနဲ့ ဖော်ပြနေပါတယ်။
"ကိုယ့်အလုပ်ကိုချစ်တာဟာ ကိုယ့်တန်ဖိုးကိုမြှင့်တင်တာဖြစ်သလို ကိုယ့်အလုပ်ကို လေးစားတာဟာ ကိုယ့် profession ကို လေးစားတာဖြစ် ပါတယ်"
၂။ အလုပ်ထဲမှာ သင့်ရဲ့အကောင်းဆုံးတွေကို ပေးပါ။
အပေါ်က ပြောခဲ့သလိုပဲ သင်လုပ်နေတဲ့အလုပ်ဟာ သင်ဘာလဲဆိုတာ တနည်းနည်းနဲ့ ဖော်ပြနေပါတယ်။
အလုပ်ထဲမှာ သင်အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ပေးရင်း အဲ့အလုပ်ကို အောင်မြင်အောင် မြှင့်တင်ပေးခြင်းဟာ သင့်ရဲ့အရည်အချင်းကို သက်သေပြနေတာပါပဲ။ ကိုယ့်ကိုယ်ပိုင် အလုပ်မဟုတ်လို့ ဖြစ်သလိုလုပ်လိုက်မယ်လို့တွေးပြီး လုပ်လိုက်တာနဲ့အတူ ကိုယ့်ရဲ့တန်ဖိုးကို နှိမ့်ချပစ်သလို ဖြစ်တတ်ပါတယ်။
"အလုပ်ထဲမှာ သင့်ရဲ့ အကောင်းဆုံးအားစိုက်မှုနဲ့ လုပ်ဆောင်တာဟာ လုပ်ငန်းနဲ့အတူ သင့်ကိုသင် မြှင့်တင်ခြင်းပါ"
၃။ အလုပ်ကပေးတာ လခဆိုတာထက် ပိုပါတယ်။
ဝန်ထမ်းတယောက်အနေနဲ့ အလုပ်လုပ်တဲ့အခါ လခတစ်ခုထဲကို မြင်ယောင်ပြီးလုပ်မယ်ဆိုရင် motivation ရဖို့ခက်ခဲပါလိမ့်မယ်။ ကိုယ်နေ့စဉ် ရုံးတက်နေတာဟာ လခဆိုတာအပြင် "အလုပ်က ကိုယ့်ရဲ့အနာဂတ်အတွက် လိုအပ်တဲ့အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်တယ်" ဆိုတဲ့ အချက်ကို စဉ်းစားရပါမယ်။
အလုပ်လုပ်နေရင်းနဲ့ ပြဿနာတခုကို လက်တွေ့ကျကျဘယ်လိုဖြေရှင်းရမလဲဆိုတာတွေ၊ အမြင်မတူတာတွေကို ဘယ်လိုညှိယူရလဲဆိုတာတွေ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ပက်သက်လို့ အတွေ့အကြုံသစ်တွေ အစရှိသဖြင့် တခြားနေရာကမရနိုင်တဲ့ အလုပ်ကပေးတဲ့ အတွေ့အကြုံတွေ အများကြီးရနိုင်ပါတယ်။
ကိုယ်ပိုင်အလုပ်မစတင်ဖြစ်သေးလို့ ဝန်ထမ်းတယောက်အနေနဲ့ လုပ်ကိုင်နေတဲ့အခါ နောင်ကိုယ့်ဘဝအတွက် မရှိမဖြစ် လိုအပ်လာမယ့် အရည်အချင်း တွေ ကို အလုပ်လုပ်ရင်း ရနေတယ်လို့တွေးကြည့်ပါ။ ဒါဆိုရင် အလုပ်လုပ်နေတာ လခတစ်ခုဆိုတာထက် ပိုလာမှာပါ။
ဝန်ထမ်းတွေအားလုံး နေ့ရက်တွေကို စိတ်ဓာတ်အပြည့်နဲ့ အကောင်းဆုံး လုပ်ကိုင်နိုင်ကြပါစေ။
Source: Dr. Pyae Sone Ko Ko