ဘဝဆိုတာ ကြာလာလေလေ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ၊ ခြေလှမ်းတွေနဲ့ ရှေ့ဆက်နေကြရတာပါ။ ရှေ့မှာ ဘာဆက်ဖြစ်မယ် ကျွန်တော်တို့ မသိဘူးလေ။
ဒါ့ကြောင့်ပဲ အများစုက တစ်ခုခုလုပ်တော့မယ်ဆို ဖြစ်ပါ့မလား…လုပ်နိုင်ပါ့မလား ဆိုပြီး တွန့်ဆုတ်ဆုတ် ဖြစ်တတ်ကြတာပါ။ အထူးသဖြင့် အရေးကြီးတာမျိုး တစ်ခုခုအတွက် ဆိုရင်ပေါ့။ တချို့ဆို အဲ့စိတ်နဲ့ပဲ ဘာမှလည်း မလုပ်ဖြစ်၊ ဘာဆိုဘာမှ ဖြစ်မလာတော့တာတွေတောင် ရှိပါတယ်။
ဒီခံစားချက်မျိုးက လူတိုင်းဖြစ်ပါတယ် အနည်းနဲ့ အများပဲ ကွာတာပါ။ လူတွေရှေ့ စကားပြောရတော့မယ် ဆိုရင်၊ အရေးကြီးတာ လုပ်ရတော့မယ်ဆိုရင်၊ ဆုံးဖြတ်ချက်ကြီးတွေ ချရတော့မယ်ဆိုရင် ဖြစ်မှ ဖြစ်ပါ့မလား… လုပ်ကော လုပ်နိုင်ပါ့မလား… မှားသွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး တွေးပူတတ်ကြပါတယ် အားလုံးပါပဲ။
ဘယ်လောက်ပဲ အောင်မြင်နေတဲ့သူဖြစ်ဖြစ်၊ ဘယ်လောက်ပဲ နာမည်ကြီးနေတဲ့သူ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ တော်နေတဲ့သူဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ယုံကြည်ချက်အပြည့် ရှိနေတဲ့သူဖြစ်ဖြစ် လူတွေပဲလေ တစ်ခါတစ်လေ တွေးပူမိတဲ့အချိန်၊ စိုးရိမ်မိတဲ့အချိန်၊ အားငယ်တဲ့အချိန် ရှိကြတာပါပဲ။ ဘယ်သူမှ အမြဲတမ်းတော့ မသန်မာနိုင်ပါဘူး။ ဒါကို ဘယ်လောက်ကိုင်တွယ်နိုင်လဲ ဆိုတဲ့အပေါ် မူတည်ပြီး ရလဒ်ကကွာသွားတာပါ။
တချို့လူတွေ ဒီလိုစိုးရိမ်စိတ်မျိုး၊ ကြောက်စိတ်မျိုး ဝင်လာတဲ့အခါ ဒီစိတ်ကြီးကို အမြဲတမ်းသူတို့နဲ့အတူ သယ်မသွားကြပါဘူး။ ဒါကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြတာပါ။ ဒါကွာခြားတဲ့အချက်ပါပဲ။ တချို့က ဖြစ်ပါ့မလားဆိုတဲ့ စိတ်နဲ့တင် ရှေ့ဆက်မတိုးတော့ဘဲ ကိုယ့်အတွက်အရေးကြီးတာတွေ၊ အခွင့်အရေးတွေ၊ ကိုယ့်အိမ်မက်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေ အများကြီးပါပဲ။
ဒီလိုကြိုတွေးတတ်တာလေးက တစ်မျိုးတော့ ကောင်းတယ်ဆိုပေမယ့် အခုလိုမျိုး စစ်မတိုက်ခင် မြားကုန်တာကတော့ မဟုတ်သေးဘူးလေ။ ဒီစိတ်ကိုသာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရှေ့ဆက်လည်း အရေးကြီးတာတွေ အများကြီး ဆုံးရှုံးရမှာပါ တစ်နေရာထဲမှာပဲ ရပ်ပြီး တွေးပူနေမယ်ဆိုရင်ပေါ့။
ဒီလိုစိုးရိမ်စိတ်မျိုး ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ လောကမှာ ကိုယ်တစ်ယောက်တည်း ကြောက်တတ်တာမှ မဟုတ်တာဘဲ အေးဆေးပေါ့။ ကြောက်တာ ကိုယ့်အပြစ်မဟုတ်ဘူး အဲ့ကြောက်စိတ်ကြီးကို အမြဲတမ်းသယ်သွားရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပြီနော်။ ဒါ့ကြောင့် ဒါကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာပါ။
Read More >>>>> လူတွေပြောတိုင်း နားထောင်သင့်လား ???
ဥပမာပြောပြမယ်နော် ကျွန်တော်ဆိုရင် လူတွေရှေ့ စကားထွက်ပြောဖို့ အရမ်းကိုကြောက်ပါတယ်။ တကယ်လူတွေရှေ့ရောက်ရင် ဘာမှကို မပြောနိုင်တော့တာပါ။ အရမ်းလည်း ဒုက္ခရောက်ရပါတယ်။ ဆရာတွေဆူတာလည်း ခဏခဏခံရတယ်။ ဒါပေမယ့် အဲ့တုန်းက ဆရာတစ်ယောက် ကျွန်တော့်ကို ပြောခဲ့ဖူးတာလေး ရှိပါတယ် “စင်ပေါ်မရောက်ခင် ကြောက်တာ ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် စင်ပေါ်တက်လိုက်တာနဲ့ လူတွေရှေ့ ရပ်လိုက်တာနဲ့ ကိုယ့်ကြောက်စိတ်ကို ဘေးဖယ်ထားနိုင်ရမယ်။
သိပ်ကြောက်နေရင် လူတွေကို မုန်လာဥလေးလို သဘောထားလိုက်ပေါ့” ဒါသူပြောခဲ့တဲ့ စကားပါပဲ။ အဲ့အချိန်ကစပြီး ကြောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘူး ဒါပေမယ့် အဲ့ကြောက်စိတ်၊ စိုးရိမ်စိတ်က ကိုယ့်ကိုလွှမ်းမိုးတာလည်း မခံဘူး။ ကိုယ်တကယ်လုပ်ရမယ့် အရာရှေ့ရောက်ရင်တော့ ကြောက်တာက ကြောက်တာပဲ၊ တကယ်လုပ်ရမှာက တကယ်လုပ်ရမှာပဲ အဲလိုနဲ့ တဖြည်းဖြည်း ရင်ဆိုင်ရင်း ကြောက်ပေမယ့် စိုးရိမ်ပေမယ့် ဆက်လုပ်နေရင်းနဲ့ အဲ့စိုးရိမ်စိတ်ကို ကိုင်တွယ်ရတာ၊ ကျော်လွှားရတာ ပိုပိုပြီး လွယ်လာတာပါ။
ဒီလိုပါပဲ ပထမအကြိမ်မှာ လူတိုင်းကြောက်ပါတယ် ဒုတိယအကြိမ်လည်း ကြောက်နေဦးမှာပါ။ ဒါပေမယ့် ကြောက်တယ် စိုးရိမ်တယ်ဆိုပြီး နောက်ဆုတ်ရင်တော့ ကိုယ်မှန်းထားတဲ့နေရာ ဘယ်ရောက်နိုင်ပါ့မလဲ။ အဝေးကနေပဲ ငေးရင်းနဲ့ မလုပ်လိုက်ရလေခြင်း ဆိုတဲ့နောင်တပဲ ကိုယ့်အတွက်ကျန်မှာပါ။
မှားသွားမှာ ကြောက်ရင် တကယ်မလုပ်ကြည့်ဘဲနဲ့ မှားမယ် မှန်မယ် ဘယ်လိုသိမှာလဲ။ လုပ်နိုင်ပါ့မလား ကြောက်နေရင် တကယ်မလုပ်ကြည့်ဘဲနဲ့ လုပ်နိုင် မလုပ်နိုင် ဘယ်သိမလဲ။ ကြောက်နေရင်လည်း ကိုယ်လုပ်စရာ ရှိတာကိုတော့ အထိအခိုက်မခံပါနဲ့။
ဒီလို စိုးရိမ်စိတ်ဆိုတာက ဘဝရဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုပါပဲ။ အဲ့စိန်ခေါ်မှုကို တစ်ခါကျော်ဖြတ်နိုင်ပြီးရင် ဒုတိယအကြိမ် ပိုလွယ်လာမယ် နောက်ဆို ဒီထက်ပိုလွယ်လာမယ် နောက်ပိုင်းကျရင်တော့ဖြုံတောင်မဖြုံဘူး ဖြစ်သွားမှာပါ။ ဒါ့ကြောင့် အရေးကြီးတာက ဒီစိုးရိမ်စိတ် ကြောက်စိတ်က လွှမ်းမိုးတာမခံရဘဲ ကိုင်တွယ်နိုင်ဖို့ပါပဲ။
Source: livethedream