×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 13 July 2022

ပက်ရယ်ပြုခံခဲ့ကြရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

ပက်ရယ်ပြုခံခဲ့ကြရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

မင်းမှာ အကြံတစ်ခု ရှိနေတယ်ကွာ။ ဒါပေမဲ့ မင်းရဲ့ အကြံဟာ ရယ်စရာ ကောင်းတယ်။ လုံးဝမဖြစ်နိုင်ဘူး။ အောင်မြင်မှာ မဟုတ်ဘူးလို့ အပြောခံရလို့ မင်း ဆက်မလုပ်တော့ဘူး မဟုတ်လား။ အဲဒီအတိုင်းဆိုရင် သေချာ ပြန်စဉ်းစားစမ်းပါ။ ဒီနေ့တွေ့မြင်နေရတဲ့ ပစ္စည်းအများစုဟာ အရင်က လူတွေရဲ့ မဖြစ်နိုင်ဘူး၊ ရယ်စရာကောင်းတယ်ဆိုတဲ့ အကြံတွေကနေ ထွက်ပေါ်လာခဲ့ကြတာပါ။

 

အခု ငါ ပြောပြခဲ့တာကို မင်း မယုံဘူးဆိုရင် အလွန့်အလွန် အောင်မြင်နေကြတဲ့ လူ ၁၀ ယောက် အကြောင်းကို ပြောပြပါမယ်။ သူတို့ရဲ့ အကြံတွေဟာ အစပိုင်းမှာ လူတွေက ရယ်စရာကောင်းတယ်၊ အောင်မြင်မှာ မဟုတ်ဘူးလို့ အပြောခံခဲ့ကြရတယ်။ လှောင်ပြောင်တာတွေကို ခံခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့ဟာ အဲဒီလို ဝေဖန်တာတွေကို ဂရုမထားဘဲ သူတို့စိတ်ကူးထဲက ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ခဲ့ကြတယ်။ စိတ်ဓာတ်မကျဘဲ ဇွဲရှိရှိနဲ့ ဆက်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး သူတို့ဟာ အောင်မြင်တယ်ဆိုတာထက် အကြီးအကျယ်ကို အောင်မြင်သွားခဲ့ကြတယ်။

 

D2U

 

၁) မာ့ခ်ဇူကားဘတ် (Mark Zuckerberg)
လူတွေအချင်ချင်း ဆက်သွယ်ပေးနိုင်မယ့် စနစ်တစ်ခုကနေ ကမ္ဘာပေါ်က လူတွေအားလုံး သုံးကြမယ်လို့ ဘယ်သူကများ တွေးမိကြလို့လဲ။ ယနေ့ မာ့ခ်ဇူကားဘတ်တီထွင်လိုက်တဲ့ Facebook ဟာ ကမ္ဘာပေါ်က လူဦးရေ ဘီလီယံချီပြီး သုံးနေကြပါပြီ။ သူက ဆိုရှယ်မီဒီယာတစ်ခုကို တီထွင်ပြီး ကမ္ဘာကြီးရဲ့ လူတွေ ဆက်သွယ်မှုကို ပြောင်းလဲပစ်မယ်လို့ ပြောတုန်းက လူတွေ ရယ်ကြတယ်။ သူ့ကို အရူးလို့ ထင်ကြတယ်။ အခုတော့ သူပြောသလို ဖြစ်လာရုံမက သူလည်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူတွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

 

၂) ဟင်နရီဖို့ဒ် (Henry Ford)
ယနေ့ခေတ် လူငယ်လေးတွေက လွဲရင် ကျန်လူတွေအားလုံးဟာ ဟင်နရီဖို့ဒ်ဆိုတာ မော်တော်ကားကို ဈေးသက်သက်သာသာနဲ့ ဝယ်စီးနိုင်ဖို့ စက်ရုံတွေကနေ ထုတ်လုပ်ပေးခဲ့တဲ့ သူဌေးကြီးဆိုတာကို သိကြပါတယ်။ သူဟာ လူတိုင်း ဈေးသက်သက်သာသာနဲ့ ဝယ်စီးနိုင်တဲ့ မော်တော်ကားတစ်စီးကို တီထွင်ပြီး စက်မှုလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြတယ်။ လုပ်ငန်းရှင်တွေက အလုပ်မဖြစ်ဘူးလို့ ပြောကြတယ်။ နောက်တော့ တီထွင်ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်ရဲ့ အားပေးမှုနဲ့ သူဟာ မော်တော်ကားတွေကို စက်ရုံကနေ ထုတ်လုပ်တယ်။ အဲဒီအချိန်က စလို့ လူတိုင်းနီးပါး ကားဝယ်စီးနိုင်လာကြတယ်။ ကမ္ဘာကြီးရဲ့ ခရီးသွားလာတဲ့စနစ်ကို ပြောင်းလဲသွားခဲ့တယ်။

 

၃) ဝေါလ်ဒစ္စနေး (Walt Disney)
ယနေ့ လူကြီးတွေ ဖြစ်နေကြသူတွေဟာ ကလေးဘဝတုန်းက မစ်ကီမောက်စ် (Mickey Mouse) ဆိုတဲ့ ကာတွန်းရုပ်လေးနဲ့ ရင်းနှီးခဲ့ကြပါတယ်။ ဝေါလ်ဒစ္စနေးက သူဆွဲတဲ့ မစ်ကီမောက်စ်အပါအဝင် ကာတွန်းပုံလေးတွေကို ပြပြီး စာအုပ်တွေ မဂ္ဂဇင်းတွေမှာ ထည့်ဖို့ ပြောတာ ဘယ်ထုတ်ဝေသူမှ စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ သူ့ရဲ့ မလျှော့တဲ့ ဇွဲနဲ့ ဆက်ကြိုးစားမှုကြောင့် သူ့ဟာ မီလျံနာသူဌေးတစ်ယောက် ဖြစ်ခဲ့ရုံမက Wlat Disney ဆိုတာလည်း ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီကြီး ဖြစ်လာခဲ့ပါတယ်။

 

၄) ကာနယ်ဆင်းဒါးစ် (Colonel Sanders)
KFC ဆိုရင် လူတိုင်းသိကြပါတယ်။ ကင်တပ်ကီကြက်သားကြော်ပါ။ အသက် ၆၅ နှစ်အရွယ် Colonel Sanders လို့ လူသိများတဲ့ Harland David Sanders စစ်တပ်က ပင်စင်ယူပြီးတဲ့အခါ ကားစုတ်တစ်စီးကို ကိုယ်တိုင်မောင်းပြီး ကြက်သားကြော်နည်းကို အမေရိကန်နိုင်ငံတစ်ခွင်က စားသောက်ဆိုင်တွေမှာ လှည့်လည်ရောင်းချပါတယ်။ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ နောက်ဆုံး (၁၀၀၉) ခုမြောက် ဆိုင်က သူ့ကြက်သားကြော်နည်းကို ဝယ်လိုက်တယ်။ ယနေ့ ကမ္ဘာပေါ်မှာ သူ့ကြက်သားကြော် မရောင်းတဲ့ နိုင်ငံဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။

 

၅) အဲလ်ဗစ်ပရက်စလေ (Elvis Presley)
သူဟာ သီချင်းဆိုတာ အရမ်းဝါသနာ ပါတယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်။ သူဟာ နက်ရ်ှဗီးလ်မြို့က စားသောက်ဆိုင်တစ်ခုရဲ့ စင်မြင့်ပေါ်မှာ ပထမဆုံး သီချင်းတက်ဆိုတယ်။ လူတွေက သူကတာကို အရူးချီးပန်းအကလို့ လှောင်ပြောင်အော်ဟစ်ပြီး သူ့ကို စင်ပေါ်က ဆင်းခိုင်းကြတယ်။ ဆိုင်မန်နေဂျာက သူ့ကို နေရင်း မင်းဖစ်စ်မြို့ကို ပြန်ပြီး ထရပ်ကားမောင်းတဲ့ အလုပ်ကို ပြန်လုပ်ဖို့ အကြံပေးပါတယ်။ ဒါပေမဲ့ ပရက်စလေဟာ မန်နေဂျာစကားကို နားမထောင်ဘဲ သီချင်းဆက်ဆိုတယ်။ တေးဂီတသမိုင်းမှာ ရော့အင်ရိုးတေးသံရှင်ဆိုတဲ့ ဂန္တဝင်မြောက် ကမ္ဘာကျော် တေးသံရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။

 

၆) စတီဖင်ကင်း (Stephen King)
စတီဖင်ကင်းဟာ အမေရိကန်နိုင်ငံက ကြောက်လန့်စရာ သည်းထိတ်ရင်ဖို သဘာဝလွန်ဖြစ်ရပ် စိတ်ကူးယဉ်ဝတ္တုတွေရေးတဲ့ အမေရိကန်နိုင်ငံက နာမည်ကြီး ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ပါ။ သူ့ဝတ္တုစာအုပ်ဟာ ယနေ့အထိ ကမ္ဘာပေါ်မှာ သန်း ၃၅၀ လောက် ရောင်းချပြီးခဲ့ပါပြီး သူရဲ့ ပထမဆုံး သည်းထိတ်ရင်ဖို ဝတ္တုဖြစ်တဲ့ Carrie ကို ထုတ်ဝေဖို့ စာအုပ်ထုတ်ဝေသူပေါင်း ၃၀ ကျော်ရဲ့ ငြင်းဆိုခံခဲ့ရတယ်။ သူဟာ စိတ်ပျက်ပြီး Carrie စာမူကို အခန်းထဲက မီးလှုံတဲ့ မီးဖိုထဲကို ပစ်ချလိုက်တယ်။ သူ့ဇနီးက မြင်လိုက်လို့ စာမူကို မီးဖိုထဲက ပြန်ဆယ်လိုက်တယ်။ စာရွက်နည်းနည်း မီးလောင်သွားတယ်။ ထုတ်ဝေသူတစ်ယောက်ကို ပြလိုက်လို့ စာအုပ်ဖြစ်လာတယ်။ ကမ္ဘာကျော် စာအုပ်တစ်အုပ် ဖြစ်လာခဲ့တယ်။ သူလည်း အဲဒီစာအုပ်ကစပြီး ကမ္ဘာကျော် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။

 

၇) ဂျေကေရိုးလင်း (J. K Rowling)
ယနေ့ ဂျေကေရိုးလင်းဆိုတဲ့ နာမည်ကို မသိသူ မရှိသလောက် ဖြစ်နေပါပြီ။ ဟယ်ရီပေါ်တာ (Harry Potter) ဝတ္ထုတွဲတွေနဲ့ အရမ်းနာမည်ကြီးနေတဲ့ အမျိုးသမီး စာရေးဆရာပါ။ သူ့ရဲ့ ပထမဆုံး ဟယ်ရီပေါ်တာ ဝတ္ထုဟာ ထုတ်ဝေသူ ဘယ်နှယောက်ရဲ့ အပယ်ခံခဲ့ရသလဲ။ တစ်ယောက်၊ နှစ်ယောက် မဟုတ်ပါ။ ၁၂ ယောက်ရဲ့ အပယ်ခံခဲ့ရတယ်။ ဒါပေမဲ့ သူ့ဝတ္ထုဟာ အကြီးအကျယ် အောင်မြင်မယ်လို့ ယုံကြည်ချက်နဲ့ ဇွဲမလျှော့ဘဲ စာအုပ်ထုတ်ဝေမယ့်သူကို လိုက်ရှာတယ်။ နောက်ဆုံး တွေ့လိုက်တယ်။ သူလည်း . . .

 

၈) စတက်ဖနီမေးယား (Stephnie Meyer)
Twilight စာမူကို ထုတ်ဝေဖို့ ထုတ်ဝေသူပေါင်း ၁၅ ယောက်ဆီကို ပို့လိုက်တယ်။ ၅ ယောက်က အကြောင်း မပြန်ဘူး။ ၉ ယောက်က မထုတ်ဝေဘူးလို့ အကြောင်းပြန်လာတယ်။ တစ်ယောက်က စမ်းထုတ်ကြည့်မယ်။ စာမူခကို နည်းနည်းလေး ပေးမယ်လို့ ပြောတယ်။ အဲဒီစာအုပ်ကစလို့ စတက်ဖနီဟာ ကမ္ဘာကျော် စာရေးဆရာမတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

 

၉) ဘီးလ်တဲလ် (The Beatles)
အင်္ဂလန်နိုင်ငံက လူငယ်လေးတွေ သီဆိုတီးမှုတ်တာကို လူတွေက ဆူညံလွန်းတယ်။ ဘာတွေတီၤးလို့ ဘာတွေဆိုနေမှန်း မသိဘူးလို့ ပြောကြတယ်။ သီချင်းဓာတ်ပြားထုတ်လုပ်သူတွေက သူတို့တီးခတ်ဆိုတာကို လူတွေ ကြိုက်မှာ မဟုတ်လို့ ဓာတ်ပြားမထုတ်ချင်ကြဘူး။ ဘီးလ်တဲလ်ဆိုတဲ့ တီးဝိုင်းဟာ မကြာခင် ပျောက်သွားမယ်လို့ ပြောကြတယ်။ ဘီးလ်တဲလ်တီးဝိုင်းဟာ မပျောက်သွားရုံအပြင် အင်္ဂလန်နိုင်ငံမှာသာမကဘဲ တစ်ကမ္ဘာလုံးမှာပါ ဟိုးဟိုးကျော်ကြားသွားခဲ့ပါတယ်။

 

၁၀) ဂျင်မ်ဂရေး (Jim Gray)
၁၉၇၀ ပြည့်နှစ်ကျော်လောက်က သူဟာ အားကစားပြိုင်ပွဲတွေမှာ အနိုင်အရှုံးကို ကြိုတင်ခန့်မှန်းပြောဆိုခဲ့တယ်။ သူဟာ ထင်ရာမြင်ရာတွေကို လျှောက်ပြောနေတယ်ဆိုပြီး လူတွေက သူ့ခန့်မှန်းချက်တွေကို မယုံကြဘူး။ တကယ်တော့ သူဟာ ကစားပွဲတွေ ကစားသမားတွေရဲ့ အချက်အလက်တွေကို သေသေချာချာ မှတ်သားထားပြီး အဲဒါတွေအပေါ် အခြေခံ ပြောလို့ ရာခိုင်နှုန်းအတော်များများ မှန်နေပါတယ်။ ဒါကြောင့်မို့ သူဟာ Fox စတဲ့ ရုပ်မြင်သံကြား အားကစားအစီအစဉ်တွေမှာ နာမည်ကြီးသူတစ်ယောက် ဖြစ်လာပါတယ်။

 

အခု မင်းမှာ အကြံတစ်ခု ရှိနေလား။ အဲဒီအကြံကို အကောင်အထည်ဖေါ်ဖို့ တွန့်နေလား။ ဘယ်လောက်ကောင်းတဲ့ အကြံဖြစ်ပါစေ၊ လူတွေ လှောင်ပြောင်မှာ ကြောက်လို့ အကောင်အထည် မဖေါ်ရင် ဘာမှ မလုပ်ရင် ဘာမှကို ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ သေချာပေါက် ပြောလိုက်မယ်ကွာ။

 

ဗန်းမော်သိန်းဖေ
၁၄-၁၂-၂၀၁၈

Read times
Rate this articles
(0 votes)