×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 17 September 2018

ကိုယ်မလုပ်ပေးနိုင်တဲ့အရာတွေအတွက် စိတ်သောကမရောက်ပါနဲ့

ကိုယ်မလုပ်ပေးနိုင်တဲ့အရာတွေအတွက် စိတ်သောကမရောက်ပါနဲ့ google.com

“ လူတစ်ယောက်ရဲ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်က ကိုယ်ပြောင်းလဲပြင်ဆင်ပေးဖို့ မတတ်စွမ်းနိုင်တဲ့အခြေအနေကို လက်ခံပြီး ရှေ့ဆက်လျှောက်ဖို့ သတ္တိတွေ ရရှိချိန်ပါပဲ ” လွန်ခဲ့တဲ့ နှစ်တွေအတွင်းက ကျွန်တော်ကိုယ်တိုင် ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုနဲ့ ကြုံဆုံခဲ့ရဖူးတယ်။


တွေ့ကြုံခဲ့ရတဲ့ပြဿနာတွေက ကြုံနေကျပြဿနာမျိုး မဟုတ်ဘူး။ ပြဿနာက ဖြေရှင်းဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကိုယ်တိုင်ဖြေရှင်းဖို့သာ ခက်တာပါ။ ဒါပေမဲ့ ပြဿနာကို မဖြေရှင်းနိုင်ရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတဲ့စိတ်က နေ့စဉ်နဲ့အမျှ ကြီးထွားလာတယ်။ တစ်ခါတလေများဆိုရင် တွေးနေတဲ့အတွေးတွေက ရပ်ကိုမသွားဘူး။ စိတ်ရှည်သည်းခံနိုင်စွမ်းတွေကို စမ်းသပ်ခံနေရသလိုပဲ။


ဒီလိုမျိုး နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေစေတဲ့ပြဿနာက နောက်ကျောနာ ဝေဒနာပါ။ နေ့တိုင်းအိပ်ရာထတာနဲ့ အဲ့ဒီဝေဒနာကို ခံစားရတာ တစ်နေကုန် သက်သာတဲ့အချိန်တောင် မရှိဘူး။ နည်းနည်း လောက်သက်သာသွားချိန်ရှိပေမဲ့ အချိန်တော်တော်များများကတော့ ကျောထဲကနေ စူးခနဲနာကျင်မှုကို ခံစားနေရတာပါ။ တစ်ခါတစ်ခါများ ကျောထဲကအောင့်ရင် စားလည်းမစားနိုင်၊ အလုပ်လည်း မလုပ်နိုင်၊ တရားလည်း မမှတ်နိုင်၊ လေ့ကျင့်ခန်းလည်း မလုပ်နိုင်တဲ့အထိဖြစ်တယ်။ ယုတ်စွအဆုံး အိပ်နေရင်းကတောင် လန့် နိုးတဲ့အထိကို ဆိုးတာပါ။


အခုတော့ ကျွန်တော်အဲ့ဒီကျောနာ ဝေဒနာနဲ့ နေသားကျသွားတာများလားလို့ တွေးနေမိတယ်။ အခုအချိန်အထိလည်း အဲ့ဒီဝေဒနာက ကျွန်တော် နွေးထွေးစွာကြိုဆိုရတဲ့ မိတ်ဆွေဖြစ်မလာသေးပါဘူး။ အဲ့ဒီဝေဒနာနဲ့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သင်ယူတတ်မြောက်ခဲ့တာပါ။


ဝေဒနာခံစားရမှု= နာကျင်မှု x ခံနိုင်ရည် ရှိမှုပါ

ဝေဒနာတစ်ခုခုခံစားရတဲ့အခါ အကြောင်းရင်းမှန်ကို အရင်သိအောင် ရှာရပါမယ်။ အမြဲတမ်းတော့ ကိုယ်ခံစားရတဲ့ ဝေဒနာကို အတိအကျသိဖို့ ခက်မှာပါ။ ကျွန်တော့်အတွက်တော့ ကျောနာတာက အရင်ကရော အခုထိရော သက်သာမလာပါဘူး။ အမြဲလိုလို နေရထိုင်ရခက်နေစေ ဆဲပါပဲ။ လက်ရှိမှာလည်း ကျောနာတဲ့ ဝေဒနာကို တစ်ကျော့ပြန် ခံစားနေရဆဲပေါ့။ ဝေဒနာကို မဖြစ်အောင် မကာကွယ်နိုင်တဲ့ အခြေအနေမှာတော့ ခံနိုင်ရည်ရှိအောင်ပဲ ပြင်ဆင်ရတော့တာပေါ့။ ဒါကြောင့် နာကျင်မှုကို ခံနိုင်ရည်ရှိမှုနဲ့ အန်တုနေပါတယ်။ အဓိကအကျဆုံးကတော့ ဝေဒနာခံစားရရင်ဖြစ်ဖြစ် ပြဿနာတစ်ခုခုရှိလာရင် ခံနိုင်ရည်ရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ပါ။


တစ်ခါတလေ လူတွေမှာဖြစ်တတ်တဲ့သဘောက ကိုယ့်အနေနဲ့ဖြေရှင်းဖို့ မတတ်စွမ်းနိုင်တဲ့အရာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကို လက်သင့်မခံနိုင်ကြတာပါပဲ။ လူက ကမ္ဘာပေါ်မှာ ဉာဏ်အရှိဆုံးသတ္တဝါ ဖြစ်တာကြောင့် အရာရာကို စွမ်းဆောင်နိုင်တယ်လို့ ယူဆနေကြပေမဲ့ အချို့သော အရာတွေက သိဖို့မလွယ်ကူသလို ဖြေရှင်းဖို့လည်း မဖြစ်နိုင်ပါဘူး။ အချို့ ပြောင်းလဲ ပြင်ဆင်လို့မရနိုင်တဲ့ကိစ္စရပ်တွေကို လက်သင့်ခံနိုင်ဖို့ ကြိုးစားတဲ့နည်းလမ်းက အဆင်အပြေဆုံးပါ။


လက်သင့်ခံသင့်တာကို လက်သင့်မခံတဲ့အခါ နောက်ကနေ အကျိုးဆက်အနေနဲ့ရရှိလာမှာက စိတ်ပူပန်မှုပါ။ ဒီစိတ်ပူပန်မှုတွေကို ပြေလျော့စေနိုင်မယ့် နည်းလမ်း လေးခု ပြောပြပေးမယ်နော်။


အခြေအနေကို သေချာသိနားလည်အောင် သုံးသပ်ပါ

တွေ့ကြုံခံစားနေရတဲ့အခြေအနေ၊ ဝေဒနာတွေကို သေချာသိနားလည်အောင် လုပ်ဆောင်တာက ပြဿနာကို ဖြေရှင်းဖို့အတွက် ထိရောက်တဲ့နည်းလမ်း တစ်ခုပါ။ ပြဿနာကိုဖြေရှင်းတဲ့အခါမှာလည်း အရင်ဆုံး ကိုယ့်အနေနဲ့ စွမ်းဆောင်နိုင်တဲ့အရာလား၊ မစွမ်းဆောင်နိုင်တဲ့ အရာလားဆိုတာကို သေသေချာချာ သိနားလည်အောင် လုပ်ဆောင်ဖို့လိုပါမယ်။ ကိစ္စရပ်တွေနဲ့ ကြုံတွေ့လာရတဲ့အခါ ပြဿနာက ကိုယ်တိုင်ဖြေရှင်းဖို့ မစွမ်းနိုင်ဘူးဆိုရင်တော့ စိတ်ညစ်ခံမနေပါနဲ့။ ကိုယ်မစွမ်းဆောင်နိုင်တဲ့အရာအတွက် စိတ်သောက ရောက်မနေနဲ့ဆိုတဲ့ ဆောင်ပုဒ်အတိုင်းသာ ဖြေရှင်းလိုက်ပါ။


တရားထိုင်ပါ

ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင် ရာဖြစ်ဖြစ် နာကျင်မှုကိုခံစားရတဲ့အခါ ဝေဒနာကို မှတ်ရှုတာကို လုပ်ဆောင်ကြည့်ပါ။ ဝေဒနာကို နားလည်လာလေလေ အကောင်းမွန်ဆုံး ဖြေရှင်းရှေ့ဆက်နိုင်ဖို့အတွက် ခံနိုင်ရည်ကို မွေးမြူလာနိုင်လေလေပါ။ တခါတလေမှာ ပြဿနာပိုမိုဆိုးရွားရတာက ပြဿနာကို ရင်ဆိုင်နိုင်မယ့် ခံနိုင်ရည်ကို ရှာဖွေတွေ့ရှိမှုမရှိတာကြောင့်ပါ။ ကိုယ့်အနေနဲ့ ပြောင်းလဲပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့အကြောင်းအရာပေါ်မှာ အပြုသဘောဆောင်တဲ့အတွေး မွေးမြူပေးပါ။


ဒါက ထိရောက်တဲ့ ရိုးစင်းရှေးကျတဲ့ နည်းလမ်းတစ်ခုပေါ့။ ကိုယ့်အနေနဲ့ ပြု ပြင်ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အခြေအနေတစ်ရပ်အတွက် စိတ်ဆင်းရဲခံတာမျိုး၊ အပျက်သဘောဆောင်တဲ့အတွေးတွေ တွေးတောတာမျိုး မလုပ်ပါနဲ့။ စိတ်ဓာတ် ကျတာ၊ စိတ်ဖိစီးတာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် ဖြေရှင်းဖို့ မလွယ်ကူတဲ့အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ရတဲ့အခါ အပြုသဘောဆောင်တဲ့အတွေးနဲ့ တွေးတောယူဆပြီး ကျော်လွှားလိုက်ပါ။


လက်လွှတ်သင့်တာကို လက်လွှတ်တတ် ပါစေ

ဒီအချက်က ပြောတော့သာလွယ်တာ၊ တကယ်လုပ်ဖို့တော့ ခက်တယ်နော်။ တခါတလေ နာကျင်နေရမှန်း သိလျက်နဲ့ လက်မလွှတ်တမ်း ဆုပ်ကိုင်ထားချင်တတ်တာ လူတွေရဲ့အကျင့်တစ်ခုလေ။ ဒါက လက်လွှတ်ပေးဖို့ ခံနိုင်ရည်မရှိတာကြောင့်လည်း ပါတာပေါ့။ မဖြစ်နိုင်တော့တဲ့အရာတွေကို လက်လွှတ်လိုက်တာက ခဏတာသာနာကျင်ရပြီး ရေရှည်မှာ စိတ်ချမ်းသာရပါတယ်။


လူတော်တော်များများ မေ့လျော့နေတာက စွန့်လွှတ်တတ်ခြင်းက အရည်အချင်းတစ်ခုဆိုတာကိုပါ။ စွန့်လွှတ်မှုတစ်ရပ်ကို လုပ်တဲ့အခါ အဖြစ်အပျက်ရဲ့အတိမ်အနက်ကိုလိုက်ပြီး အစပိုင်းမှာ ခက်ခဲတာချင်းကလည်း ကွာနိုင်သလို ကြာမြင့်ချိန်ကလည်း ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ လက်လွှတ်သင့်တာကို လက်လွှတ်တာက ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့အတွက် အရေးပါတဲ့အချက်ဆိုတာကို မမေ့ပါနဲ့။

Read times Last modified on Wednesday, 08 January 2020 14:45
Rate this articles
(1 Vote)