×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 28 February 2019

စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဘယ်လိုလုပ်မလဲ ???

ကဲ ခုက စာမေးပွဲရာသီလည်း ဖြစ်တယ် ကျောင်းသား ကျောင်းသူလေးတွေလည်း စာမေးပွဲအတွက် စာအုပ်ပုံတွေ ကြားထဲ စိတ်ပင်ပန်းနေလောက်ရောပေါ့။

ဒီတစ်ခါမှာတော့ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားကျောင်းသူနဲ့ ဖြေဆိုမယ့် သူတွေအတွက် ရည်ရွယ်ပြီး စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဘာတွေပြင်ဆင်ရမလဲ ဆိုတာလေးကို ပြောပြပေးပါမယ်။

တော်တော်များများက စာမေးပွဲအတွင်းဆို စိတ်တွေလှုပ်ရှား၊ ရင်တွေခုန်ပြီး ဘယ်ကစကြည့်ရမှန်းမသိ ရပြီးသမျှစာတွေလည်း မေ့နဲ့ ဒုက္ခရောက်တတ်ကြတာ မင်မင်ကိုယ်တိုင်လည်း ကိုယ်တွေ့ပါပဲ။ စာမေးပွဲလေး နီးလာရင် ပျာယာခတ်လိုက်ရတာဆိုတာ ဟိုစာအုပ်က ဘယ်မှာလဲ၊ ဘယ်စာ ကျက်ရမှာလဲ၊ အဲဒီအပုဒ်က ဘာကိုမေးတာလဲနဲ့ သေချာအာရုံမစူးစိုက်နိုင် ဖြစ်နေတတ်တာလေ။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအတွက် အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


ကိုယ့်ရဲ့ နားလည်တဲ့ပုံစံကို သိအောင်လုပ်ပါ

စာကြည့်ကြတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပုံကြည့်နည်းလည်း မတူကြသလို နားလည်နိုင်တဲ့ ပုံစံချင်းလည်း မတူညီကြပါဘူး။ တချို့ကတော့ ကြက်တူရွေးနှုတ်တိုက် အဓိပ္ပါယ်လည်း မစဉ်းစားဘဲ အလွတ်ကျက်ရင် စာပိုရတာမျိုး ရှိပေမယ့် တစ်ချို့ကျတော့ အဓိပ္ပါယ်ကို နားလည်အောင် အရင်လုပ်ပြီး အဲလိုလေး မှတ်မှ စာပိုရတာမျိုးလည်း ရှိပါတယ်။ တချို့ကကျ သူများကို ရှင်းပြရင်းနဲ့ စာတွေမှတ်တတ်သလို တစ်ချို့က အဲဒီစာတွေကို နားထောင်ရင်းနဲ့ ခေါင်းထဲမှတ်တာမျိုး ရှိပြန်ပါတယ်။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် စာရနိုင်တဲ့ပုံချင်း မတူညီကြတဲ့အတိုင်း ကိုယ်ကလည်း ဘယ်လိုပုံစံနဲ့ ကြည့်ရင် စာပိုရသလဲ၊ ပိုမှတ်မိသလဲ ဆိုတာကို သိထားဖို့ လိုပါတယ်။ နည်းလမ်းအမှားကြီးနဲ့ ကျက်နေရင် အချိန်သာ ကုန်သွားမယ် သဲထဲရေသွန် ဖြစ်နေမှာပေါ့။ ဒါကြောင့် ကိုယ်ရဲ့ နားလည်တဲ့ပုံစံကို သိအောင်လုပ်ပါ။


စာရတဲ့အချိန် ရွေးတတ်ပါစေ

အပေါ်မှာ ပြောခဲ့သလို စာကြည့်ပုံချင်း မတူကြသလိုပဲ စာရတဲ့အချိန်တွေကလည်း ကွဲပြားကြပါတယ်နော်။ တစ်ယောက်က မနက်စောစော စာကြည့်ရင် ခေါင်းကြည်ပြီး စာရလွယ်ပေမယ့် နောက်တစ်ယောက်က နေ့လည်ကျက်မှ စာရတယ် ဆိုတာမျိုး ရှိတာပဲ။ တစ်ချို့ကျပြန်တော့လည်း ညသန်းခေါင်လောက် ထကျက်မှ တိတ်ဆိတ်ပြီး စာရတယ်ဆိုသူတွေလည်း ရှိပါသေးတယ်။ ဒါကတော့ လူအပေါ် မူတည်တာပေါ့ ကိုယ့်ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းတွေ အားကောင်းတဲ့အချိန်ချင်း မတူကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် အဲလို စာရလွယ်တဲ့ အချိန်လေးကို သိထားရင် စာလည်း ကောင်းကောင်းကြည့်လို့ရမယ်၊ အချိန်တိုတိုနဲ့ စာများများ မှတ်နိုင်မယ်၊ ပြီးတော့ ဒီလိုအချိန်လေးမှာ ရတဲ့စာမျိုးက တခြားအချိန်တွေထက် ပိုပြီး မေ့ရခက်ပါတယ်နော်။ ခေါင်းကြည်နေတဲ့အချိန်မို့ စာတွေက ပိုစွဲမြဲတဲ့ သဘောပါပဲ။ ဒါကြောင့် ကိုယ်စာကြည့်နိုင်တဲ့ အချိန်လေးကို သေချာရွေးတတ်ရင် တော်တော်လေး အကျိုးရှိပါလိမ့်မယ်။


ရတဲ့ဘာသာနဲ့ မရတဲ့ဘာသာ

လူတိုင်းမှာ ကိုယ်အားသာရာနဲ့ အားနည်းရာ ရှိကြတာပဲ။ စာကြည့်တဲ့အခါမှာလည်း ပိုရတဲ့ ဘာသာနဲ့ သိပ်မရတဲ့ ဘာသာဆိုပြီး ရှိတတ်တာ ကျောင်းသားတိုင်းနီးပါး သိကြမှာပါ။ ပြဿနာတစ်ခုက မရတဲ့ ဘာသာကို ပိုကြည့်သင့်တာတော့ မှန်ပါရဲ့ ဒါပေမယ့် တစ်ချို့က အမြဲတမ်း မရတဲ့ ဘာသာကြီးကိုပဲ ဖိလုပ်နေပြီးတော့ ရတဲ့ဟာတွေကို ပြန်လေ့ကျင့်ဖို့က သတိမရတော့ဘူး ဖြစ်တတ်တယ်။ အဲလို မရတဲ့ဘာသာကိုပဲ ဦးစားပေးလွန်းပြီး ရတာကိုကျတော့ “ရပြီးသားပဲ အေးဆေးပါကွာ” နဲ့ တကယ်ထိသွားတာကျ ကိုယ်ကြောက်နေတဲ့ဟာ မဟုတ်ဘဲ ကိုယ်အေးဆေးပါလို့ ပြောတဲ့ဘာသာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မရတဲ့ဘာသာကို ပိုဖိလုပ်သင့်တာ မှန်တယ် ဒါပေမယ့် ရပြီးသားအတွက်လည်း အချိန်ပေးဖို့ မမေ့ပါနဲ့။ နှစ်ခုလုံးကို မျှမျှတတဖြစ်အောင် အချိန်ကို သေချာစီမံပါနော်။


စာကြည့်တဲ့အချိန် အာရုံစူးစိုက်မှု အပြည့်ထားပါ

စာကြည့်တဲ့အချိန် အာရုံတွေကို အပြည့်ထည့်ထားဖို့တော့ ပြောစရာတောင် မလိုလောက်အောင် သိကြမှာပါနော်။ အာရုံစူးစိုက်မှု မရှိဘဲ စာကြည့်နေတာဟာ အလကားသက်သက်ပါပဲ။ တစ်နေကုန် စားပွဲရှေ့ထိုင် စိတ်ကလည်း စုစည်းလို့မရ၊ စာကလည်း ဖတ်သာဖတ်နေတာ ခေါင်းထဲတစ်လုံးမှ မ၀င်ဘူး ဆိုတာမျိုး ဖြစ်ဖူးကြမှာပေါ့။ တကယ်လို့များ စာကြည့်တဲ့အချိန် အာရုံစိုက်လို့ မရတော့ဘူး စိတ်ကတခြားရောက်သွားပြီဆိုရင် စာကြည့်နေတာ နားလိုက်ပါ။ စိတ်မပါဘဲ အကျိုးမရှိ ထိုင်ကြည့်နေတာထက် ကိုယ်စိတ်ဝင်စားတဲ့အရာ တစ်ခုခု သွားလုပ်နေတာ ပိုကောင်းပါတယ်။ တစ်နေကုန် စိတ်မပါဘဲ ကြည့်နေတာထက် တစ်နာရီလောက် စိတ်ပါလက်ပါ အာရုံစူးစိုက်မှုအပြည့်နဲ့ ကြည့်တာက ပိုထိရောက်တာမို့ စာကြည့်ချိန်နဲ့ အာရုံစူးစိုက်မှုကို အချိတ်အဆက်မိအောင် ဂရုစိုက်ပါနော်။ ဒါပေမယ့် ၂၄နာရီ စိတ်မပါတာမျိုးကြီးတော့ မလုပ်နဲ့ပေါ့။


Main Point တွေကို သိအောင်လုပ်ပါ

ဘာသာရပ်တိုင်းမှာ မပါမဖြစ် အရေးကြီးတဲ့ main point လေးတွေ ရှိတတ်ပါတယ်။ ဒါကတော့ ဆရာတွေ ဒါမှမဟုတ် စီနီယာတွေနဲ့ ဆွေးနွေးမေးမြန်းကြည့်ရင် သိနိုင်ပါတယ်။ အဲလို main point လေးတွေကို ပိုင်ပိုင်နိုင်နိုင် ရထားတယ် ဆိုရင် စာမေးပွဲဖြေကြတဲ့အခါ ကိုယ်ဖြေထားတာ ပြည့်စုံမှု မရှိရင်တောင်မှ main point တွေပါနေရင် အမှတ်လျှော့ဖို့ မလွယ်ပါဘူး။ ဥပမာ Fomula ကြီးကို မှန်မှန်ကန်ကန် ရေးထားရင် တွက်ထားတာ မှားနေလည်း Fomula အတွက် တစ်မှတ် ဒါမှမဟုတ် မှတ်ဝက်ကတော့ ပေးရမှာပဲ။ မှန်နေတဲ့ Fomula ကို မှားပါတယ်ဆိုပြီး သုညပေးလို့ မရဘူးလေ။ တစ်မှတ်ရလည်း နည်းလားနော် စာမေးပွဲမှာ တစ်မှတ်မပြောနဲ့ မှတ်ဝက်တောင် အရေးကြီးတယ်။ ဒါကြောင့် Main point တွေကို အဓိကထားပြီး ပိုင်နိုင်အောင် ကြိုးစားပါ။ ဒါတွေက ကိုယ့်ရဲ့ ကယ်တင်ရှင် ဖြစ်လာမှာပါ။


ရပြီးသားတွေကို လေ့ကျင့်မှု ပြန်လုပ်ပါ

လေ့ကျင့်မှု ဆိုတာကတော့ အချိန်တိုင်း နေရာတိုင်း လိုအပ်နေတာပါပဲ။ စာမေးပွဲအတွက် ပြင်ဆင်တဲ့ နေရာမှာလည်း လေ့ကျင့်မှုက မပါမဖြစ် အရေးကြီးနေပြန်ပါတယ်။ လေ့ကျင့်မှု မရှိဘဲ ကိုယ်ဘယ်လောက်ရနေပြီလဲ၊ ဘယ်လောက်မှတ်မိလဲ ဘယ်လိုသိနိုင်မှာလဲ။ ကျောင်းတွေမှာလည်း ပြန်လှန်လေ့ကျင့်မှုတွေ အခေါက်ခေါက် အခါခါ လုပ်ခိုင်းကြတာ ပျင်းနေလို့ မဟုတ်ပါဘူး စာတွေ ခေါင်းထဲ ပိုဝင်သွားစေချင်လို့၊ ပိုမှတ်မိစေချင်လို့ပါ။ ဒါကြောင့် လေ့ကျင့်မှုဆိုတာ အချိန်တိုင်း ရှိပါစေနော်။ ဥပမာ ကိုယ့်ဘာသာ အစမ်းစာမေးပွဲ ဖြေကြည့်တာမျိုး၊ မေးခွန်းဟောင်းတွေနဲ့ လေ့ကျင့်ကြည့်တာမျိုး၊ ကိုယ့်ဘာသာ မေးခွန်းထုတ်ပြီး ဖြေကြည့်တာမျိုး လုပ်ပေးပါနော်။ ဒါမှ ပိုပြီး ကျွမ်းကျင်လာမှာပါ။ ကြိုတင်လေ့ကျင့်မှုနဲ့ ပြင်ဆင်မှုက ဘယ်တော့မှ အကျိုးမယုတ်ပါဘူးနော်။


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

စာချည်းပဲ လုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတယ်ဆိုတာလည်း မဟုတ်သေးပါဘူး။ ပြောရရင် စာမေးပွဲနီးတော့ စာပိုကြည့်ကြတယ်၊ အားပိုစိုက်ရတယ် အဲဒီအခါ ဦးနှောက်က အရမ်းမှတ်ရတဲ့အတွက် ခန္ဓာကိုယ်ကလည်း အားနည်းတယ်။ ဒါကြောင့် အဲလိုအချိန်မျိုးမှာ တစ်ခုခု ဖြစ်သွားဖို့ အရမ်းလွယ်ကူပါတယ်။ အဲတော့ ကိုယ့်ကျန်းမာရေးကိုလည်း မပေါ့ဆပါနဲ့။ အာဟာရ ပြည့်ဝအောင် စားပါ။ အိပ်ရေးဝအောင်လည်း အိပ်ပါ။ ရေလည်း များများသောက် အားဆေးတွေလည်း ဖြစ်နိုင်ရင် သောက်ပေးပါ။ ပြီးတော့ စာမေးပွဲနီးရင် ဒီပျက်ရှင် အရမ်းဝင်တတ်ကြပါတယ် ဒီတစ်ချက်ကိုလည်း သတိထားပါနော်။ သူများဝင်တိုင်း လိုက်မ၀င်ပါနဲ့။ စိတ်ဖိစီးမှုနည်းအောင် တတ်နိုင်သလောက် ကြိုးစားပါ တစ်ခါတစ်လေ ၀ါသနာပါတာလေးလုပ် fb လေးလည်းသုံး အဲလို ကိုယ်ပိုင်နားချိန်လေးတွေလည်း သတ်မှတ်ပေးပါနော်။ ဒါမှအရမ်း မပင်ပန်းမှာပါ။


Source: livethedream

Read times Last modified on Thursday, 30 January 2020 15:47
Rate this articles
(1 Vote)