×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 17 September 2020

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ နှင့် ငွေကြေးစီမံခန့်ခွဲမှု တို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် Financial Literacy Festival အစီအစဉ် မိတ်ဆက်

Prudential မြန်မာ၊ ရိုးမဘဏ်နှင့် Phandeeyar Institute တို့က မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ နှင့် ငွေကြေးစီမံခန့်ခွဲမှု တို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် Financial Literacy Festival အမည်ရှိ အစီအစဉ်အား မိတ်ဆက် ယနေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

 

အဆိုပါ အွန်လိုင်းအစီအစဉ်အား နိုင်ငံတစ်ဝန်းရှိ ဘဏ်ဝန်ဆောင်မှု အသုံးမပြုသောသူများ၊ ငွေကြေးဝန်ဆောင်မှုများနှင့် အလှမ်းဝေးသူများပါ ပါဝင်တက်ရောက်နိုင်စေရန် စီစဉ်ပေးသွားမည်ဖြစ်ကာ ၎င်းတို့၏ ငွေကြေးဆိုင်ရာ ပညာရပ်များနှင့် ဗဟုသုတများ တိုးတက်လာစေပြီး အလျင်အမြန်ပြောင်းလဲတိုးတက်နေသော ငွေကြေးနည်းပညာ ဂေဟစနစ်နှင့် အချိန်မီ ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ကြောင်းသိရသည်။

 

ယနေ့တွင် Prudential မြန်မာ အာမခံလုပ်ငန်း၊ ရိုးမဘဏ် နှင့် Phandeeyar Institute တို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ နိုင်ငံသားတို့၏ ဘဏ္ဍာရေးဆိုင်ရာ အသိပညာ နှင့် ငွေကြေးဝန်ဆောင်မှုအသုံးပြုခြင်း တို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် Financial Literacy Festival အမည်ရှိ ငွေကြေးအသိပညာဆိုင်ရာ သင်ကြားရေး အစီအစဉ်အား မိတ်ဆက် ကြေညာခဲ့သည်။

 

ထို အစီအစဉ်သည် တစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံရှိ micro၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် startup လုပ်ငန်းတည်ထောင်ထားသူများအတွက် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် စနစ်ကျသော စီမံခန့်ခွဲမှုများကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်စေရန်နှင့် ဒီဂျစ်တယ်နည်းပညာများကို ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ (၄) ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ယနေ့တွင် နိုင်ငံလူဦးရေ၏ (၉၀) ရာခိုင်နှုန်း နီးပါးမှာ မိုဘိုင်းလ်ဖုန်းများကို နေ့စဉ်အသုံးပြုနိုင်နေပြီဖြစ်သည်။ လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်းများ ပိုင်ဆိုင်လာကြသော်လည်း ဘဏ်အကောင့်ရှိသည့် လူဦးရေမှာ ဆတူတိုးပွား လာခြင်းမရှိခဲ့ပါ။

 

ထို့အပြင် ပြည်သူအများစုမှာ အခြေခံ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာများ အသိအမြင်များ အားနည်းကြသည်ကိုတွေ့ရသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ပိုမို ကောင်းမွန်လာသော အင်တာနက်ချိတ်ဆက်မှုကို အသုံးချကာ နည်းပညာနှင့် ဒီဂျစ်တယ် နည်းလမ်းများဖြင့် ပြည်သူများအဓိက လိုအပ်နေသော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အသိပညာများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရယူနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ Financial Literacy Festival အစီအစဉ်တွင် နည်းပညာအထောက်အပံ့များနှင့် ကျွမ်းကျင်သူများအား စုစည်းစေကာ အဓိက အုပ်စု (၃) ခုဖြစ်သည့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ဘဏ္ဍာရေးဆိုင်ရာ အသိပညာများ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

ယခုအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ စိတ်ဝင်စားသူ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ဦးရေ (၃၀၀၀) ခန့်ထိ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ၁၀၀% သင်ကြားပေးသွားမည်ဖြစ်သည်။

 

“ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေက အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အလျင်အမြန်တိုးတက်နေတဲ့ မြန်မာနိုင်ငံမှာလည်း ငွေကြေးကဏ္ဍဟာလည်း ပိုမို ဆန်းပြားရှုပ်ထွေးလာပြီး မြန်မာနိုင်ငံသားတွေအတွက် တစ်ကိုယ်ရည်ငွေကြေး ကိုင်တွယ်အသုံးပြုမှု၊ ငွေကြေးလည်ပတ်စီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေထုတ်ယူမှု အပိုင်းတွေမှာ သိထားရမယ့် အခွင့်အလမ်းတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို နားလည်လာအောင် နည်းလမ်းတွေ၊ ဝန်ဆောင်မှုတွေ ထောက်ပံ့မျှဝေပေးဖို့လိုအပ်ပါတယ်။

 

ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ ပညာရပ်တွေ သင်ယူတက်မြောက်ခြင်းဟာ လူတစ်ဦးတစ်ယောက်နဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ အခြေခံငွေကြေးစီမံခန့်ခွဲနိုင်ခြင်း မရှိတာက နိုင်ငံတွင်းရှိ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ အခက်အခဲဖြစ်လာနိုင်ပါတယ်။ Phandeeyar ကလည်းမြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ စီးပွားရေးလည်ပတ်မှုတွေ ပိုမိုတိုးတက်လာစေဖို့အတွက် ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေ နဲ့ငွေကြေးစီမံခန့်ခွဲတတ်တာက ယနေ့ခေတ်မှာ သော့ချက်တစ်ခုဖြစ်တယ်လို့ မှတ်ယူထားပါတယ်။

 

Financial Literacy festival မှာ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု၊ ကလေးငယ်တွေ သိသင့်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတတွေနှင့် မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအတွက် ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် အခွင့်အလမ်းတွေ စတဲ့ မတူညီတဲ့ အကြောင်းအရာတွေကို အွန်လိုင်း သင်တန်းချိန်စုစုပေါင်း (၃၅) ချိန်ခွဲပြီး စီစဉ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

 

အခုလို အစီအစဉ်ဖြစ်မြောက်လာရေးအတွက် ကျွန်တော်တို့နှင့်လက်တွဲလုပ်ဆောင်ပေးကြတဲ့ Prudential အာမခံနဲ့ ရိုးမဘဏ်တို့ကိုရော၊ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ အသိအမြင်တွေ တိုးပွားလာဖို့ အချိန်ပေးပြီး ကူညီသင်ကြားဆွေးနွေးပေးမယ့် trainer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။” ဟု Phandeeyar ၏ Chief Commercial Officer၊ Mr. Patrick Romanet က အခမ်းအနား တွင် ပြောကြားခဲ့သည်။

 

ရိုးမဘဏ်၏ Head of Lending ရာထူးကို တာဝန်ယူထားသူ ဒေါ် Samantha Htoon က " “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုတဲ့ ရိုးမဘဏ်ရဲ့ ရည်မှန်းချက်အတိုင်း ကျွန်မတို့ဟာ နိုင်ငံရဲ့ စီးပွားရေးနှင့် လုပ်ငန်းတွေတိုးတက်ဖွံ့ဖြိုးစေဖို့ အစဉ်တစိုက် ကူညီ ပံ့ပိုးပေးလျက်ရှိပါတယ်။

 

SME လုပ်ငန်းတွေအတွက် ငွေကြေးဝန်ဆောင်မှုကောင်းတွေပေးနေတဲ့ ထိပ်တန်းဘဏ်လုပ်ငန်းတစ်ခုအနေနှင့် အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကြောင့် မရေရာမှုတွေများနေတဲ့ကာလမှာ ငွေကြေးဆိုင်ရာအသိပညာတွေကို မျှဝေပေးခွင့် ရတဲ့အတွက် အလွန်ဝမ်းသာမိသလို ဒါဟာ တကယ်ကို အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုလို့လည်း မြင်ပါတယ်။

 

ကျွန်မတို့ ရိုးမဘဏ်အနေနှင့် အခုလို Phandeeyar Institute နဲ့ လက်တွဲပြီး Financial Literacy Festival အစီအစဉ်အထမြောက်အောင် ပံ့ပိုးပေးခွင့်ရလို့ ပီတိဖြစ်မိသလို ဒီပူးပေါင်းမှုရလဒ်ကြောင့် SME တွေနှင့် ကျောင်းသားလူငယ်တွေဟာ ငွေကြေးစီမံခန့်ခွဲမှုအရည်အချင်းတွေပိုမိုတိုးတက်လာပြီး သူတို့ရဲ့ စီးပွားရေး၊ မိသားစုရေးနှင့် နေ့စဉ်ဘဝတွေမှာ အကျိုးရှိစွာ အသုံးချနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။" ဟုပြောကြားခဲ့သည်။

 

“ကျွန်တော်တို့ Prudential Myanmar Life Insurance အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ငွေကြေးအတတ်ပညာ သင်ကြားမှုပွဲတော်ကြီးမှာ co-sponsor အနေနဲ့ ပါဝင်ကူညီပံ့ပိုးခွင့်ရပြီး ကလေးငယ်တွေ၊ မိဘတွေနဲ့ ဆရာတွေ အတွက်သာမက စိတ်ဝင်စားသူ တစ်ဦးချင်း အပါအဝင် တစ်နိုင်တစ်ပိုင်နဲ့ အသေးစားလုပ်ငန်း လုပ်ကိုင်တဲ့အဖွဲ့တွေ ကြားမှာ ငွေကြေးဆိုင်ရာ သိနားလည်မှု ပိုမို တိုးတက်လာအောင် ကူညီမြှင့်တင့်ပေးနိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။

 

ဒီပွဲတော်အတွင်း Prudential Myanmar အနေနဲ့ ငွေရှာ၊ စုဆောင်း၊ သုံးစွဲ၊ လှူဒါန်းဆိုတဲ့ အခြေခံ ငွေကြေးစီမံခန့်ခွဲမှု အသိပညာတွေကို အသိပညာပေးဖျော်ဖြေရေးပုံစံနဲ့ သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒေသတွင်း အသိအမှတ်ပြု ဆုရရှိထားတဲ့ Cha-Ching အစီအစဉ်ကို မှီငြမ်းထားတဲ့ တန်းခွဲတွေကို သင်ကြားပို့ချပေးသွားပါမယ်။ တစ်ဦးချင်းနဲ့ အသေးစားလုပ်ငန်း လုပ်ကိုင်တဲ့အဖွဲ့တွေအတွက် ကျွန်တော်တို့ Prudential ကနေ “ငွေကြေးဆိုင်ရာ စီမံခန့်ခွဲတတ်ဖို့က အနာဂတ်အတွက် ဘာကြောင့်အရေးကြီးလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ “အာမခံနဲ့ အကာအကွယ် ရယူခြင်းရဲ့ အရေးပါပုံ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ သင်ကြားပေးသွားပါမယ်။

 

ငွေကြေးဆိုင်ရာ သိနားလည်မှုဆိုတာ ညတွင်းချင်း ကျွမ်းကျင်တတ်မြောက်သွားမယ့် အရာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် Prudential Myanmar အနေနဲ့ ျမန္မာ ပြည်သူလူထုအတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်တွေ ရယူမြှင့်တင်နိုင်ဖို့ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ကတိကဝတ် ပြုပါတယ်” ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က ပြောသည်။

 

Financial Literacy Festival နှင့် ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာများ သိရှိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

>>> Click Here <<

Read times
Rate this articles
(0 votes)