×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 13 February 2019

ကိုယ့်မှာ ပါရမီ မရှိရင် မအောင်မြင်တော့ဘူးလား ???

တစ်ချို့ပြောတာ ကြားဖူးပါလိမ့်မယ် “ဒါမျိုးက ပါရမီပါမှ ရတာ” “ငါ့မှာ ပါရမီမှ မရှိတာ သူ့လို ဘယ်အောင်မြင်ပါ့မလဲ” ဆိုတာမျိုးပေါ့။

ဒါဆိုရင် တစ်ခုလောက် မေးကြည့်ရအောင် ပါရမီမရှိရင် မအောင်မြင်နိုင်တော့ဘူးလား။

တကယ်တော့ အောင်မြင်မှုဆိုတာ ပါရမီပါခြင်း မပါခြင်း နိယာမနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ လူတစ်ယောက်မှာ မွေးကတည်းက ပါရမီပါလာဖို့ဆိုတာ တစ်ရာမှာ တစ်ယောက်ရှိဖို့တောင် မလွယ်တဲ့ကိစ္စပါ။ တကယ်လို့ ပါရမီရှိမှ အောင်မြင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အောင်မြင်သူတွေ လက်ချိုးရေလို့တောင် ရနိုင်မယ်ထင်ပါတယ်။ ဒါ့ကြောင့် ပါရမီ မပါဘူးဆိုတိုင်း စိတ်ဓာတ်ကို အောက်ဆုံးထိ မဆွဲချလိုက်ပါနဲ့။

လူတိုင်းကတော့ ထူးခြားတဲ့ ပါရမီတွေနဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ လူနည်းစုလေး တစ်ခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုလူနည်းစုတွေကြားမှာ ကိုယ့်အရည်အချင်းနဲ့ အောင်မြင်မှုကို အရယူပြခဲ့သူတွေ အများကြီးပဲ ပါရမီဆိုတာ မပါပဲနဲ့လေ။ လူတစ်ချို့က ကိုယ့်မှာ ပါရမီမရှိဘူးဆိုတာနဲ့ ဘာဆိုဘာမှ မလုပ်နိုင်တော့ဘူး ထင်ကြတယ်၊ ဘာလုပ်လုပ် ရှုံးနေမှာပဲ ထင်ကြတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး၊ ကြိုးစားချင်စိတ်လည်း မရှိဘူး၊ ဘဝကြီးက အဓိပ္ပါယ်မဲ့တယ်လို့ ထင်သွားတတ်ကြတယ်။ ဒါပေမယ့် တကယ်တမ်း ပါရမီမရှိတာနဲ့ ဘဝကြီးက အဓိပ္ပါယ်မဲ့သွားတာ မဟုတ်ပါဘူး။ ကိုယ့်မှာ ပါရမီမရှိရင်လည်း အောင်မြင်တဲ့ သူတစ်ယောက် သေချာပေါက် ဖြစ်နိုင်ပါတယ်။

အဓိက က အရည်အချင်းရှိအောင် ကြိုးစားဖို့ပါပဲ။ ပါရမီဆိုတာ မွေးကတည်းက သဘာဝအလျောက် ပါလာတာဖြစ်ပြီး အရည်အချင်းကတော့ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြိုးစားမှုတွေနဲ့ ရင်းနှီးပြီးမှ ရလာတဲ့အရာပါ။ အရည်အချင်းဆိုတာကသာ တကယ်အဖိုးတန်တဲ့အရာ ဖြစ်ပြီး ပါရမီမရှိရုံနဲ့ အားလုံး အဆုံးသတ်သွားတာ မဟုတ်ဘူး၊ ငတုံးတစ်ယောက် ဖြစ်မသွားဘူး၊ အရှုံးသမား တစ်ယောက် ဖြစ်မသွားဘူး။ တော်လာအောင် ကြိုးစားလို့ ရတယ်၊ အရည်အချင်းရှိတဲ့သူ တစ်ယောက် ဖြစ်လာအောင် လုပ်လို့ ရတယ်၊ ဘယ်သူကမှ လက်မလွှတ်ချင်လောက်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ဖြစ်နိုင်ပါတယ်။

ဒါဆို အရည်အချင်းရှိတဲ့သူ တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လို အကျင့်စရိုက်မျိုးတွေ ရှိထားသင့်သလဲ။ ဘယ်လိုကြိုးစားရမလဲ…
ကိုယ်ဖြစ်ချင်တာ သိအောင်လုပ်ပါ

ကိုယ်ဘာဖြစ်ချင်လဲ မသိဘဲနဲ့ ဘယ်လမ်းကြောင်း လိုက်မလဲ၊ ဘာတွေ တိုးတက်အောင် လုပ်ရမလဲ ဆုံးဖြတ်လို့ မရပါဘူး။ တကယ်အောင်မြင်မှု လမ်းကြောင်းကို လျှောက်နေတဲ့သူတွေက သူတို့ ဘာဖြစ်ချင်တယ်ဆိုတာ ကောင်းကောင်းသိထားကြပါတယ်။ မဟုတ်ရင်တော့ ဦးတည်ချက်မဲ့ မျောလွင့်နေတဲ့ လှေတစ်စင်းလိုပဲ ဖြစ်နေမှာပါ။ ဒါ့ကြောင့် ကိုယ်ဘာဖြစ်ချင်လဲ သေချာသိအောင် ကြိုးစားပါ။ ဒါမှ ဒါတွေသင်ယူဖို့ လိုတယ်၊ ဒါတွေ လေ့ကျင့်ဖို့ လိုတယ် လေ့လာဖို့ လိုတယ် ဆိုတာ သေချာသိနိုင်မှာပါ။ တစ်နည်းပြောရရင် လမ်းကြောင်းမှန်မှန် ရှေ့ဆက်နိုင်တာပေါ့။

ယုံကြည်ချက် အပျောက်မခံပါနဲ့

စိတ်ဓာတ်ကျစရာ အချိန်တွေ၊ အားငယ်စရာ အချိန်တွေကို ဘယ်သူမဆို ကြုံဖူးကြပါလိမ့်မယ်။ အောင်မြင်နေတဲ့ သူတွေ၊ နုာမည်ကျော်တွေတောင်မှ သူတို့ဘယ်လောက် ပင်ပန်းရတယ်ဆိုတာ ဝန်ခံထားကြသေးတာပဲ။ ဒီလိုအခြေအနေတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့အတွက် ကိုယ့်မှာ ယုံကြည်ချက် မပျောက်မပျက် ရှိနေမှဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ အခက်အခဲမျိုးစုံ တင်းခံထားနိုင်မှသာ အောင်မြင်မှုက ကိုယ့်ခြေဖဝါးအောက် ရောက်လာမှာပါနော်။ “အနာခံမှ အသာစံရ” ပဲမဟုတ်လား။

အမြဲတမ်း သင်ယူပါ

တကယ်အရည်အချင်း ရှိတဲ့သူတွေက သင်ယူခြင်းရဲ့ အကျိုးကို ကောင်းကောင်းနားလည် ကြပါတယ်။ ဒါ့ကြောင့်လည်း သင်ယူခြင်းက အဆုံးမရှိဘူးလို့ ဆိုကြတာပေါ့။ ဘယ်သူမှ မွေးကတည်းက မတတ်သလို အရာအားလုံးကို သင်ယူခြင်းကနေ အစပြုကြတာပါပဲ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြည့်စုံသွားပြီ၊ အကုန်တတ်သွားပြီလို့ ဘယ်တော့မှ မထင်လိုက်ပါနဲ့။ ဘဝဆိုတာ သင်လေလေ မသိတာတွေ များလာလေလေပါ။ သင်ယူတာကို ရပ်လိုက်ရင် ကိုယ့်ဘဝရဲ့ တိုးတက်မှု ကလည်း ရပ်တန့်သွားပါလိမ့်မယ်။

လေ့ကျင့်မှု

တစ်ခါတည်းနဲ့ အောင်မြင်သွားတယ်ဆိုတာ ခပ်ရှားရှားပါပဲ။ ဘယ်နေရာမှာမဆို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတယ်၊ လေ့ကျင့်မှုတွေ အခေါက်အခါခါ လုပ်ရတယ် ပြီးမှ ကြီးကျယ်ခမ်းနာတဲ့ အရာကို ရလဒ်အနေနဲ့ ခံစားရတာပါ။ ကိုယ်က စကားပြောတာ မကောင်းဘူး၊ သူများရှေ့မှာလည်း မရပ်ရဲဘူး၊ နဂို အပြောအရမ်းကောင်းတဲ့ ကိုယ့်သူငယ်ချင်းလို လွှမ်းမိုးနိုင်မှုမျိုး ကိုယ့်မှာ မရှိဘူး။ အဲ့တော့ ဘာဖြစ်လဲ။ အဲ့လိုဆိုတာနဲ့ပဲ စကားမပြောရတော့ဘူးလား၊ အမြဲနောက်မှာပဲ ရပ်နေရမှာလား၊ လူတွေရှေ့ မထွက်တော့ဘူးလား။ လေ့ကျင့်ကြည့်ရင် သုံးလေးခါလောက်ကတော့ အဆင်ပြေမှာ မဟုတ်ဘူး ဆယ်ခါလောက် ကြိုးစားကြည့်တောင် မရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဆက်ပြီးလေ့ကျင့်သွားရင် နောက်ဆုံးတော့ ကျွမ်းကျင်တဲ့ အပြောသမားကောင်း ဖြစ်လာမှာ အသေအချာပါပဲ။ ဒါ့ကြောင့် လေ့ကျင့်မှုတွေ အမြဲတမ်း ရှိနေပါစေနော်။

အရှုံးအတွက် အသင့်ဖြစ်နေပါစေ

ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ ဘယ်သူမဆို ရှုံးနိမ့်ဖူးကြမှာပါ။ အရှုံးကို ရင်ဆိုင်နိုင်တာက လူတိုင်းမှာ မရှိတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ အခု လူတိုင်းစံယူရတဲ့ အောင်မြင်သူတွေကို ကြည့်လိုက်ရင် အားလုံးက အရှုံးကို ကြံကြံခံခဲ့ကြသူတွေချည်းပါ။ အရှုံးပေါင်းများစွာထဲကနေ အောင်မြင်မှုကို အရယူခဲ့ကြတာမို့ အရှုံးအတွက် အသင့်ဖြစ်နေဖို့က အရေးကြီးပါတယ်နော်။ ဘယ်လောက်ပဲ ပါရမီရှိရှိ အရှုံးကို ခံနိုင်ရည်မရှိဘဲ လဲပြိုသွားရင် အလကားပါပဲ။

ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်စွမ်း

အမှားတွေကနေ အမှန်ဖြစ်လာတယ်ဆိုတာ အမှားကို ဆင်ခြင်သုံးသပ်ပြီး အဲ့ကနေ သင်ခန်းစာယူမှ ဒီလိုမျိုး ဖြစ်လာနိုင်တာပါ။ အောင်မြင်သူတွေမှာလည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိကြသလို သူတို့ကိုယ် သူတို့လည်း အမြဲတမ်း ဆန်းစစ်နေတာ ဖြစ်ပါတယ်။ ဒီလိုမှ ကိုယ့်မှာ ဘာလိုအပ်နေသလဲ၊ ဘာပြင်ဖို့ လိုသလဲ၊ ဘာတွေ အားသာလဲ၊ ဘာတွေ အားနည်းလဲ သိနိုင်မှာပါ။ ဒါ့ကြောင့်မို့ အမြင့်ကို တက်ချင်တဲ့သူတစ်ယောက် အတွက် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တတ်တဲ့ အကျင့်လေး သေချာပေါက် ရှိထားသင့်ပါတယ်နော်။
တကယ်အရည်အချင်း ရှိတဲ့သူတစ်ယောက် ဖြစ်ဖို့ မလွယ်လှပါဘူး။ လိုအပ်တာတွေလည်း အများကြီးပါပဲ ဒါပေမယ့် အပေါ်မှာ ဖောပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာမယ်ဆိုရင် သေချာပေါက် သူများနောက်တော့ ကျန်ခဲ့မှာ မဟုတ်သလို ကိုယ့်မှာ ပါရမီရှိခြင်း မရှိခြင်းကလည်း ဘာမှ အရေးပါမှာ မဟုတ်ပါဘူး။ နောက်ပိုင်း အတွေ့အကြုံကနေ သင်ယူရင်း ဘာတွေဆက်လုပ်ရမလဲ တဖြည်းဖြည်း သိလာပါလိမ့်မယ်။


Source: LiveTheDream

Read times Last modified on Wednesday, 29 January 2020 12:05
Rate this articles
(1 Vote)