×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Saturday, 16 March 2019

လူက သခင်လား? နည်းပညာက သခင်လား?

ခေတ်တွေ ပြောင်းလာတာနဲ့အမျှ နည်းပညာတွေလည်း တဖြည်းဖြည်း တိုးတက်လာခဲ့တာ ဒီ ၂၁ရာစုခေတ် မှာတော့ လူတွေက နည်းပညာကို သုံးနေတာလား

ဒါမှမဟုတ် နည်းပညာကပဲ လူတွေကို စေခိုင်းနေသလား ဝေခွဲမရနိုင်လောက်အောင်ပါပဲ။ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ တခြားအရာတွေထက် နည်းပညာတွေက ပိုပြီးနေရာယူလာတာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။

နည်းပညာရဲ့ လွှမ်းမိုးမှု

အရှင်းဆုံး ဥပမာတစ်ခုပေးပါဆိုရင် ခုခေတ်မှာ လူတိုင်းကိုင်နေကြတဲ့ ဖုန်းပါပဲ။ ကလေးအစ လူကြီးအဆုံး မနက်အိပ်ယာထကနေ ညအိပ်ယာဝင်တဲ့အထိ မကင်းမကွာရှိနေတဲ့ အရာပါ။ ဒါလည်း ပြောရရင် နည်းပညာရဲ့ လွှမ်းမိုးမှုတစ်ခုပဲ မဟုတ်ဘူးလား။ ကြာတော့ လူတွေက နည်းပညာကိုပဲ အားကိုးမှီခို လာကြတယ်၊ အစားထိုးလာကြတယ် ဒီလိုပြောလို့ နည်းပညာတိုးတက်နေတာ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ နည်းပညာတိုးတက်လာတာ ကောင်းတဲ့အချက်တွေ အများကြီးရှိသလို ဘယ်လို အကျိုးပြုတယ် ဆိုတာလည်း အားလုံးရဲ့ မျက်မြင်ပါပဲ။ နည်းပညာကြောင့် ဆေးဘက်ဆိုင်ရာတွေ ပိုတိုးတက်လာတယ် လူတွေကို ပိုကယ်တင်နိုင်လာတယ်၊ ရောဂါတွေ ပိုကုသ နိုင်လာတယ်။ စက်ရုံကြီးတွေ မှာဆိုရင်လည်း ပစ္စည်းတွေ အကုန်လုံးကို နည်းပညာအကူအညီနဲ့ပဲ အလွယ်တကူ ထုတ်လာနိုင်ကြတယ်။ ဒါနည်းပညာတိုးတက်လာမှုရဲ့ ကောင်းကျိုးတွေပဲလေ တခြားလည်း အများကြီး ရှိသေးတာပေါ့။

ဒီလိုပါပဲ နည်းပညာတိုးတက်လာတာက လူတွေကို တကယ်အကျိုးပြုပါတယ် ဒါပေမယ့် ဖြစ်နေတဲ့ ပြဿနာက တိုးတက်လာတဲ့ နည်းပညာကို ကောင်းကောင်းကော ထိန်းချုပ်နိုင်ရဲ့လား ဆိုတာပါ။ ကိုယ်က နည်းပညာကို အသုံးချနေတာ ဟုတ်ရဲ့လား ဆိုတာပါပဲ။ တော်တော်များများက နည်းပညာရဲ့ စေခိုင်းမှုကို မသိမသာ ခံနေရတာပါ။ ဥပမာပြောရရင်တော့ လူတွေအရင်လို မဟုတ်တော့ဘဲ တဖြည်းဖြည်း ဝေးကွာသွားကြပြီလေ။ မိသားစုထဲမှာဆိုရင်လည်း ရယ်မောသံတွေအစား ဖုန်းကိုယ်စီနဲ့ တိတ်ဆိတ်မှုတွေ နေရာယူလာတာ သတိထားမိကြမှာပါ။ မိသားစုတွေမှာ အရင်လို ရယ်မောပျော်ရွှင်သံတွေ၊ နွေးထွေးမှုတွေ သိသိသာသာကြီးကို လျော့ကျလာတယ်လေ။

 

နည်းပညာကိုအကျိုးရှိရှိအသုံးချနေသလား

သူငယ်ချင်းတွေ ဆုံကြပြီ ဆိုရင်လည်း ဖုန်းကို အာရုံစိုက်နေရတာနဲ့ ကိုယ့်ရှေ့က သူငယ်ချင်း အရှင်လတ်လတ်ကြီးကို ဂရုမစိုက်အားတော့ဘူး။ သူငယ်ချင်းတွေကြားမှာ အရင်လို စနောက်မှုတွေ၊ ရင်းနှီးမှုတွေ သိပ်မရှိတော့ဘူး။ ဖုန်းဆိုတဲ့ နည်းပညာ တံတိုင်းကြီးက တစ်ယောက်နဲ့တစ်ယောက်ကြား ခြားမှန်းမသိ ခြားလာတယ်။ တစ်ခုခုဆို ဓာတ်ပုံရိုက် ရတာနဲ့ Facebook ပေါ်တင်ရတာနဲ့ Instagram ပေါ် ကြွားရတာနဲ့ ကိုယ်က နည်းပညာကို အသုံးချနေပါတယ် ပြောပြီး နည်းပညာနောက်ကိုပဲ လိုက်နေကြရတာ မဟုတ်ဘူးလား။ ဒါတွေ ဘာလို့ ဖြစ်နေရတာလဲ။ ကိုယ့်ဘဝမှာ အရေးကြီးဆုံးက ဘာလဲ မိသားစုထက် ဖုန်းကြည့်ဖို့က ပိုအရေးပါနေတာလား။ သူငယ်ချင်းထက် ဖုန်းထဲက စကားတွေက ပိုအရေးပါနေတာလား။ ကိုယ့်ရဲ့ဘဝမှာ ဘယ်အရာတွေက တဖြည်းဖြည်း ကွယ်ပျောက်လာပြီး ဘယ်အရာတွေက အစားထိုးလာသလဲ သေချာစဉ်းစားကြည့်ပါဦး။ ဒီပုံစံနဲ့ နည်းပညာက ကိုယ့်အတွက် အကျိုးရှိတာ ဟုတ်ရဲ့လား။

အကျိုးပြုတာ များပေမယ့် အဆိုးဘက်သက်ရောက်မှုတွေလည်း သိပ်များတယ်ဆိုတာ သတိထားမိရဲ့လား။ အချိန်ကြာလာတာနဲ့လူတွေက ပိုပျင်းလာကြတယ် ဘာမဆို လွယ်လွယ်လုပ်လို့ ရနေတာကိုး အလွယ်ပဲ လိုက်တော့တာပေါ့။ လမ်းလည်း သိပ်မလျှောက်တော့ဘူး ကားပဲစီးတော့တယ်၊ စာလည်း သိပ်မဖတ်တော့ဘူး ဖုန်းပဲ ကြည့်နေတော့တယ်။ လွယ်တာမှန်ပေမယ့် တခြားရှုထောင့်ကနေ ကြည့်ရင် ကျန်းမာရေးထိခိုက်တာပေါ့။ လူတွေတဖြည်းဖြည်း ကျန်းမာရေးတွေလည်း ချို့ယွင်းလာတယ်လေ။ တခြား သက်ရောက်မှုတွေလည်း အများကြီးကို ရှိသေးတယ်။ နည်းပညာနဲ့ လွယ်လွယ်လုပ်လို့ ရတယ်ဆိုတော့ ဒါကို အသုံးချသင့်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သဘာဝကိုပဲ ပိုအလေးထားရမယ့် နေရာတွေလည်း ရှိတယ်။


နည်းပညာကိုမှန်ကန်စွာအသုံးချပါ

ဖုန်းပဲကြည့်နေတာမျိုး မဟုတ်ဘဲ စာအုပ်လေးတွေလည်း ဖတ်ပေးပါ။ ကားစီးလို့ရတာမှန်ပေမယ့် တစ်ခါတစ်လေ လမ်းလေးလျှောက်ပေးပါ။ ဖုန်းတွေ Computer တွေ သုံးမယ်ဆိုရင်လည်း တခြားအကျိုးမရှိတာတွေ လုပ်မနေဘဲ ကိုယ့်အတွက် အကျိုးရှိမယ့်အရာလေးတွေကို ရှာဖွေပါ။ နည်းပညာက သုံးတတ်ရင် အများကြီးကို အသုံးဝင်တာပါ။ ကိုယ့်ဘဝလည်း အများကြီး တိုးတက်သွားမှာပါ။ ဒါ့ကြောင့် ဒါကို သေချာအသုံးချပါ။ နည်းပညာတိုးတက်အောင် ဖန်တီးခဲ့ကြသလို ဒါကိုသေချာ သုံးတတ်အောင်လည်း ကြိုးစားပါ။ နည်းပညာရဲ့ လွှမ်းမိုးမှုတွေကို သတိပြုမိပါစေနော်။

လူတိုင်းသိကြသလိုပါပဲ အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတာ ရှိတယ်လေ။ အဆိုးဘက်ကို ရောက်မသွားအောင် ကိုယ်တိုင်ကပဲ ထိန်းချုပ်ရမှာ ဖြစ်သလို အကောင်းဘက်ဖြစ်ဖို့ ကိုယ်တိုင်ကပဲ ဖန်တီးယူရမှာပါ။ အခုအချိန်မှာ နည်းပညာကို စေခိုင်းပြီး အကျိုးအများကြီး ရနေသူတစ်ချို့တွေ ရှိပါတယ်။ ပြီးတော့ နည်းပညာရဲ့ စေခိုင်းမှုနောက်ပဲလိုက်ပြီး တဖြည်းဖြည်း ဆုတ်ယုတ်နေသူ တစ်ချို့တွေလည်း ရှိတယ်။ ဆိုတော့ ကိုယ်ဘယ်ဘက်ကလဲဆိုတာ ကိုယ့်ဘာသာ သေချာစဉ်းစားပေါ့ ကိုယ့်အကြောင်း ကိုယ်သာလျှင် အသိဆုံးပဲမို့လား။
အားလုံးပဲ နည်းပညာကို မှန်ကန်စွာ အသုံးချနိုင်ကြပါစေနော်။

Source: LiveTheDream

Read times Last modified on Thursday, 30 January 2020 17:55
Rate this articles
(0 votes)