×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 05 April 2019

အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့အတွက် လက်တွေ့ကျကျနည်းလမ်း (၇) ချက်

အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့အတွက် လက်တွေ့ကျကျနည်းလမ်း (၇) ချက် google

လူတစ်ဦးကို ၂၄ နာရီပိုင်တာချင်းအတူတူ ကိုယ့်ကျမှ အချိန်မရှိဘူး လို့  အော်နေတယ်ဆိုတာ အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မယ့် အချက်လေးတွေကို မသိသေးလို့ ဖြစ်ပါတယ်။

ကျွန်တော်အခုပြောမယ့် အချိန်စီမံခန့်ခွဲမှုအချက်တွေထဲမှာ တချို့က ရိုးရှင်းသလို၊ တချို့ကလည်း သိပြီးသားလေးတွေ ပါနိုင်ပေမယ့် သေသေချာချာတစ်ခေါက်လောက်တော့ ပြန်ဖတ်ကြည့်စေချင်ပါတယ်။

 

၁။ အလုပ်တွေကို ခွဲဝေပေးရမယ်

လုပ်ငန်းခွင်ထဲမှာ တစ်ယောက်တည်း သိမ်းကျုံးလုပ်နေတဲ့သူတွေကို မြင်ဖူးမှာ ကြမှာပါ။ ကိုယ်တိုင်လည်း အဲဒီလို လူဖြစ်ဖူးမှာပါ။ အလုပ်လောဘကြီးတဲ့ သူတွေဟာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေထက် ပိုပြီး အလုပ်တွေကို ပိုလက်ခံ၊ ပိုလုပ်ချင်ကြပါတယ်။ ဒီလို လိုတာထက် ပိုလောဘကြီးရင်တော့ စိတ်ဖိစီးမှုတွေ ရလာတာပဲ အဖတ်တင်ပါလိ့မ်မယ်။

အလုပ်တွေကို ခွဲဝေပေးတယ်ဆိုတာဟာ မလုပ်ချင်လို့ ရှောင်တာမျိုးမဟုတ်ဘဲ စီမံခန့်ခွဲမှုအပိုင်းကိုပါ လုပ်ဆောင်နိုင်တာမျိုး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အချိန်တွေကို ပိုပြီး ထိထိရောက်ရောက်သုံးနိုင်ဖို့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းထက် ပိုတဲ့ အလုပ်တွေကို တခြားသူတွေကို ခွဲဝေပေးသင့်ပါတယ်။

 

၂။ ဦးစားပေးအလုပ်တွေ သတ်မှတ်ပါ

ရုံးရောက်မှ အလုပ်တွေကလည်းများ လိုက်တာလို့  အော်နေမယ့်အစား နေ့တစ်နေ့ အစ မနက်အိပ်ရာနိုးပြီး ရုံးမသွားခင်မှာ အချိန် ၁၅ မိနစ်လောက်ပေးပြီး အရေးကြီး အလုပ်တွေကို စီစေချင်ပါတယ်။

ပိုအရေးကြီးတဲ့ အလုပ်တွေ၊ ဒီနေ့ Deadline နဲ့ ပေးရမယ့် အလုပ်တွေကို ဒီနေ့ လုပ်ဖို့ သတ်မှတ်ပါ။ ဒီလို လုပ်ဆောင်တာဟာ အရေးမကြီးတဲ့ အလုပ်တွေကို မျောလုပ်နေပြီး ကျွန်တော်တို့ တစ်နေ့တာကို ဒါနဲ့ပဲ အချိန်ကုန်မသွားဖို့ အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။

အလုပ်အတွက် To do list သတ်မှတ်ရာမှာ တန်ဖိုးရှိတဲ့ Tip လေးတစ်ခုပေးချင်ပါတယ်။ ဒါကတော့ အလုပ်၊ အိမ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကိစ္စဆိုပြီး List ကို ခွဲလုပ်တာ ဖြစ်ပါတယ်။

 

၃။ ပြီးရမယ့် အချိန်သတ်မှတ်ပါ

To do list လည်း ရှိတယ်၊ အရေးကြီးတာလည်း စီပြီးသွားပြီ၊ ဒါပေမယ့် ဘယ်နေ့ပြီးအောင် လုပ်မယ်၊ ဘယ်အချိန်ပြီးအောင် လုပ်မယ်ဆိုတာမျိုး မရှိဘဲ ထားလိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာတွေ ပြီးအောင် လုပ်မယ်ဆိုတာ အပြင် ဘယ်နေ့၊ဘယ်အချိန်ပြီးအောင် လုပ်မယ်ဆိုတာပါ ဘေးနားမှာ ရေးထားပါ။

ဒီနေရာမှာ တစ်ခုသတိထားရမှာက Deadline တွေကို သတ်မှတ်တဲ့အခါ လက်တွေ့ကျကျပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ စာအုပ် ၃ အုပ်ကို တစ်နေ့တည်း ပြီးအောင် ဖတ်မယ်ဆိုပြီး လက်တွေ့မကျတဲ့ Deadline တွေ သတ်မှတ်ထားရင်တော့ စိတ်ဖိစီးမှုပဲ ပိုများလာမှာ ဖြစ်ပါတယ်။

 

၎။ အချိန်မဆွဲပါနဲ့

တချို့က စာမေးပွဲဖြေခါနီး One Night, One Subject ဆိုပြီး ဖင်နားကပ်မှ လုပ်ရတာကို ဂုဏ်ယူတတ်သူတွေလည်း ရှိပါတယ်။ ကိုယ်က ဉာဏ်ဘယ်လောက်ကောင်းတယ်ဆိုဆို၊ ဒါမျိုးလုပ်တာက သင့်ကို Smart မဖြစ်စေပါဘူး။ အချိန်မဆွဲပါနဲ့ဆိုတာ ပြောရလွယ်ပေမယ့် လုပ်ရအင်မတန်ခက်တယ်ဆိုတာ ကျွန်တော်လည်း သိပါတယ်။

ဒါပေမယ့် အချိန်ဆွဲ၊ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့၊ စောသည်၊ ဆာသည်၊ ပြည့်အင့်သည်၊ ပူသည်၊ အေးသည်၊ နောက်ကျသည်ဆိုတဲ့ ပျင်းရိခြင်းအကြောင်း () ပါးပြပြီး ခင်ဗျားအချိန်တွေဆွဲနေတာဟာ လက်ရှိလုပ်မယ့် အလုပ်တွေတင် မပြီးတာ မဟုတ်ဘဲ ခင်ဗျားဘဝရဲ့ Career ကိုပါ ဖျက်ဆီးသွားနိုင်ပါတယ်။

ဒါကြောင့် ဒီအကျင့်ကို စောစောပြင်လေ၊ ကောင်းလေ၊ ဖြစ်နိုင်ရင် ထပ်အချိန်မဆွဲဘဲ အခုပဲ တိုက်ထုတ်ပါ။

 

၅။ တစ်ချိန်တည်းမှာ အလုပ်အများကြီး တပြိုင်တည်း လုပ်တာမျိုးကို ရှောင်ပါ

ကျွန်တော်လည်း ငယ်ငယ်က ဂျင်းမိဖူးတာပဲ။ ထမင်းစားရင်း ဂိမ်းဆော့နိုင်တဲ့ကောင်၊ TV ကြည့်ရင်း စာကျက်နိုင်တဲ့ မမ၊ ကျွန်တော်အားလုံးကို အားကျခဲ့တာပေါ့။ အလုပ် ၂ ခုတပြိုင်တည်း ပြီးတယ်လေ၊ အချိန်ကုန်သက်သာတယ်ဆိုပြီး။ အသက်တွေ ကြီးလာ၊ ကိုယ်ကိုယ်တိုင် အလုပ် ၂ခု၊ ၃ ခုတပြိုင်တည်း လုပ်ကြည့်မှ ဒီလို လုပ်တာဟာ အထင်ကြီးစရာ မကောင်းမှန်းသိလာတာ ဖြစ်ပါတယ်။

ကျွန်တော်ပြောတာကို ယုံပါလို့ ပြောမယ့် အစား သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပါ၊ တစ်ကြိမ်မှာ အကြောင်းအရာတစ်ခု၊ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ပြီး လုပ်ကြည့်ပါ။ အလုပ်ပြီးနိုင်စွမ်းတက်လာတာကို သင်ကိုယ်တိုင်တွေ့ရမှာပါ။

TV ကြည့်ရင်း စာကျက်ရင် စာလည်း ကောင်းကောင်းမမှတ်မိသလို TV ဇာတ်လမ်းကိုလည်း သေချာမခံစားနိုင်ပါဘူး။ ဒီလိုပြောတာတွေဟာ တက်ကျမ်းတွေက ပြောထားလို့ လိုက်ပြောတာထက် ကျွန်တော်ကိုယ်တွေ့ စမ်းကြည့်ထားတဲ့ အရာတွေမို့ပါ။

ဒီလို တစ်ကြိမ်မှာ တစ်ခု အာရုံစိုက်တိုင်း ကျွန်တော်ကြုံရတဲ့ နောက်အခက်အခဲတစ်ခုကိုလည်း ကြုံတုန်း မျှဝေချင်ပါတယ်။ ကျွန်တော်က အရမ်းစိတ်ပျံ့လွင့်လွယ်ပါတယ်။

ဖုန်းက Noti အသံလေးကြားတာနဲ့ ဖုန်းကို ကောက်ကိုင်ပြီး ဘယ်သူ့ဆီကလဲ၊ ဘယ်ကလဲ စပ်စုချင်တယ်။ သီချင်းလေး လာရင် လိုက်ညည်းမိတာကနေစပြီး ဒီသီချင်းဘယ်သူရေးလဲဆိုတာအထိ လိုက်တွေးတတ်တယ်။ဒါကြောင့် အလုပ်သေချာလုပ်မယ်ဆိုရင် အနှောက်အယှက်ကင်းတဲ့ ပတ်ဝန်းကျင်မှာ သေချာထိုင်လုပ်တာ ကောင်းပါတယ်။

 နောက်ဆုံး ပတ်ဝန်းကျင်က အခြေအနေမပေးရင်တောင် ကိုယ်ကိုယ်တိုင် ဖန်တီးရမှာပါ။ ဖုန်းကို Silent လုပ်ထားပါ၊ လူရှင်းတဲ့နေရာရှာပါ။ ဒီလိုမျိုး အလုပ်လုပ်သင့်ပါတယ်။

 

၆။ အနားယူပါ

အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ လူဆိုတော့ အနားယူဖို့ဆိုတာက သေချာပေါက်လိုအပ်တဲ့အရာပါ။ စိတ်ကလည်း မပျံ့လွင့်အောင် သေချာစုစည်းပြီး လုပ်ထားတယ်ဆိုတော့ စိတ်ပင်ပန်းမှုကြီးပါတယ်။

ဒါကြောင့် အလုပ်တစ်ဖြတ်နဲ့ တစ်ဖြတ်ကြား ၁၀ မိနစ် -၁၅ မိနစ်လောက် အနားယူပါ။ အကြောလေးဘာလေးဆန့်၊ လမ်းလေးလျှောက်၊ လုပ်ဖော်ကိုင်ဘက် ဒါမှမဟုတ် မိသားစုနဲ့ ခဏအချိန်သွားဖြုန်းလိုက်ပေါ့။

 

၇။ ငြင်းပယ်တတ်ပါစေ

ကိုယ်က အလုပ်တော့ လုပ်နိုင်ပါရဲ့၊ ဒါမယ့် ရှိသမျှ အလုပ်တွေကို အားနာလို့ ဖြစ်ဖြစ်၊ လောဘကြီးလို့ ဖြစ်ဖြစ် ဆက်ဆက်ပြီး လက်ခံနေမယ်ဆိုရင် သင့် ကို သင် သိပ်ရက်စက်ရာကျပါတယ်။ ဒါကြောင့် ကိုယ်တကယ်မနိုင်တော့ဘူးဆိုရင် “No” လို့ ပြောတတ်အောင် ကျင့်ပါ။ တစ်ယောက်ယောက်က အလုပ်တစ်ခုခိုင်းတိုင်း ကိုယ့်ရဲ့ To do list ကို ပြန်ကြည့်ပြီးမှ လက်ခံပါ။

အပေါ်ကအချက်တွေကတော့ အချိန်ကို စီမံခန့်ခွဲရာမှာ လက်တွေ့အကျဆုံးအချက်တွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ အရေးကြီးဆုံး လုပ်ရမယ့်အရာတွေလည်း သိပြီ၊ ဘယ်နေ့ ပြီးအောင် လုပ်ရမယ်ဆိုတာလည်း သိပြီ၊ အချိန်လည်း မဆွဲဘူး၊ အခုထလုပ်မယ်၊ လုပ်နိုင်တာထက် ပိုပြီးလည်း လက်မခံဘူးဆိုရင် သင်အခုခေါင်းခဲနေတဲ့ အလုပ်တွေ များသလောက် အချိန်မလောက်တဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

Credit; Akhayar

Read times Last modified on Monday, 17 February 2020 16:09
Rate this articles
(1 Vote)