ကျွန်တော်တို့အားလုံးဟာ ဘဝမှာ အောင်မြင်မှုကိုယ်စီလိုချင်ကြပါတယ်။
ဖြစ်တည်လာတဲ့ စိတ်အားထက်သန်မှုတွေ၊ ဝါသနာတွေကနေ မက်ခဲ့တဲ့အိပ်မက်တွေကို အကောင်ထည်ဖော်ချင်ကြတယ်။ တော်ရုံစိတ်ပျက်တတ်တဲ့အကျင့်၊ လက်လျော့တတ်တဲ့အကျင့်နဲ့ဆို အောင်မြင်မှုအသီးပွင့်ကိုခံစားနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အောင်မြင်မှုလမ်းကိုလျှောက်လှမ်းတဲ့အခါ ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်လဲ ဆိုတာ အောင်မြင်သူများကိုယ်တိုင်မှ တစ်ဆင့်ပြန်လည်မျှဝေလိုက်တဲ့ ဘဝအတွေအကြုံတွေကို ဝေမျှပေးလိုက်ပါတယ်။
ဘာကြောင့် ကျွန်တော်တို့ကျရှုံးလဲ ?
ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ အစပါ။ ကျရှုံးမှုဆိုတာရှိမှ အောင်မြင်မှုဆိုတာကိုလည်း တန်ဖိုးထားနိုင်မှာပေါ့။ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်တစ်ခုရောက်ရှိဖို့ စိတ်နေစိတ်ထားတွေ အများကြီးပြင်ဆင်ရပါတယ်။
ဘယ်လောက်ထိ အောင်မြင်ချင်လဲဆိုတာလည်း ကိုယ့်ရဲ့စိတ်အပေါ်မှာပဲမူတည်တယ်။
ကိုယ်ကြိုးစားပြီးလုပ်လိုက်တဲ့ အရာတစ်ခု ကျရှုံးသွားတဲ့အခါ မခံချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ အဲ့ဒီအချိန်မှာ မဖြစ်ဖြစ်အောင်ပြန်လုပ်မယ်ဆိုတဲ့ စိတ်ကိုရအောင်မွေးရမယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်က တဖြည်းဖြည်းကြီးထွားလာတဲ့အခါ စိတ်အားထက်သန်မှုနဲ့ မလျော့သောဇွဲကြောင့် အချိန်တန်ရင် ရလဒ်ကောင်းကိုတွေ့ရပါလိမ့်မယ်။
အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ ဘယ်လိုအတွေးမြင်တွေထားသင့်လဲ?
အဆိုးမြင်စိတ်နဲ့ ကင်းကင်းနေပါ ။ ဘဝမှာအောင်မြင်ချင်ရင် အဆိုးမြင်စိတ်တွေကို တတ်နိုင်သလောက်လျော့ရပါမယ်။ လူ့စိတ်ဟာ ကောင်းတလှည့် ၊ ဆိုးတလှည့်ဆိုတာ သဘာဝပေမယ့် အရာရာတိုင်းကို အဆိုးမြင်စိတ်ရှိနေရင် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။
အောင်မြင်တယ်ဆိုတာ ဒီနေရာမှာ ပိုက်ဆံရှိပြီး အရမ်းကြီးချမ်းသာနေတာမျိုးမဟုတ်ပဲ စိတ်ဓာတ်ရေးရာ၊ လူမှုရေးရာမှာကော အောင်မြင်ဖို့လိုတာကိုပြောတာပါ။
ပိုက်ဆံရှိပြီး စိတ်ဓာတ်မကောင်းရင် ဒီအောင်မြင်မှုတွေဟာလည်း ကြာရှည်မခံနိုင်ပါဘူး။ အဆိုးမြင်စိတ်နဲ့ ရှေ့ဆက်လို့မဖြစ်ပါ ။
စိတ်အခန့်မသင့်စရာ တစ်ခုတစ်စုံကြုံလာခဲ့ရင်တောင် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို အကြောင်းရင်းသေချာသိအောင်လုပ်နိုင်ဖို့လိုပါတယ်။ သိခဲ့ရင်လည်း ကိစ္စသေးသေး မွားမွားလေတွေဆိုရင် ခွင့်လွှတ်တတ်ရမယ်။ သဘောထားကြီးမှ ဒီလမ်းကို သင်လျှောက်နိုင်မယ်။
လေ့လာမှုများအရ စိတ်အားငယ်၊ တုန်လှုပ် ခြောက်ခြားနေရင် ကိုယ်စိုးရိမ်နေတဲ့ ပြဿနာတွေ တကယ်ရောက်လာတတ်ပါတယ်။
မကောင်းတဲ့ စိတ် ၊ မကောင်းတဲ့ အတွေးတွေနဲ့ မကောင်းတဲ့ဖြစ်စဉ်တွေကို ကိုယ်,ကိုယ်တိုင်က ဖိတ်ခေါ်နေသလိုပဲ။ စိတ်ချမ်းသာရဖို့ မရှိပါဘူး။
စိတ်ကိုမှမပြင်နိုင်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်တစ်ခုကို ရောက်နိုင်မှာမဟုတ်ပါ။ စိတ်ဓာတ်ကျဆင်းမှုကြောင့် ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေ ဘယ်လောက်ထိ ထိခိုက်မှုရှိနေလဲဆိုတာကို သုတေသန မှတ်တမ်းများနဲ့တကွ ပြုစုရေးသားခဲ့တာတွေလည်းရှိပါတယ်။
မကောင်းမြင်စိတ်ကြောင့် ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေဆုံးရှုံးပြီး အောင်မြင်မှုပန်းတိုင်ဆီ သွားနေတဲ့ပြေးအားတွေ လျော့နည်းစေပါတယ်။
ဒါကြောင့် ပန်းတိုင်တစ်ခုဆီသွားတဲ့အခါ ကျွန်တော်တို့ရဲ့အတွေးအမြင်တွေဟာ သိပ်အရေးကြီးပါတယ်။ အဆိုးမြင်စိတ်တွေကို ဖယ်ထုတ်၊ ကောင်းတဲ့အတွေး၊ အမြင်တွေကို သေချာစိုက်ပျိုး ပြီး တစ်နေ့မှာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေဟာ အနာဂတ်နဲ့အတူ ထွန်းလင်းတောက်ပနေပါလိမ့်မယ်။
source; trend.com.mm