×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 23 July 2018

စိတ်ရှည်ဖို့နဲ့ ဇွဲရှိဖို့ဆိုတာ

စိတ်ရှည်ဖို့နဲ့ ဇွဲရှိဖို့ဆိုတာ google.com

အခုခေတ် လူငယ်တွေဟာ စိတ်မရှည်ကြတော့ဘူး။ ဒီလို ရေးလိုက်လို့ အပြစ်တင် မစောစေချင်ပါ။ စာရေးသူ ဘာဆိုလိုချင်တယ်ဆိုတာ ရှင်းပြပါမယ်။

မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကြည့်တဲ့အခါ အင်တာနက်လိုင်း မမိလို့ ဖုန်းမှန်သားပြင်မှာ စက်ဝိုင်းလေးတလည်လည် ဖြစ်နေရင် စိတ်မရှည်ချင်တော့ဘူး။ အင်တာနက်နဲ့ ဖိုင်တစ်ခုကို download ဒေါင်းလုပ်ဆွဲတာ အချိန်အတော်ကြာနေရင် မစောင့်ချင်တော့ဘူး။ တက္ကစီစီးဖို့ စောင့်နေတာ ၁၀ မိနစ်လောက်ကြာရင် စိတ်တိုပြီး ဒေါသ ဖြစ်နေပြီ။ အရာရာတိုင်းဟာ လျှင်လျှင်မြန်မြန် ဖြစ်ပျက်နေကြတဲ့ ဒီခေတ်ကြီးမှာ လူတွေဟာ စောင့်ရတဲ့ အလုပ်ကို စိတ်မရှည်ကြတော့ပါဘူး။


ဒါပေမဲ့ အရာရာကို အခုချက်ခြင်း ရချင်တယ်၊ အခုပဲ ဖြစ်ချင်တယ်၊ စိတ်မရှည်ဘူးဆိုတဲ့ အကျင့်ဟာ အလွန်အန္တရာယ်များပါတယ်။ ဘာကြောင့် ခုလို ပြောရတာလဲ။ ဘာမဆို ချက်ခြင်း လိုချင်၊ ရယူချင်သူဟာ ပညာတစ်ခုကို အချိန်ကြာကြာ ဇွဲရှိရှိ စနစ်တကျ သင်ယူချင်စိတ် နည်းပါးသွားတတ်ကြတယ်။ ကြီးပွားချမ်းသာတာကို ရေရှည်ကြိုးစားပြီး ရယူရမယ့်အစား ဖြတ်လမ်းကနေ မြန်မြန်ထက်ထက် ရချင်လာတယ်။ ဖြတ်လမ်းနဲ့ ကြီးပွားဖို့ လောင်းကစားလုပ်လာမယ်။ မရိုးမသား လိမ်လည်တာ လုပ်လာမယ်။ နောက်ဆုံး ခိုးဆိုးလုယက် ဓါးပြတိုက်တာတွေတောင် လုပ်လာနိုင်တယ်။


အောင်မြင်ကြီးပွားသူတွေဟာ အောင်မြင်မှုကို လွယ်လွယ်ကူကူ ဖြတ်လမ်းနဲ့ ရခဲ့ကြတာ မဟုတ်ပါဘူး။ ခရီးရှည်ကြီး ချီတက်ကြသလို လမ်းတစ်လျှောက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်ရှည်ရှည် ဇွဲရှိရှိနဲ့ ဖြတ်ကျော်ခဲ့ပြီးမှ သူတို့ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ခဲ့ကြတာပါ။ အခု ပြောတာမှန်၊ မမှန်ဆိုတာ သေချာသိရအောင် အောက်မှာ ရေးထားတာတွေကို ဖတ်ကြည့်လိုက်ရအောင်...


အေဘရာဟမ်လင်ကွန်း

လင်ကွန်းဟာ နှစ်ပေါင်း ၃၀ နီးပါး ကြာအောင် နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့ပြီး ရွေးကောက်ပွဲတွေမှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးတယ်။ ရှုံးနိမ့်သွားတိုင်း စိတ်မပျက် လက်မလျှော့ဘဲ ရွေးကောက်ပွဲတွေမှာ ထပ်မံယှဉ်ပြိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတကြီး ဖြစ်လာခဲ့ပါတယ်။


စတီဖင်ကင်း

သဲထိပ်ရင်ဖို ဝတ္ထုရှည်ကြီးတွေရေးတဲ့ ကမ္ဘာကျော်စာရေးဆရာကြီးပါ။ သူ့ရဲ့ ပထမဆုံးရေးတဲ့ ဝတ္ထုရှည် “Carrie” ကယ်ရီကို စာအုပ်ထုတ်ဝေသူတွေဆီကို ပို့တယ်။ စာအုပ်ထုတ်ဝေသူပေါင်း ၃၀ ဆီက မကြိုက်ဘူးဆိုတဲ့ အဖြေပဲ ရနေတယ်။ သူဟာ စိတ်ပျက်ပြီး သူ့စာမူကို မီးလှုံတဲ့ မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အခန်းထဲက ထွက်သွားတယ်။ သူ့မိန်းမက မီးနည်းနည်းလောင်သွားတဲ့ စာမူကို ကမန်းကတန်း မီးဖိုထဲက ဆယ်လိုက်ရတယ်။ သူ့မိန်းမက ၃၁ ယောက်မြောက် ထုတ်ဝေသူဆီကို မီးလောင်နေတဲ့ စာမူကို ပို့လိုက်တယ်။ ထုတ်ဝေသူက ကြိုက်လို့ စာအုပ်ထုတ်လိုက်တာ ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး သဲထိပ်ရင်ဖို ဝတ္ထုစာအုပ် ဖြစ်လာခဲ့ပြီး စတီဖင်ကင်းဟာလည်း ကမ္ဘာကျော် သဲထိပ်ရင်ဖို ဝတ္ထုရေးဆရာကြီး ဖြစ်လာခဲ့တယ်။


ဂျေကေရောင်းလင်း

ဟယ်ရီပေါ်တာ ဝတ္ထုတွဲတွေ ရေးရင်း ဘီလျံနာသူဋ္ဌေးဖြစ်သွားတဲ့ အမျိုးသမီး စာရေးဆရာမပါ။ သူရဲ့ ပထမဆုံး ဟယ်ရီပေါ်တာဝတ္ထုကို စာအုပ်ထုတ်ဝေသူပေါင်း တစ်ဒါဇင်ကျော်က ငြင်းပယ်ခံခဲ့ရပြီးမှ ထုတ်ဝေသူတစ်ဦးက ထုတ်ဝေလိုက်တာ ကမ္ဘာအနှံ့ စာအုပ်တွေ သန်းချီရောင်းခဲ့ရတယ်။

 

Recommended for you - မန္တလာဒီဂရီကောလိပ်ဝင်ခွင့်


ဘီလ်ဂိတ်

Microsoft ဆော့ဖ်ဝဲနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီး ဖြစ်လာသူပါ။ သူဟာ Microsoft ကုမ္ပဏီကို ထူထောင်ပြီး ချက်ခြင်းချမ်းသာသွားတာ မဟုတ်ပါ။ သူနဲ့ သူငယ်ချင်းတစ်ယောက်တို့ဟာ Traf-O-Dat ဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး လမ်းပေါ်မှာ သွားနေတဲ့ ကားတွေရဲ့ ကားစီးရေ၊ ယာဉ်အမျိုးအစားတွေကို မှတ်သားတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတစ်ခုကို တီထွင်ပြီး ရောင်းချကြတယ်။ ဘယ်ကုမ္ပဏီကမှ သူတို့ဆော့ဖ်ဝဲကို မဝယ်ကြလို့ သူတို့ကုမ္ပဏီကို ပိတ်သိမ်းလိုက်ရတယ်။ သူတို့မှာ ရှိသမျှ ငွေတွေအားလုံး ရှုံးသွားတယ်။ ဘီလ်ဂိတ်ဟာ စိတ်မပျက်ဘဲ ဆက်ပြီး Microsoft ဆော့ဖ်ဝဲကို တီထွင်ပြီး အကြီးအကျယ် အောင်မြင်သွားတယ်။


ဝေါဒစ္စနေး

ကာတွန်းရုပ်ရှင်ဇာတ်ကောင်တွေနဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေးသမားဖြစ်လာသူပါ။ သူပထမဆုံးအလုပ်လုပ်တဲ့ သတင်းစာတိုက်က အလုပ်ဖြုတ်ခံရတယ်။ သူ့မှာ တီထွင်ဉာဏ်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ဒါနဲ့ ကာတွန်းရုပ်လေးတွေနဲ့ ရုပ်ရှင်ဖန်တီးဖို့ သူငယ်ချင်းတွေဆီက ဒေါ်လာတစ်သောင်းခွဲ ချေးငှားယူပြီး Laugh-O-Gram Films ကုမ္ပဏီကို ထူထောင်လိုက်တယ်။ သူ ဝါသနာပါတဲ့ အလုပ်ဖြစ်တယ်။ ဘယ်ကုမ္ပဏီကမှ သူ့ကာတွန်းရုပ်ရှင်ကို စိတ်မဝင်စားကြလို့ ကုမ္ပဏီကို ပိတ်လိုက်ရတယ်။ ပိုက်ဆံတွေ ရှုံးသွားတယ်။ သူများဆီက ယူထားတဲ့ အကြွေးတွေကို မဆပ်နိုင်လို့ အကြိမ်ကြိမ် ဒေဝါလီခံရတယ်။ နောက်ဆုံး “စနိုးဝိုက်နဲ့ လူပုလေး ၇ ယောက်” ကာတွန်းရုပ်ရှင်ကျမှ ကမ္ဘာအနှံ့ ကျော်ကြားအောင်မြင်သွားသလို သူလည်း မီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်သွားပါတယ်။


ကာနယ်ဆင်းဒါး

KFC အမေရိကန် ကြက်သားကြော်ဆိုင်များရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခံရသူပါ။ သူဟာ အသက် ၆၀ ကျော်လို့ စစ်တပ်က ပင်စင်ယူပြီးချိန်မှာ သူသိတဲ့ ကြက်သားကြော်နည်းကို အမေရိကန်နိုင်ငံအနှံ့က စားသောက်ဆိုင်ပေါင်း တစ်ထောင်ကျော်ကို သူကိုယ်တိုင် ကားမောင်းပြီး ဝယ်ဖို့ လိုက်စပ်တယ်။ ဆိုင်တွေ အားလုံးက မဝယ်ကြပါဘူး။ အဲဒီလို တစ်နှစ်ကျော် လိုက်စပ်ပြီး နောက်ဆုံးကျမှ စားသောက်ဆိုင်တစ်ဆိုင်က သူနည်းကို ဝယ်လိုက်လို့ ယနေ့ ကမ္ဘာတလွှားမှာ KFC ဆိုင်ပေါင်းများစွာ ပေါ်လာခဲ့သလို ကာနယ်ဆင်းဒါးလည်း သန်းကြွယ်သူဋ္ဌေးတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။


ရေးပြရမယ်ဆိုရင် အဲဒီလို စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ လုပ်ရင်း အောင်မြင်ကြီးပွားသွားသူတွေ အများကြီးပါ။

အဓိက ပြောပြချင်တာက အောင်မြင်ကြီးပွားတယ်ဆိုတာ အခု ရေတွင်းတူး အခု ရေကြည်သောက်လို့ ရတာမျိုး မဟုတ်ပါ။ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ခရီးရှည်ကြီး တစ်ခုကို ချီတက်သလို သွားနေရတယ်။ လမ်းတလျှောက်မှာ အခက်အခဲ၊ ဒုက္ခ၊ အဆင်မပြေမှု၊ ရှုံးနိမ့်မှုတွေနဲ့ တွေ့ရမယ်။ အဲဒါတွေကို စိတ်မပျက်ဘဲ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်နိုင်မှသာ လိုချင်တဲ့ ပန်းတိုင်ခရီးကို မလွဲမသွေ ရောက်မယ်ဆိုတာကို စွဲစွဲမြဲမြဲ မှတ်ထားစေချင်ပါတယ်။


အောင်မြင်မှု ရဖို့ဆိုတာ သစ်ပင်တစ်ပင် စိုက်ရသလိုပါပဲ။ ဒီနေ့ မျိုးစေ့လေးကို မြေကြီးထဲ ကြဲလိုက်ပြီး ရေလောင်းလိုက်ရင် နောက်နေ့ အပင်ကြီးပေါက် အသီးတွေသီးလာတာ မဟုတ်ပါဘူး။ အပင်ပေါက်လေး ဖြစ်လာအောင် စိတ်ရှည်ရှည်နဲ့ နေ့စဉ် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာထည့်၊ နေရောင်ခြည်ရအောင် လုပ်ပေးရင်းနဲ့ အချိန်တန်မှ အသီးအပွင့်တွေ ဝေဆာနေတဲ့ အပင်ကြီး ဖြစ်လာမှာပါ။


ဒါကြောင့် သင် အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် စိတ်ရှည်ဖို့၊ ဇွဲရှိဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။

 

Recommended for you - သင့်ကွန်ပျူတာ လုပ်ဆောင်မှုမြန်ဆန်လာစေရန် နည်းလမ်းများ

 

Recommended for you - မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ အချိန်ပိုင်းသင်တန်းများ ခေါ်ယူခြင်း

 

Credit; jobs4u

Read times Last modified on Friday, 10 January 2020 11:03
Rate this articles
(1 Vote)