×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 07 May 2019

"ကိုက်အောင် လုပ်ကြမယ်"

"ကိုက်အောင် လုပ်ကြမယ်" facebook

နယ်က ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ ဘွဲ့ရ အရောင်းစာရေး တစ်ယောက်ပါ။

အဆောင်နေပြီးထမင်းကို ဝယ်စားရပါတယ်။ လစာ ၁၅၀၀၀၀ ဆိုတော့ တစ်ရက် ၅၀၀၀ ဝင်ငွေရှိပါတယ်။

တစ်နေ့တာကုန်ကျစရိတ်က - ကား ၂ ဆင့်စီးတာ အသွားအပြန်= ၈၀၀, မနက်စာ= ၃၀၀, နေ့လည်စာ+ ညစာ= ၂၀၀၀, အဆောင်နေခ တစ်ရက် ၁၀၀၀ ဆိုတော့ တစ်ရက် ၉၀၀ ကျန်ပါတယ်။ တစ်ရက် ၉၀၀ မို့တစ်လ ၂၇၀၀၀ ကျန်မယ် မထင်ပါနဲ့။

ဖုန်းဘီလ်။ ဆပ်ပြာမှုန့်။တကိုယ်ရေသုံး အသုံးစရိတ်တွေကြောင့် ကိုယ်ရှာတာနဲ့ ကိုယ်သုံးတာကွက်တိပါပဲ။ ဒါကြောင့် သူငယ်ချင်းတွေက နင့်လစာနည်းလိုက်တာလို့ အလုပ်မလုပ်ကြပါဘူး။ မကိုက်ပါဘူးလို့ပြောကြပါတယ်။

မကိုက်လို့အလုပ်မလုပ်ရင် ကိုယ့်အသုံးစားရိတ်က ရပ်နေတာမဟုတ်တော့ ရရာအလုပ်ပဲစ လုပ်ခဲ့ရပါတယ်။

တစ်ရက်အလုပ်မဆင်းပဲ နေရင်လည်း နေ့စဉ်အသုံးစရိတ်က မကုန်ပဲနေတာ မဟုတ်တော့ နေ့တိုင်းအလုပ်ဆင်းနိုင်ဖို့ ကျန်းမာရေးဂရုစိုက်ရပါတယ်။ 
တစ်နေ့တစ်နေ့ ကိုယ်ရောင်းတဲ့ ပစ္စည်းစာရင်း အဝင်အထွက် လုပ်ရင်း စာရင်းသဘောနားလည်လာပါတယ်။ 
ကိုယ့်ဆီ လာတဲ့ ဈေးဝယ်တွေနဲ့ စကားပြောရင်းသူစိမ်းကို အလုပ်စကားပြောတဲ့ နည်းတွေ သိလာပါတယ်။ 
ဘဝတူ လုပ်ဖော်ကိုင်ဖက်တွေ ရလာတော့ သူငယ်ချင်းတွေ များလာပါတယ်။ 
ကိုယ်ရောင်းနေတဲ့ ပစ္စည်းတွေက ဘယ်ကနေ ဆိုင်ကို ရောက်လာတာလဲ။ ဘယ်သူတွေက ထုတ်လုပ်ထားတာလဲ ဆိုတာကို ကျွမ်းကျင်လာတော့ ဈေးနှုန်းသတ်မှတ်တာကို သဘောပေါက်လာပါတယ်။ 
အဆောင်မှာနေတဲ့အတွက် - နေစရာရဲ့ အရိပ်ရဲ့ တန်ဖိုးကို လက်တွေ့ခံစားတတ်လာပါတယ်။

နားလည်တတ်ကျွမ်းလာတဲ့အခါ လုပ်ငန်းခွင်ဟာ ပျော်စရာကောင်းလှပါတယ်။ ကိုယ်ရောင်းရမယ့် ပစ္စည်းတစ်ခုကို ဝယ်သူဝယ်ချင်လာအောင် ဆွဲဆောင်ရတဲ့အခါ မှာ မျက်နှာအနေအထား။ လေယူလေသိမ်းနဲ့ ဝန်ဆောင်မှုပေးရတာလည်း ပညာတစ်ရပ်ပါလားလို့ လက်တွေ့သင်ယူလာရင်း ၆ လအကြာမှာ ကျွန်မ လစာ ၁၈၀၀၀၀ ဖြစ်လာခဲ့တယ်။ နားရက်ကလည်း တစ်ပတ်ကို တစ်ရက် ရခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ က အခု တစ်ရက်ကို အနည်းဆုံး ပစ္စည်း အရေအတွက်၂၀ တာဝန်ယူ ရောင်းချနိုင်တဲ့ အရောင်းကြီးကြပ်ရေးမှူးမို့ပေါ့။

အခုဆိုရင် ကျမရဲ့ တစ်ရက်ဝင်ငွေ ၆၀၀၀ နဲ့ ပိတ်ရက်မှာ အနားယူခွင့်ရခဲ့ပါတယ်။ အရင်ကလည်း အနားယူခဲ့သူမဟုတ်တော့ ပိတ်ရက်မှာ တစ်ရက် ၆၀၀၀ နှုန်းနဲ့ သန့်ရှင်းရေး။ အဝတ်လျှော် မီးပူတိုက်အလုပ်ကို လိုက်ရှာလုပ်ခဲ့ပါတယ်။ အဲဒီ အိမ်တွေက ထမင်းကျွေးတော့ ကျွန်မအတွက် တစ်နပ်စာ ၁၀၀၀ ထပ်သက်သာသေးတယ်။

ပထမဆုံး ကန်တော့ငွေအဖြစ် မိဘတွေဆီကို ငွေတသောင်းပြန်ပို့နိုင်တော့ မျက်ရည်တောင်ကျမိတယ်။ ကျမသူငယ်ချင်းတွေကတော့ ရန်ကုန်မှာ အလုပ်လုပ်ပြီး ၆ လကြာမှ ငွေ ၁၀၀၀၀ အိမ်ပြန်ပို့သူလို့ ဝိုင်းဟားကြပေမယ့် ကျမ ဂရုမစိုက်မိပါဘူး။ သူတို့ကဘွဲ့ရပြီး ကျမနဲ့ယှဉ်ရင် ၆ လကြာအောင် မိဘလုပ်စာထိုင်စားနေသူတွေလေ။ ကျမ အမေက နင့်ချွေးနှဲစာလေး ရွာဦးဘုန်းကြီးကို အလှူပေးလိုက်တယ်ဆိုတော့ အနည်းဆုံး သမီးပို့လာတဲ့ ငွေနဲ့ လှူနိုင်လို့ပီတိ ဖြစ်နေမယ့် အမေ့အပြုံးကို မြင်ယောင်နေမိတယ်။

ကျမ ဝင်ငွေအပိုမရှိတော့ သနပ်ခါးပဲ လိမ်းနိုင်ပါတယ်။ အကျီလည်း အသစ် မချုပ်နိုင်တော့ ယူနီဖောင်းကိုပဲ စွဲစွဲမြဲမြဲဝတ်ပါတယ်။ နောက်ဆုံး ဖိနပ်တောင်အကြာကြီးခံဖို့အကြမ်းခံတာပဲ ဦးစားပေးပါတယ်။ ဆိုင်ထမင်းဝယ်စားတာငြီးငွေ့ရင် လမ်းဘေးအသုတ်တို့ ပြောင်းဖူးပြုတ်တို့ မုန့်ဟင်းခါးတို့နဲ့အစားထိုးရပါတယ်။

အရောင်းစာရေးမ အဖြစ်ကျွမ်းကျင်လာတော့ ပိုဂုဏ်ရှိတယ် ယူဆရတဲ့ ကုမ္ပဏီ ဝန်ထမ်းဖြစ်ချင်လာခဲ့ တယ်။ ဘာပစ္စည်းကို ဘယ်လိုပြောရင် ရောင်းထွက်မယ် ဆိုတဲ့ ယုံကြည်မှုလည်းရှိလာတော့ ကျွန်မ အရောင်းကိုယ်စားလှယ် ဆိုတဲ့ ရာထူးနဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်လာခဲ့တယ်။ တစ်လကို ဘယ်နှစ်ခုရောင်းနိုင်ရင် အပိုဆုကြေးဘယ်လောက်ထပ်ရမယ်ဆိုတဲ့ မက်လုံးက လစာ ၂ သိန်းထက် ကျမကို ဆွဲဆောင်ထားပါတယ်။ တနေ့တနေ့ ဘယ်နေရာမှာ ဘယ်လို ပြောရောင်းမယ် စိတ်ကူးကလွဲလို့ တခြားဘာမှ မစဉ်းစားမိပါဘူး။

ပိုကောင်းတဲ့ အရောင်း စိတ်ကူးတွေရလာအောင် ပိတ်ရက်မှာ အခမဲ့ ကွန်ပြူတာအခြေခံသင်တန်းပြေးတက်တတ်လာသလို ညဘက်တွေမှာ အင်္ဂလိပ်စကားပြော စာအုပ်တွေ ဝယ်ဖတ်ခဲ့ပါတယ်။ နေပူ မိုးရွာ တာကို အပြစ်မမြင်တတ်တော့ Marketing ဆိုတဲ့ အလုပ်ကို ပိုမျက်စိကျလာမိပါတယ်။ အရင်ကတော့ ဘာလာလာရောင်းမယ့် အရောင်းသမား ကနေ ဈေးကွက်ရှာဖွေခြင်း အတတ်ပညာကို ပိုစိတ်ဝင်စားလာပါတယ်။

ဈေးကွက်ရှာဖွေခြင်းဆိုတာ လူတိုင်းတတ်ထားသင့်တဲ့ပညာ ပါလားဆိုတာကို နားလည်လာတော့ အရာရာကို လေ့လာမှတ်သားနိုင်မှ ဒီပညာကိုပြန်အသုံးချဖို့အဆင်ပြေမှာဆိုတာကိုပါ သိလာခဲ့ပါတယ်။ စာအုပ်တွေရှာဖွေဖတ်တယ်။ အတော်ဆုံး marketing သမားတွေရဲ့အတွေ့အကြုံဟောပြောပွဲတွေကိုလိုက်နားထောင်တယ်။ ကိုယ့်ထက် ဝါရင့်သူတွေကို မေးမြန်းစူးစမ်း ရင်း လက်တွေ့အသုံးချကြည့်တယ်။ ဒီအခါမှာ ကျွန်မက လစာ တစ်လ ၅ သိန်း နဲ့ traveling allowance လည်းထပ်ရတဲ့ marketing supervisor ဆိုတဲ့ရာထူးကို အင်တာဗျူး အောင်မြင်ခဲ့ပါတယ်။

အလုပ်လုပ်ရတာ အရမ်းပင်ပန်းပါတယ်။ စိတ်ဖိစီးမှုတွေလည်း ရှိပါတယ်။ ဒါကို ရှောင်ပြေးလည်း နောက်တကွေ့ထပ်တွေ့ရမှာပဲမို့ ရင်ဆိုင် ကျော်ဖြတ်ဖို့ နည်းလမ်းကိုသာ ရှာဖွေလိုက်ပါတယ်။ ရင်ဆိုင်ကျော်ဖြတ် ဖို့နည်းလမ်း အတွက် အတွေ့အကြုံနဲ့ပညာရှိဖို့တော့ တကယ်လိုအပ်ပါတယ်။

ကျွန်မအခု မနက် ၆ ခွဲက ၈ အထိကို ကားမောင်းသင်နေပါတယ်။ ကုမ္ပဏီကို အကျိုးအကြောင်းခွင့်တောင်းပြီး target ကို မှီအောင် ရောင်းပေးပါ့မယ် ကတိနဲ့ ညနေ ၅ နာရီက ၇ နာရီထိ MBA တက်နေပါတယ်။ marketing manager တစ်ယောက်ဝင်ငွေက ၂၅ သိန်းထိ ရှိတာကို သိလိုက်ရလို့ ဒီကုမ္ပဏီမှာ marketing manager ရာထူးအထိရောက်အောင် လည်း ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

သကြန်င်္ပိတ်ရက်မှာ ကျွန်မ မိဘတွေဆီ ပြန်ဖြစ်တယ်။ လစာ ၁ သိန်းခွဲရတာကို မကိုက်ဘူးဆိုတဲ့ သူငယ်ချင်းက အိမ်ထောင်ကျပြီး ကလေး ၂ ယောက်နဲ့ ကျွန်မကို ပြူးကြည့်နေခဲ့တယ်။ "မမှတ်မိလောက်အောင် လှလာတယ်နော် "တဲ့။ "အလုပ်လေး တစ်ခုလောက် လိုချင်လိုက်တာဟာ။ ယောကျားဆီ လက်ဖြန့်ရတာ မျက်နှာငယ်တယ် "တဲ့။ "အခုမှအလုပ်လုပ်ဖို့က ကလေးတဖက်နဲ့ဘာမှလည်းမလုပ်တတ်။ ဘယ်ကစ လုပ်ရမှန်းလဲ မသိတော့ပါဘူးဟာ " တဲ့။

ဟုတ်ပါတယ်။ အလုပ်လုပ်ရတာ ပထမ မကိုက်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ အလုပ်ကို ကိုက်လာအောင် လုပ်တတ်တဲ့ အရည်အချင်းရှိ ဖို့တော့ လိုအပ်တာပေါ့ရှင်။

ချစ်တဲ့ ကြည်ကြည်။

 

Crd: Kyi Kyi-ကြည် ကြည်

Read times Last modified on Tuesday, 17 March 2020 15:47
Rate this articles
(4 votes)