“လူတွေကိုရယ်အောင်လုပ်နေတဲ့
လူတယောက်ရဲ့နောက်မှာ
မျက်ရည်တွေပေးဆပ်ထားရတယ်။
ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်
ရတဲ့အလုပ်လောက်လောကမှာခက်
တာမရှိဘူး”
ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့ ၊အခြေအနေရော အချိန်အခါရောအဆိုးဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမှုကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်ရုန်းကုန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့စွန်စစ်တပ်ကချပေးထားတဲ့ ကျူးကျော်တွေအတွက်ရပ်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကုန်ထမ်းသမား ဆိုင်းဘုတ်စာလုံးရေးသူတစ်ယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေရေးကို မနည်းဖြေရှင်းရဖို့က တော်ရုံတော့မလွယ်ကူလှဘူး။
ဒီလိုနဲ့သူ့ ကိုမွေးပြီး၂နှစ်အကြာမှာပဲ ဖခင်ဖြစ်သူဟာအသက်ကြီးရတဲ့အထဲ အလုပ်ပင်ပန်းမှုဒဏ်တွေကြောင့် နာမကျန်းဖြစ်ရာကနေဆေးရုံကိုပို့ခဲ့ရပါတယ်။ ဆေးရုံရောက်ချိန်ဆေးဖိုးအတွက်မိခင်ဖြစ်သူဟာ လူမမယ်သမီး၂ယောက်လက်ကိုဆွဲပြီး အသိတွေအိမ်ပိုက်ဆံလိုက်ချေးနေချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာကွယ်လွန်သွားခဲ့ပါတယ်။ သားသမီး၅ယောက်နဲ့ယောကျာ်းသေသွားတဲ့မိန်းမအဖို့ကတော့ ကမ္ဘာပျက်တာကမှပိုခံသာဦးမယ်။ သူ့ အသက်၂နှစ်ပြည့်မွေးနေ့မှာပဲ ဖခင်ဖြစ်သူကွယ်လွန်ခဲ့တယ်။
သူကတော့တခြားသူမဟုတ်ဘူး။ ကျူးကျော်ရပ်ကွက်ကနေ မုဆိုးမမိခင်ရဲ့သားဘဝကနေ ကမ္ဘာ့ရုပ်ရှင်လောကရဲ့သြဇာအရှိဆုံးသရုပ်ဆောင် အယောက်၁၀၀ထဲ အာရှရုပ်ရှင်လောကရဲ့အတော်ဆုံးမင်းသား ၅ယောက်စာရင်းထဲကို ၂၁ရာစုမှာဝင်လာမယ့် ဂျက်လီဆိုတဲ့လူပါပဲ။
” သုညနဲ့စတာ ဝမ်းနည်းစရာလူ
မဟုတ်ဘူး။
သုညနဲ့စတယ်ဆိုပြီး
ထိုင်ငိုကြွေးနေမှ ဝမ်းနည်းစရာလူ”
ဂျက်လီ
” အဖေ့မျက်နှာကိုကျတော် မမှတ်မိဘူး။ အဖေဘယ်လိုလူမှန်းလဲ ကျတော်မသိဘူး။ ဒါပေမယ့်အဖေဟာကျတော့်အတွက်ကေိုယ်တိုင်မမြင်ဖူးပေမယ့်အမြဲရင်ထဲမှာကိန်းအောင်းနေတဲ့ဘုရားတစ်ဆူလိုပဲ။ ဒါတခြားလူတွေအတွက်တော့မနှိုင်းစရာလို့မြင်လိမ့်မယ်။ ကျတော့အတွက်တော့အဖေ့ဓာတ်ပုံက ဒုတိယဘုရားပါပဲ။ ”
ဂျက်လီသူ့ အသက်၆နှစ်မှာကျောင်းတက်ချင်ခဲ့လို့ အမေ့ကိုပူဆာရာက အမေခိုးငိုခဲ့တဲ့အဖြစ်ကိုမြင်ပြီး သူကျောင်းတက်ပါရစေအမေလို့ ဘယ်တော့မှမပြောခဲ့တော့ဘူး။ သူတို့ မိသားစုနေထိုင်တဲ့ကျူးကျော်တွေအဖျက်ခံရတော့ ရတဲ့လျော်ကြေးငွေတချို့နဲ့ ပေကျင်းတန်းလျားတစ်ခုမှာနေခွင့်ရခဲ့တယ်။ ရပ်ကွက်ထဲကစီးပွားရေးချောင်လည်တဲ့သူနဲ့သက်တူရွယ်တူသူငယ်ချင်းတွေ ကျောင်းဝတ်စုံဝတ်နေချိန် သူကဈေးထဲကဈေးသည်တွေကိုတောက်တိုမယ်ရဝယ်ပေးရတဲ့ကလေးတစ်ယောက်ဘဝကိုဖြတ်သန်းခဲ့ရတယ်။
ဒါပေမယ့် သူမညံ့ဘူး။ ရပ်ကွက်ထဲကစာသင်ဝိုင်းကိုသူအမြဲသွားနားထောင်တတ်သလို သူ့အသက် ၇နှစ်မှာ မူလတန်းဖတ်စာအုပ်အကုန်လုံးကိုသူအလွတ်ရနေပြီ။ သားဖြစ်သူစာတော်တာသိပေမယ့်မိခင်ဖြစ်သူဟာကျောင်းမထားနိုင်တဲ့အတွက် ရင်နာရတာကလွဲရင်ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါကြောင့်သူ့သားကိုဘာမှမလုပ်ပေးနိုင်မယ့်အစား ဘာသာရေးအဆုံးအမတွေကိုမိခင်ဖြစ်သူဟာညတိုင်းဖတ်ပြခဲ့ပါတယ်။
ဒါကြောင့်လဲသူဟာကျောင်းမနေရပေမယ့်ကျောင်းနေရတဲ့ကလေးတွေထက် ပိုသိပိုတော်ခဲ့တယ်။ သူကဟာသဥာဏ်လဲအရမ်းရွှင်တယ်။ သူကရပ်ကွက်ထဲမှာလူချစ်လူခင်ပေါသလို သူ့ရဲ့အမြဲပြုံးနေတတ်တဲ့သူ့မျက်နှာလေးကိုချစ်လို့ သူ့ကိုအမြဲစားစရာဝတ်စရာတွေပေးတတ်ကြတယ်။
ဒါကြောင့်လဲ သူ့မိသားစုဟာအစားအသောက်ချောင်လည်ခဲ့သလို မိခင်ဖြစ်သူရဲ့အပ်ချုပ်လို့ရတဲ့ငွေကလဲ အိမ်အတွက်အထောက်အကူဖြစ်ခဲ့တယ်။ သူကထူးခြားတယ်။ သူ့ထက်အင်အားကြီးတဲ့သူတွေ သူ့ကိုအနိုင်ကျင့်ရင်တောင်အပြုံးနဲ့အမြဲတုန့်ပြန်တတ်တယ်။ သူကျောင်းမနေရပေမယ့် သူ့ညီမတွေကိုကျောင်းတက်ခွင့်ရဖို့  အသက် ၁၀နှစ်ကောင်လေးကရုန်းကန်ခဲ့တယ်။ သူ့မောင်နှမတွေကျောင်းတက်ခဲ့ရတယ်။
သူမနေရပေမယ့် သူ့ညီမလေးတွေကျောင်းတက်ရလို့သူအမြဲပျော်ပြီး ရပ်ကွက်ထဲသူ့ညီမစာတော်တဲ့အကြောင်း အမြဲကြွားလုံးထုတ်တတ်တဲ့ ကိုလေလုံးပေါ့။ ဒီလိုသူပျော်နေလေ မိခင်ဖြစ်သူကခံစားရလေ နောက်ဆုံးသူ့ကိုမိခင်ဖြစ်သူက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုပို့ခဲ့ပါတော့တယ်။
” မိသားစုထက် နင့်ကိုယ်နင်လဲ ဘဝမှာပျော်အောင်ရုန်းကန်ရမယ်။ နင်လူတော်မဖြစ်ရင်တောင် လူဆိုးတစ်ယောက်တော့ငါအဖြစ်မခံနိုင်ဘူး။ နင့်အတွက်ပဲ နင်တွေးပါ။”” အမေ့ရဲ့ အဲ့ဒီအချိန်ကစကားကို ကျတော်ခုထပ်ထိမှတ်မိသေးတယ်။ မှတ်မှတ်ရရပေါ့ ကျတော်ဆရာတော်ဆီမရောက်ခင်ညမှာပေါ့။
အမေကသူငိုတာကိုသားသမီးတွေကိုဘယ်တော့မှမသိစေချင်တဲ့လူ သားသမီးတွေရှေ့မှာအမေကအမြဲတမ်းရှေ့တန်းကစစ်သူကြီးတစ်ယောက်လိုမျက်နှာထားနဲ့ပဲ ဆုံးမပေးတတ်တယ်ဗျ။ ကျတော်မြင်ဖူးသမျှမိန်းမထဲမှာ အမေကအရဲရင့်ဆုံးပါပဲဗျာ”။ သူဘုန်းကြီးကျောင်းကိုရောက်ချိန်မှာတော့ ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ကိုယ်ခံပညာကျောင်းကိုပါ သူတက်ခွင့်ရခဲ့တယ်။ ဒီကျောင်းကကောင်းတယ်။ သင်တန်းမှာတော်တဲ့ကလေးတွေရဲ့မိသားစုကိုပါ ထောက်ပံ့ပေးတယ်။
ဂျက်လီဟာသိုင်းပညာမှာ ငယ်စဉ်ထဲကထူးချွန်ခဲ့သလို သူ့လက်ဦးဆရာတော်ကြီးကပါ အံ့သြခဲ့ရတဲ့ကလေးတစ်ယောက်ပါ။ ၁၃နှစ်သားမှာ အလတ်တန်းသိုင်းကျမ်းစာအုပ် ၁၈ အုပ်ကိုသူတတ်ခဲ့ပြီ။ ဒါကကလေးတယာက်အဖို့တော်တော်မလွယ်တဲ့ကိစ္စကြီးပါ။
ညီမဖြစ်သူကိုကျောင်းကောင်းကောင်းပြောင်းထားချင်လို့ ဂျက်လီဟာ သိုင်းသင်တန်းကခွင့်မပြုတဲ့သိုင်းပြိုင်ပွဲတွေကိုဝင်ပြိုင်ခဲ့ပါတယ်။ သူဆုတွေရတယ်။ဒါကြောင့်လဲဆရာတော်ရဲ့ကြိမ်လုံးက သူ့အတွက်မိတ်ဆွေဖြစ်ခဲ့သလို ဆရာတော်ကမနိုင်တဲ့အဆုံးသိုင်းပြကွက်ပြိုင်ပွဲတွေကို ဂျက်လီအားဝင်ပြိုင်ခိုင်းစေခဲ့ပါတော့တယ်။ သူအဲ့မှာလဲဆုတွေရတယ်။ ဒါကြောင့်သူ့အသက် ၁၅ နှစ်မှာပဲ သိုင်းသင်တန်းကျောင်းရဲ့နည်းပြနေရာကိုအသက်ငယ်ငယ်နဲ့ပေးအပ်ခြင်းခံခဲ့ရပါတော့တယ်။
ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ဘုန်းကြီးကျောင်းကို ရုပ်ရှင်အဖွဲ့တွေလာရိုက်ကြတယ်။ နဂိုထဲက ဟာသဥာဏ်ရွှင်တဲ့ဂျက်လီက အပြေးအလွှားကြည့်ခဲ့တယ်။ သူဘာဖြစ်ချင်မှန်း သူ့ကိုယ်သူမသိတဲ့ဂျက်လီဟာ ဟာသသရုပ်ဆောင်တယောက်အိမ်မက်ကိုမက်ခဲ့ပါတော့တယ်။ သူဟာသမင်းသားအရမ်းဖြစ်ချင်ခဲ့ပြီ။ ချာလီချာပလင်နဲ့နေးမတ်ကိုအရမ်းရူးသွပ်တဲ့သူက ရုပ်ရှင်ပိုးထည့်ပေးဖို့ ဒီရိုက်ကွင်းကစတင်ခဲ့ပါတော့တယ်။
ဒီအချိန်မှာဟောင်ကောင်မှာ သူအရမ်းအားကျတဲ့သူတယောက်ကလဲ လူမသိသူမသိနေရာကနေဟာသအက်ရှင်လေးတွေပါနေရပြီ။ သူအားကျတဲ့သူကကတော့တခြားသူမဟုတ်ဘူး ဂျက်ကီချမ်းဆိုတဲ့ရိုက်ကွင်းကတောက်တိုမယ်ရကောင်အဆင့်ပဲရှိသေးတဲ့သူပါပဲ။ ဂျက်ကီချမ်းဆိုတာဘာကောင်မှန်းလူတွေမသိသေးခင်အတိုအစဘဝထဲကဂျက်ကီချမ်းက ဂျက်လီရဲ့ Idol တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲဂျက်လီဟာ ရုပ်ရှင်လောကထဲကိုတိုးဖို့ ဆရာတော်နဲ့မိခင်အတွက်စာတစ်စောင်ချန်ပြီး ဘုန်းကြီးကျောင်းကနေခိုးထွက်ခဲ့ပါတော့တယ်။
” အမေ သားအတွက်မစိုးရိမ်ပါနဲ့ သားဘာဖြစ်ချင်လဲသိပြီ။ အမေပြောတဲ့လူကောင်းတယောက်ဖြစ်တဲ့တနေ့ အမေ့ကိုကျတော်လာရှာပါ့မယ်” ဒီစာလေးဟာယနေ့အချိန်ထိ အမေရိကကဂျက်လီရဲ့နေအိမ်မှာကပ်ထားဆဲပါ။ သူစပြီးရောက်လာတာက ဟောင်ကောင်မြို့ပေါ်။ သူဘာလုပ်လဲဆို ရုပ်ရှင်အဖွဲ့တစ်ခုကစက်အထမ်းသမားဒီကနေ စတန့်အစားထိုးသမားတစ်ယောက်အဖြစ်သူနေရာရလာခဲ့တယ်။
သူ့ရဲ့ Talent ကိုမြင်သွားတဲ့သူက သိုင်းကားတွေရိုက်တဲ့ချောင်ရှီရန်ဆိုတဲ့ ဒါရိုက်တာတယောက်။ ဒီအချိန်မှာ သူ့အသက် ၁၇ပဲရှိသေးတယ်။ ဒီလိုနဲ့ ဗီဒီယိုကား ၂ကားကိုသူနဲ့ရိုက်ခဲ့တယ်။ ဒါပေမယ့် ရာဇဝင်ကား။ လူမသိပဲပြီးသွားတယ်။ ဒါပေမယ့်ချောင်ရှီရန်က ဇွဲမလျှော့ဘူး။ ဘာကြောင့်လဲဆို သူ့ကိုကန်ထုတ်လိုက်ပြီး တခြားဒါရိုက်တာတယောက်နဲ့မင်းသားတယောက်ကိုနေရာပေးခဲ့တဲ့ Shoungshim ဆိုတဲ့ထုတ်လုပ်ရေးကို သူအနိုင်ရချင်တယ်။ ဒါကြောင့်ဂျက်လီကိုပဲ သူမင်းသားတယောက်အဖြစ်တင်ပြီး The Shaolin Temple ဆိုတဲ့ကားကိုရိုက်ပါတော့တယ်။
ဒါကဂျက်လီရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်လာသလို ဟောင်ကောင်ဒေါ်လာ ၁၇သန်းအထိရခဲ့တဲ့ ရှောင်လင်သိုင်းကားပါပဲ။ ဒီကားဟာဟောင်ကောင် Film ဆု ၂ဆုရခဲ့သလို ဘယ်မင်းသားမှရိုက်ဖို့ငြင်းဆန်ထားတဲ့ ပင်ပန်းလွန်းတဲ့သိုင်းကားပါ။ ဒါပေမယ့် ဂျက်လီနဲ့ရိုက်ခဲ့ချိန်မှာတော့ နာမည်ကြီးထုတ်လုပ်ရေးတွေက ဟာခနဲဟင်ခနဲဖြစ်ခဲ့ရပါတယ်။ ဒီကားရိုက်တော့ ဂျက်လီအသက် ၁၉နှစ်ပဲရှိပါသေးတယ်။ ဒီသတင်းကတရုတ်ပြည်မကြီးအထိတက်ခဲ့သလို မိခင်ဖြစ်သူဟာလဲအံ့သြခဲ့ရပါတယ်။ ဒီကားကရတဲ့ငွေနဲ့ မိခင်ဖြစ်သူကို TV တစ်လုံးဝယ်ပေးခဲ့သလို အိမ်ခန်းခအကြွေးတွေကိုလဲ သူဆပ်ပေးနိုင်ခဲ့ပါတယ်။
” ဘာဖြစ်လာမှန်းမသိတာကို
ကြိုတွေးပြီးကြောက်နေတာ
ထက်စာရင် အဆိုးဆုံးဖြစ်လာမှာ
တွေကိုစာရွက်ပေါ်ချရေးပြီး
ရင်ဆိုင်လိုက်ပါ။ ”
ဂျက်လီ
ဒီကားအပြီးမှာပဲ ချောင်ရှီရန်ကဂျက်လီကို ဒုတိယကားဆက်ရိုက်ဖို့လုပ်ပြန်တယ်။ ဂျက်လီက ဟာသမင်းသားပဲဖြစ်ချင်တာ။ ဒါပေမယ့် သူရတဲ့နေရာကနေ ဘယ်လို character ဖြစ်ဖြစ်သရုပ်ဆောင်နိုင်ရမယ်လို့ သူ့ဆရာချောင်ရှီရန်ကအမြဲဆုံးမလေ့ရှိတယ်။
Recommended for you - YUFL ပထမနှစ်သင်တန်း လူတွေ့နှုတ်ဖြေစာမေးပွဲကို၂၅-၇-၂၀၁၈ ရက်နေ့ စတင်မည်
” မင်းသားဖြစ်ဖို့ကလွယ်တယ်
သရုပ်ဆောင်ဖြစ်ဖို့ကခက်တယ်။
ပိုက်ဆံ+ရုပ်+အဓိကနေရာ
ဒီ၃ခုပေါင်းရင်မင်းသားဖြစ်နိုင်
ပေမယ့် သရုပ်ဆောင်ဖြစ်ဖို့က
တော့ဒီထက်အဆ၁၀၀မကတဲ့
အချက်တွေလိုအပ်တယ်။
မင်းသားတွေပေါတဲ့ခေတ်မှာ
သရုပ်ဆောင်တယောက်ပဲဖြစ်
ချင်ပါသား”
ချောင်ရှီရန်
” ဒီစကားက ကျတော်ဒီနေ့ ဂျက်လီဖြစ်လာဖို့ အရေးပါဆုံးဆိုမမှားဘူးဗျ။ ဆရာ့ရဲ့စကားက ကျတော်ဟာသ၊ အရံ၊ ဇာတ်ပို့ ၊ ဗီလိန်ဘယ်နေရာဖြစ်ဖြစ်သရုပ်ဆောင်ရဲဖို့ အားဖြစ်စေခဲ့တယ်။ ဟုတ်တယ်ကျတော်မင်းသားဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ကျတော့်မှာ မင်းသားဖြစ်ဖို့အချက်တွေ အစထဲကမရှိဘူး။ ဒါပေမယ့်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့တော့ ယုံကြည်မူအမြဲရှိခဲ့တယ်။”
ဂျက်လီဒုတိယကား Kids From Shoalin ကို၁၉၈၄ခုနှစ် ဇန်နဝါရီလမှာရုံတင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာ ၂၂သန်းအထိရရှိခဲ့သလို ဂျက်လီဟာလဲ ရှောင်လင်ဘုန်းကြီးတစ်ယောက်ဇာတ်ရုပ်နဲ့လူသိများခဲ့ပါတယ်။ ဒီကားအပြီးမှာတော့ဂျက်လီဟာ ရုပ်ရှင်ကား ၄ကားကိုစာချုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဒီကားတွေအပြီး The Master ကားရုံတင်အပြီးမှာတော့ အဖြူအမည်းခေတ်ကတရုတ်မှာအောင်မြင်ခဲ့တဲ့ Once Upon A Time In China ကားကြီးကိုရိုက်ဖို့လူရွေးပွဲမှာဂျက်လီကို အားလုံးကထောက်ခံခဲ့ကြပါတယ်။ ဒီအချိန်မှာတဖက်မှာလဲဂျက်ကီချမ်းက ဟာသစတန့်တွေနဲ့အာရှမှာနာမည်ကြီးနေချိန်ဂျက်လီကလဲ သိုင်းကားနယ်ပယ်မှာအာရှရဲ့ King ဖြစ်လာဖို့  OUATIC ကားကြီးကို ၁၉၉၁ ခုနှစ်မှာရုံတင်ခဲ့ပါတယ်။ အရမ်းအောင်မြင်ခဲ့သလို One Upon A Time In China ရဲ့နောက်ဆက်တွဲကားတွေကိုရိုက်ဖို့အထပါ စာချုပ်ချုပ်ခွင့်ရခဲ့ပါတော့တယ်။
OUATIC ၃ ကားအပြီးမှာတော့ ဂျက်လီကို Hollywood ထိတက်စေဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Once Upon A Time In China and America ကားကြီးပါပဲ။ အမေရိကအထိသွားရိုက်ခဲ့သလို ဟောင်ကောင်ရုပ်ရှင်ဆုတွေပါရခဲ့ပါတယ်။ ဒီကားအပြီးမှာတော့ ဂျက်လီအားကျရတဲ့မင်းသားတယောက်ဖြစ်တဲ့စတီပင်ချောင် စီစဉ်တဲ့ Hit Man ကားကိုရိုက်ခွင့်ရခဲ့ပါတော့တယ်။ ဒီကားအပြီးမှာတော့ဂျက်လီကို Hollywood ကကမ်းလှမ်းလာတဲ့ The One ကားကြီးကိုရိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။
ဒီကားဟာ ဂျက်လီအဖို့အခက်ခဲဆုံးကားတစ်ကားလို့ပြောထားသလို အောင်မြင်မူကလဲအမေရိကန်ဒေါ်လာ ၇၅သန်းနီးပါးရခဲ့တဲ့ကားကြီးပါ။ ဒီကားဟာ ဂျက်လီကို အာရှမှာရော Hollywood မှာပါထိပ်တန်းမင်းသားတစ်ယောက်ဖြစ်စေဖို့ စတင်ခဲ့ပါတော့တယ်။
” ဖြစ်ချင်တာကိုထိုင်မစောင့်နဲ့
အိမ်မက်တွေကိုအိပ်ချိန်မှာပဲမမက်နဲ့
ဖြစ်ချင်တာကိုလုပ်ရမှာပျင်းတဲ့လူ
တွေကဖြစ်သင့်တာကိုလုပ်ကြသလို
အိမ်မက်ရှိတယ်ပြောပြောနေတတ်
ပြီး အဲ့ဒီအိမ်မက်ကမနိုးရင်တော့
ကိုယ်ဘာမှဖြစ်မလာနိုင်ဘူး ”
ဂျက်လီ
ဒီကားအပြီးမှာတော့ဂျက်လီဟာ တကမ္ဘာလုံးကိုအာရှသားတယာက်ကကိုင်လှုပ်ဖို့စတင်လာခဲ့ပါတော့တယ်။ Hollywood မှာအာရှသားတွေအတွက်နေရာမပေးချင်ပေမယ့် အာရှကနေ Hollywood ကိုတက်လာတဲ့ ဂျက်ကီချမ်းလို ရှာရွှတ်ခန်းလို ဂျက်လီလိုမင်းသားတွေပေါ်ပေါက်လာခဲ့မူဒဏ်ကိုတော့ Hollywood ကမခံနိုင်ခဲ့ပါဘူး။ Hollywood မှာနေရာရလာတဲ့အချိန်ပဲရှိသေးတယ်။ Hero ကားကြီးကို ၂၀၀၂ခုနှစ်မှာရုံတင်လာခဲ့တယ်။ Hollywood ပြောသွားတယ်။ ဒေါ်လာသန်း ၁၇၇သန်းကျော်တဲ့အထိဝင်ငွေကမရပ်ဘူး။ ဒီပုပုကောင်ကဘာလဲဟပေါ့။ သန်း၃၀လောက်ရင်းပြီး အသားတင်အမြတ်သန်း၁၄၀လောက်ရသွားတယ် Heroကားက။ ထူးခြားမှုကဒီကားက Best Foreign Language Film ဆိုတဲ့ Oscar ဆုကြီးကိုရခဲ့သလို ဆုကြီး ၇ဆုအပြင် အင်္ဂလန်ကရုပ်ရှင်တက္ကသိုလ်ကြီးကနေသင်ရိုးအဖြစ်ပါယူခဲ့ပါတော့တယ်။
ဒါကအာရှရဲ့ ပထမဆုံးအနောက်တိုင်းတက္ကသိုလ်တွေကနေသင်ရိုးတောင်ယူရတဲ့အထိဖြစ်စေခဲ့တဲ့ကားပါ။ ရှာရွတ်ခန်း ဂျက်ကီချမ်းတောင်မလုပ်ပြနိုင်သေးတဲ့စံချိန်တစ်ခုကို ဂျက်လီကလုပ်ပြသွားတယ်။ဒီကားအပြီးမှာတော့ဂျက်လီကို Hollywood မင်းသားတွေနဲ့တွဲရိုက်ဖို့  Europa Crop ကနေစာချုပ်ချုပ်ခဲ့ပြန်ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာတော့ ဂျက်လီကိုလုံးဝမထင်ထားတဲ့အကွက်ကြီးနဲ့ကာရိုက်တာအဆန်းတစ်ခုနဲ့ Unleashed ကားကြီးရုံတင်လာတယ်။ မိခင်မုဒိန်းကျင့်ခံရအသတ်ခံရတဲ့ကလေးတစ်ယောက်ဟာ စိတ္တဇဖြစ်သွားပြီးအတိတ်မေ့ Fighter တစ်ကောင်အသွင်အပြင်နဲ့ခွေးတစ်ကောင်လိုသရုပ်ဆောင်ခဲ့တဲ့ကားပေါ့။
လည်ပတ်ဖြုတ်ပေးမှခိုင်းစေလို့ရသလို လူဆိုတာဘာမှန်းမသိတဲ့ Psycho သမားတစ်ယောက်ဘဝကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို ဂီတကလူအရိုင်းအစိုင်းတွေကိုတောင်ယဉ်ကျေးသွားစေတယ်ဆိုတာကို ချပြထားတဲ့ကား။ ဒီကားဟာလဲအောင်မြင်မှုကမသေးသလို ဂျက်လီရဲ့သြဇာကြီးမားမှုကိုမရပ်တန့်စေခဲ့တဲ့ကားပါ။ တစ်ကားပြီးတစ်ကားထွက်လာတယ်။ ထွက်လာတိုင်းလဲပေါ့သေးသေးတကားမှမပါဘူး။ ဂျက်လီဆိုရင်မကောင်းပါဘူးကွာလို့ပြောမယ့်သူ မရှိသလောက်ပဲ။
” အထီးကျန်တာပြသနာမဟုတ်ဘူး
အထီးကျန်တာကိုအကြောင်းပြပြီး
ဘာမှမလုပ်ချင်ရင် မင်း
အကျည်းတန်သွားလိမ့်မယ်။ ”
ဂျက်လီ
ဒီကားအပြီးမှာတော့ ဂျက်လီဟာသူ့ idol ကြီးဂျက်ကီချန်းနဲ့ရိုက်ဖို့ဖြစ်လာခဲ့တဲ့ The Forbidden Kingdom ကားကြီးကို ၂၀၀၈ခုနှစ်မှာရုံတင်လာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာသန်း ၁၅၀ကျော်ရခဲ့သလို ဒီပမာဏကမသေးလှပါဘူး။Mummy: ဒီကားကနာမည်ရမင်းသားတစ်ယောက်က ဗီလိန်လုပ်ဖို့ဆို လုပ်ချင်ကြမှာမဟုတ်ဘူး။ ဒါပေမယ့်ဂျက်လီဟာ Mummy ရဲ့ကားအဆက်တစ်ကားဖြစ်တဲ့ Tomb of the Dragon Emperro ကားကြီးမှာလူဆိုးနေရာကနေပါခဲ့ပါတယ်။ သန်း၄၀၀ကျော်ရခဲ့ပြီး ဒီကားဟာအာရှမင်းသားတွေထဲ ဝင်ငွေအမြင့်ဆုံးရကားတစ်ကားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
” ဗီလိန်နေရာကိုကျတော်ကြိုက်တယ်။ ဗီလိန်သရုပ်ဆောင်တွေကိုလဲ ကျတော်လေးစားမိတယ်။ ဘာကြောင့်လဲဆို ရုပ်ရှင်ကားတစ်ကားမှာဗီလိန်နေရာက ပညာအပေးနိုင်ဆုံးနေရာပဲ” ဒီလိုဗီလိန်တွေ သိုင်းကားတွေအက်ရှင်တွေအသတ်အပုတ်တွေချည်းရိုက်နေလို့ အငို၊ အလွမ်း၊ အဆွေး၊ မိဘသရုပ်ဖော်၊ မေတ္တာသရုပ်ဖော်နေရာရော? Ocean Heaven: သမုဒ္ဒရာထက်ကြီးတဲ့မိဘရဲ့မေတ္တာတရားကို ချပြထားတဲ့ဂျက်လီ အထိုးအသတ်တစ်ကွက်မှမပါတဲ့ အဖေတယောက်ရဲ့ဇာရုပ်။ အသည်းကင်ဆာဖြစ်နေတဲ့အဖေနေရာကနေ စိတ်မနှံ့တဲ့သားတို့ရဲ့ဘဝလောကဓံကို ထိုးသတ်ပြထားတဲ့ကားပါ။ သူသေသွားရင် စိတ်မနှံ့တဲ့သားတစ်ယောက် လောကကြီးထဲဘယ်လိုနေထိုင်မလဲဆိုတဲ့ ဖခင်တယောက်ရဲ့သားအပေါ်ချစ်တဲ့အချစ်ကို ပြသထားတဲ့ကားပါ။
ဒီကားဟာဂျက်လီကိုမထင်ထားစေတဲ့သရုပ်ဆောင်ချက်တွေမြင်ခဲ့ရသလို တော်တော်လဲခွဲထွက်ထားတဲ့ကားပါ။ ဂျက်လီကားတွေတစ်ကားချင်းပြောနေရင် ပြီးမယ်တောင်မထင်ဘူး။ The Expendables မှာလဲ Hollywood ရဲ့ဒိတ်ဒိတ်ကြဲကြီးတွေဖြစ်တဲ့ အာနိုး၊ ရမ်ဘိုတို့နဲ့ တွဲသရုပ်ဆောင်ထားတာကြည့်ရုံနဲ့ ဂျက်လီရဲ့ဖြစ်တည်မှုကိုသိနိုင်ပြီပေါ့။ နောက်လမှာထွက်မယ့် League of Gods ကားကလဲရုံမတင်ရသေးဘူး ဟောင်ကောင်မှာပွဲဆူနေပြီ။ ဂျက်ကီချန်းနဲ့ IP ma ကြီးတို့နဲ့တွဲရိုက်ထားတဲ့ကားကြီးကလဲ မကြာခင်လာတော့မယ်။ ဒါတင်မကသေးဘူး။ ၂၀၁၈မှာရိုက်မယ့် Fatherless Child ကားကလဲသန်း ၁၀၀အထိအကုန်ကျခံရိုက်ကူးနေပြီ။ xXx ရဲ့အဆက်မှာလဲ F&F ရဲ့ဂတုံးကြီး ဗင်ဒီဇယ်ရဲ့ရန်သူနေရာကနေပါဝင်လာတော့မယ်။ ဂျက်လီဆိုရင်ဘာကားဖြစ်ဖြစ်စောင့်ကြည့်ရတဲ့အထိ ဒီကျူးကျော်ရပ်ကွက်က ကလေးတစ်ယာက်ကဖြစ်စေခဲ့ပါပြီ။
ဒီလျိုလျှင်ဂျီ ဆိုတဲ့ကောင်လေးတဖြစ်လဲ ဂျက်လီဆိုတဲ့မင်းသားဟာလက်ရှိအချိန်မှာ အာရှရဲ့ထိပ်တန်းမင်းသားတယောက်ဖြစ်လာသလို Hollywood မင်းသားတွေထဲလဲ အနေအထားမသေးတဲ့မင်းသားတယောက်ဖြစ်နေပါပြီ။ ဒါတင်မကပါဘူး Asia ကိုယ်စားလှယ် WHO ရဲ့သံတမန်ဖြစ်သလို အာရှသိုင်းအဖွဲ့အစည်းရဲ့ အနောက်နိုင်ငံသံတမန်တစ်ယောက်လဲဖြစ်ပါတယ်။ ဂျက်လီ Foundation ကနေနှစ်စဉ်ပညာရေးထောက်ပံ့မှုတွေ မိဘမဲ့ကလေးများစွာကိုပါထောက်ပံ့ပေးထားခဲ့ပါပြီ။ ဂျက်လီဟာ ဗုဒ္ဓဘာသာတစ်ယောက်ပီပီ အာရှနိုင်ငံတချို့မှာသူလှူထားခဲ့တဲ့ဘုန်းကြီးကျောင်းပေါင်း ၂၀၀ကျော်အထိရှိထားသလို ဂျက်ကီချန်းလိုပဲအာရှရဲ့ထိပ်တန်းမင်းသားကြီးတယောက်ဖြစ်နေပါပြီ။
” ဘာသာတရားတိုင်းမှာ
မကောင်းတဲ့အချက်ဆိုတာ
လိုအပ်ချက်ဆိုတာမရှိဘူး
ဘာသာတရားကိုမကောင်းစေတာ
ဘာသာရေးခေါင်းဆောင်နဲ့
ဘာသာရေးဗန်းပြလူတချို့ကြောင့်ပဲ”
ဂျက်လီ
“ကျတော်တို့ရဲ့ ကံတွေကပဲ ကျတော်တို့လူသားတွေကိုဆုံးဖြတ်ပေးတာပါ
Our actions determine
Our distiny ‘”
ဂျက်လီ
တစ်ချိန်က ကျူးကျော်ရပ်ကွက်ကမုဆိုးမရဲ့သားတစ်ယောက် မောင်နှမတွေအတွက် ကိုယ့်ဘဝကိုအနစ်မွန်းခံပံ့ပိုးပေးခဲ့တဲ့ကောင်လေးတစ်ယောက် ဘုန်းကြီးကျောင်း သိုင်းသင်တန်းကနေမအူမလည်နဲ့မင်းသားဖြစ်ချင်လို့မိုက်မိုက်ကမ်း
ကမ်းနဲ့ မြို့ပေါ်ကလူလည်တွေကြား တက်လာခဲ့တဲ့လူငယ်တစ်ယောက်က လက်ရှိမှာကမ္ဘာ့သြဇာအရှိဆုံး ၂၁ရာစု သရုပ်ဆောင်မင်းသား ၁၀၀ထဲပါသွားခဲ့ပါပြီ။ သုညကစပေမယ့် လက်ရှိမှာတော့ဂျက်လီဟာ တန်ဖိုးကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။
Recommended for you - အသက်ကြီးသူများ ဘဝမှာဘာကို နောင်တအရဆုံးလဲ
Recommended for you - ကျောင်းသားနှစ်ထောင်ကျော်သာ လက်ခံမည့် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသုံးထောင်ကျော်ရှိ
Credit; Chan Maye Aung