တက္ကသိုလ်ဝင်တန်းအောင်ပြီးသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါ မိမိအမှန်တကယ် တက်ရောက်လိုတဲ့တက္ကသိုလ်ကိုသာ ရွေးချယ်လျှောက်ထားသင့်တယ်လို့ ပညာရေးကျွမ်းကျင်သူအချို့က ဆိုပါတယ်။
၂၀၁၇ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွေကို လာမယ့်ဩဂုတ်လဆန်း ပိုင်းမှာ စတင်ထုတ်ပေးမယ်လို့ သိရပါတယ်။
“ကျောင်းသားတစ်ယောက်က ဥပမာဆေးတက္ကသိုလ်တက်ချင်တယ်၊ သူက ဦးစားပေးနံပါတ်တစ်မှာ ဆေးတက္ကသိုလ်မကွေးလို့ ထည့်ထားတယ်၊ အဲဒီမှာ မရလို့ တောင်ကြီး မှာ ရလို့ ချပေးချင်ပေမဲ့ သူလျှောက်တဲ့ ဦးစားပေးတွေထဲမှာ တောင်ကြီးလို့ ထည့်မလျှောက်ထား ရင် အမှတ် ဘယ်လောက်မီမီ ဆရာတို့က ချမပေးဘူး၊ သူလျှောက်တဲ့ ဦးစားပေး အစဉ် အတိုင်းပဲ စဉ်းစားပေးတယ်”လို့ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှာ ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိအရာရှိတစ်ဦးက ပြောကြားထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာဖော်ပြထားပါသည်။
တက္ကသိုလ်တွေကို ကျောင်းသားတွေ ဘယ်လောက်လျှောက်သလဲ၊ လာလျှောက်တဲ့ကျောင်းသားတွေ အမှတ်ဘယ်လောက်များသလဲဆို တဲ့အပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်အမှတ်တွေကွာသွားတာပါ။ ကြိုတင်သတ်မှတ်ထားတာမျိုးမရှိပါဘူးလို့ အဆင့်မြင့်ပညာဦးစီးဌာနက အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဝင်ခွင့်လမ်းညွှန် စာအုပ်ကို သေချာဖတ်ရှုဖို့လိုပါတယ်။ ထိုမှသာ လျှောက်လွှာတင်သွင်းတဲ့အခါ အခက်အခဲမရှိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယခုပညာသင်နှစ်မှာ ဝင်ခွင့် မလျှောက်သူတွေက နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်းကျောင်းသားအဖြစ် တက်ရောက်ခွင့် မပြုဘူးလို့ သိရပါတယ်။ နှစ်စဉ်နိုဝင်ဘာလအတွင်းမှာ သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီ ကောလိပ်တွေကနေ ဝင်ခွင့်ရရှိတဲ့ တက္ကသိုလ်စာရင်းတွေကို ထုတ်ပြန်ပေးသွားပါမည်။