×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 23 November 2020

Gen Y တွေထက်သာလွန်တဲ့အခွင့်အရေးတွေ ပြည့်စုံနေတဲ့ Gen Z တို့အတွက် ပညာရေးအခွင့်အရေး(၃)ချက်

Gen Y တွေထက်သာလွန်တဲ့အခွင့်အရေးတွေ ပြည့်စုံနေတဲ့ Gen Z တို့အတွက် ပညာရေးအခွင့်အရေး(၃)ချက်

 

ပထမဆုံးအနေနဲ့ စာဖတ်ပရိသတ်ကြီးကို Gen Y နဲ့ Gen Z အကြောင်းလေး မျှဝေ‌ပေးပါ့မယ်။ ပညာရှင်တွေက ကမ္ဘာ့မျိုးဆက်ကြီး ၆ ဆက် ရှိတယ်လို့ ပြောကြပါတယ် ။ အဲဒီ့ မျိုးဆက် (၆) ဆက် ကတော့ - 

(1) ( 1910 – 1924 ) အတွင်းမှာမွေးတဲ့ မျိုးဆက် - The Greatest Generation
(2) သူတို့က မွေးဖွားလာတဲ့ ( 1925 – 1945 ) မျိုးဆက် - The Silent Generation
(3) ဒုတိယကမ္ဘာစစ်ကြီး အပြီးမွေးတဲ့ မျိုးဆက် ( 1946 – 1964 )- Baby Boomer
(4) Baby Boomer တွေဆီကနေ ဆင်းသက်လာတဲ့ မျိုးဆက် - Gen X ( 1965 - 1980 )
(5) Gen X က မွေးဖွားလာတဲ့မျိုးဆက် - Gen Y ( 1981 - 1995 )
(6) Gen Y တွေဆီက သက်ဆင်းလာတဲ့ မျိုးဆက်- Gen Z ( 1995 - 2010 )

Gen Y , Gen Z ဆိုတာကတော့ Generation သတ်မှတ်ချက်တွေ ကို‌ ခေါ်တာပါ။

 

မျိုးဆက်တစ်ခုနဲ့တစ်ခုကြားမှာ မတူညီတဲ့ပြောင်းလဲခြင်းတွေ အများကြီး ရှိတာ အားလုံးလည်း သိထားပြီးသားပါ။ ဒါပေမဲ့ ဒီနေ့ မှာ Digital Pioneer တွေဖြစ်တဲ့ Gen-Z တွေကတော့ အရှေ့ က ဘိုးဘေးဘီဘင်တွေထက် ပိုကောင်းတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်လာကြပါတယ် ။

 

ဒီတော့ Gen Z တွေ ပိုင်ဆိုင်လာကြတဲ့ အခွင့်အရေးတွေက ဘာလဲ ??
ပြောရမယ်ဆိုရင်တော့ မရေမတွက်နိုင်အောင်များတာမို့ ပညာရေးနယ်ပယ် က အခွင့်အရေး ၃ ချက်ကို ပြောပြပေးပါရစေ ။

 

1. ဘယ်နေရာ ဘယ်အချိန်မှာ မဆို သင်ယူနိုင်ပါတယ်
ဒါက မြန်မာနိုင်ငံအခြေအနေနဲ့ ကြည့်မယ်ဆိုခုလို Covid ကာလမှာ ပိုသိသာလာတာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျောင်းတွေ ၊ သင်တန်းတွေ မဖွင့်တော့တဲ့ အခါ သင်ယူလိုစိတ်ရှိတဲ့ လူငယ်တွေက ဒီတိုင်းနေပါသလား။ မနေကြပါဘူး သူတို့ သင်ယူနိုင်တဲ့ အခွင့်အရေးတွေကို ရှာဖွေလာကြပါတယ်။
Gen Z တွေအတွက် သူတို့သင်လိုတဲ့ အကြောင်းအရာ အားလုံး ကို နေရာတစ်ခုတည်း က အလွယ်တကူ သင်ယူနိုင်ပါတယ်။
အဲ့ နေရာတစ်ခု က Social Media လို့ ခေါ်တဲ့ လူမှုကွန်ရက်ပါ ။ ဒါဟာ Gen Z တွေပဲ ရတဲ့ မဟာအခွင့်အရေးကြီးပါ ။ ခေတ်ရဲ့ တိုးတက်မှုတစ်ခုပေါ့။

Gen Y တွေ တွေ့ကြုံခဲ့ရတဲ့ Crisis တစ်ခုနဲ့နှိုင်းယှဉ်ကြည့်ရင် ပိုသိသာပါတယ် ။အားလုံးသိတဲ့အတိုင်း ၈၈ တုန်းက လူငယ်တွေက ခု Gen Z တွေရရှိတဲ့ အခွင့်အရေးတွေမရရှိခဲ့ပါဘူး ။ အဲ့ကာလကဆို ပညာရေးနယ်ပယ်မှာ ဆုတ်ယုတ်မှုတွေ သိပ်များခဲ့ပါတယ်။ စာသင်သားအများစုဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဒီ ပညာရေးနယ်ပယ်ကနေ ဘေးရောက်ခဲ့ကြရတယ်။ ဘာလို့လဲ ဆို ခုလို အိမ်က သင်ယူနိုင်တဲ့ အထောက်အပံ့ကောင်းတွေ မရှိလို့ပါ ။


2. ငွေကုန်ကြေးကျ ပို သက်သာလာပါတယ်။
အရင်က ဘာလေးပဲ တတ်ချင် တတ်ချင် သင်တန်းပြေးတက်ရပါတယ် ။
ခု Gen Z တွေ က တော့ ဘာလေးတတ်ချင် တတ်ချင် Mobile data လေးဖွင့်ကြပါတယ် ။
အရင်Telephone Operator တွေကို ပိုက်ဆံ ပေးပြီး လိုင်းသုံးရတဲ့ အချိန်တုန်းကတောင် ခုလောက်ထိ Social Network က ပညာရေးကို အထောက်အကူပြုတာကို မသိကြပါဘူး ။ ခုဆို Wifi Evolution ကောင်းလာတဲ့အခါ ပညာရေးအတွက် ဒီ လူမှုကွန်ရက်က တကယ် အသုံးဝင်တာက ပိုသိသာလာပါတယ်။

 

ဥပမာ - Business Management အကြောင်းသင်ချင်တယ် ဆိုပါစို့။
Gen Y ဖြစ်ခဲ့မယ်ဆိုရင် သင်က စီးပွားစီမံဆိုတဲ့ ဘာသာရပ်ကို သင်ဖို့ သင်တန်းတက်ရမှာပါ ။ သင်တန်းတက်ပြီဆိုရင် ပိုက်ဆံ စကုန်ပါပြီ။

Gen Z ဖြစ်ခဲ့မယ်ဆိုရင် စီးပွားစီမံဆိုတဲ့ဘာသာရပ်ကို သင်ပေးတဲ့ Free Certificate Learning Platform တွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် Youtube Video တွေ ၊ E-book တွေကနေလည်း တတ်ချင်တဲ့ ဘာသာရပ် ကို လေ့လာနိုင်ပါတယ် ။

ဆိုတော့ Gen Z တွေ က Certificate တစ်ခုအတွက် ငွေ အများကြီးအကုန်ကျခံ ဖို့ မလိုတော့ဘဲ ကိုယ်တိုင် သင်ယူနိုင်တဲ့ အခွင့်အရေး တစ်ခုကို ရရှိလာကြပါတယ် ။

 

3. နိုင်ငံခြားပညာသင်ဆု တွေ က Gen Z တို့ရဲ့ လက်တစ်ကမ်းမှာပါ။
ခုလို ကမ္ဘာကြီးက ရွာတစ်ရွာဖြစ်လာတဲ့ ခေတ်မှာ နိုင်ငံခြားပညာသင်သွားတယ်ဆိုတာ အရင်လို လူတစ်စုအတွက်ပဲ သီးသန့်မဟုတ်တော့ပါဘူး။

ကြိုးစားတဲ့ဘယ်သူမဆို ဒီ အခွင့်အရေးကို ရရှိလာနိုင်ပြီဖြစ်ပါတယ်။

 

လူငယ်တွေ ကို မြေတောင်မြှောက်ပေးလိုတဲ့ အဖွဲ့အစည်းတွေ ၊ နိုင်ငံခြားပညာသင်ဆုနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အစဉ်မပြတ် မျှဝေပေးနေတဲ့ အဖွဲ့အစည်းတွေ ဟာ Gen Z တို့ရဲ့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။

ဒီတော့ ကြိုးစားတဲ့ Gen Z တိုင်းအတွက် ကောင်းမွန်တဲ့ အနာဂတ် က လက်ကမ်းကြိုနှင့်ပြီးသား ဖြစ်ပါတယ် ။

 

ဒါပေမဲ့ တိုးတက်လာတဲ့ စနစ်တွေ နဲ့ အတူ Gen Z အများစု ဟာ Virtual World မှာ ပျော်မွေ့နေကြပါတယ် ။ သူများတွေနဲ့ မတူတဲ့ အခွင့်အရေးတွေနဲ့ အနီးဆုံးမှာ ရှင်သန်ခွင့်တဲ့ Gen Zတို့ က မိမိတို့ ရရှိမဲ့ အခွင့်အရေး ကို အမိအရ ဆုပ်ကိုင်တတ်ဖို့ လိုပါတယ် ။

ဒါဆို ဘာကိုစောင့်နေဦးမှာလဲ ။ ခုပဲ Gen Z တစ်ယောက်ရဲ့ အခွင့်အရေးတွေကို ဆုပ်ကိုင်အသုံးပြုဖို့စတင်လိုက်ပါလို့ အကြံပြုပါရစေ။

 

 





 



 


 



 



 



 


 

 



 



Read times
Rate this articles
(0 votes)