×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 13 January 2022

ဆရာမင်းခိုက်စိုးစံရေးတဲ့ "ကျွန်တော်တို့ဘဝမှာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်?"

ဆရာမင်းခိုက်စိုးစံရေးတဲ့ "ကျွန်တော်တို့ဘဝမှာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်?"

တစ်ခါတုန်းက …
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ် …

 

ဒါပေမယ့် …
ခက်တာက သူ့တို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး … ဒါကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင် ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ …

 

တစ်နေ့လည်းမဟုတ် … နှစ်နေ့လည်းမဟုတ် … နေ့တိုင်းနေ့တိုင်း … မနက်စာတောင်းလိုက် … ညစာတောင်းလိုက်နဲ့ဆိုတော့
ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်

“ ခင်ဗျားတို့ကလည်းဗျာ … တစ်သတ်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား … ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှပေါ့ ” လူတွေကပြောကြတဲ့အခါ …

 

သိပ္ပံပညာရှင်တွေက …“ ချက်တော့ စားချင်ပါတယ်ဗျာ … ဒါပေမယ့် မီးဖိုချောင်မရှိလို့ပါ ”

“ မီးဖိုမရှိရင် ဝယ်ပေါ့ဗျာ … ဒါမှမဟုတ် … ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား” လူတွေကအကြံပေးကြသတဲ့ …

 

ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ… “ငါတို့အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်တယ် …

 

ဒါဖြင့် ဘယ်လိုလုပ်မလဲ … စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ်ပေါ့…
ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ် …

 

မီးဖိုကြီးမပြီးခင်မှာပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ် …
“ကျုပ်တို့လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား” . . . .
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေတပ်ဖြစ်သွားတယ် …

 

အဲဒီမှာတင် နောက်တစ်ယောက်က..
“ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့ … ပင်ပန်းပါတယ် … မောင်းပြီး ယူသွားလို့ ရအောင် … မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ … မီးဖိုမှာ အင်ဂျင်တွေ စက်တွေတပ်ဆင်လိုက်ကြတယ် …

 

တတိယ သိပ္ပံပညာရှင်က…
“ စက်လည်းတပ်ပြီးပြီ … ဘီးတွေလည်း ရှိပြီ … မောင်းလို့လည်း ရနေပြီဆိုတော့ … တစ်ခါတည်း လူတွေပါလိုက်စီးလို့ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ် …
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးဖြစ်သွားရော …

 

သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတစ်ယေက်က… အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး … …
“အို… အံ့မခန်းလက်ရာပဲ” လို့ ချီးကျူးတယ် …
အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့ …

ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ် … ချီးမွမ်းသံတွေကြားလေလေ … သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ …သူတို့လက်စွမ်းကို ပြချင် လာလေလေပေါ့ …

 

ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ …
နောက်တွဲတပ်ပြီး ရေချိုးခန်း … ဧည့်ခန်းတွေ … အိမ်သာတွေကိုပါ … အလိုအလျောက်စနစ်နဲ့ဖွဲ့စည်းပြောင်းလဲလို့ရအောင်တပ်ဆင်လိုက်တယ် …

 

နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့ … မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ် …

ဒါအပြင် မီးဖိုကြီးဟာ မိုးလေဝသ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ် …

 

တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ် … သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ …

မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက …မွေးနေ့သက္ကရာဇ်ကိုစာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်… တဲ့ …

လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ် …

 

နောက်ဆုံးတော့ … မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ် … ကမ္ဘာပေါ်မှာအထူးခြားအဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ …

 

ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ် …

 

အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး … တဲ့

 

သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေဟင်းတွေ လိုက်တောင်းစားနေရတာပါပဲတဲ့ …

 

ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒါပါပဲ …

.......... .......... .......... ..........
ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ် …
“ ဘဝမှာ ကျွန်တော်တို့ဟာ …ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….” လို့ …

 

ကျွန်တော်လည်း စဉ်းစားမိတယ် …
အချစ်ကို လိုချင်ပါတယ် ဆိုပြီး ချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ပါသလား …
ချစ်ခြင်းမေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ပါသလား …

 

အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး အောင်မြင်မှုနောက်ကိုလျှောက်လှမ်းခဲ့ပါသလား …
အောင်မြင်မှုအတွက် လို့ ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ခဲ့ပါသလား … !

 

ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား …
ကျေးဇူးပါပဲ စကားကိုထည်လဲသုံးပြီး တစ်ရစ်ပြီးတစ်ရစ် စားသုံးခြင်းသာပြုခဲ့ပါသလား …

 

ကျွန်တော်တို့တစ်တွေ တစ်ခုခုတော့လုပ်တော့လုပ်နေကြတာပါပဲ …
(ဘာတွေမှန်းသာမသိတာ) ပုံပြင်ထဲက သိပ္ပံပညာရှင်ကြီးတွေလို နားရတယ်လို့မရှိဘူး …


… တကုပ်ကုပ်နဲ့ လုပ်နေရတယ် …

… တည်ဆောက်ရင်း …
… ဆက်ပြီး တည်ဆောက်ရင်း …
… ဘေးနားက မြှောက်ပြောတဲ့အခါ … ခြောက်ပြောတဲ့အခါ …
… အပိုစာသားတွေ ထပ်ကာ ထပ်ကာ ထည့်ရင်း …

 

ကျွန်တော်တို့ …… တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ရနေပြီလား … !

… ဒါမှမဟုတ်ခဲ့ရင် … … ဘဝမှာ …
… ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့် …

Read times
Rate this articles
(0 votes)